CNG သဘာဝဓာတ်ငွေ့ ဈေးနှုန်းအပြောင်းအလဲ ရှိမည်ဆိုသော သတင်းများ ဖြစ်ပေါ်နေသည့်အတွက် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်ပိုင်ရှင် တချို့နှင့် ယာဉ်မောင်းတချို့က CNG ဈေးတက်၍ ၎င်းတို့ ဝင်ငွေလျော့ကျလာပါက ဆန္ဒထုတ်ဖော်သည်အထိ ပြုလုပ်သွားမည်ဟု ပြောကြသည်။
လက်ရှိ ဈေးနှုန်းသည် ပြည်သူများ သက်သာချောင်ချိမှုကို အထောက်အကူ ပေးနိုင်ခြင်းမရှိဘဲ ယာဉ်ပိုင်ရှင်လူနည်းစုကိုသာ အကျိုးရှိစေသောကြောင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းကို ပြင်ဆင် ရောင်းချမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အငှားယာဉ်များတွင် CNG ပြောင်းလဲတပ်ဆင်ရန် အစိုးရက စတင်လုပ်ဆောင်ခဲ့စဉ်က CNG မပြောင်းလျှင် လိုင်စင်သက်တမ်း တိုးမပေးသည့် အတွက်ကြောင့် မဖြစ်မနေ ပြောင်းခဲ့ကြရာတွင် ယာဉ်ပိုင်ရှင်များ ငွေကြေးများစွာ ကုန်ကျခဲ့ရပြီး ယခုနောက်ပိုင်း တင်သွင်းလာသော ကားအသစ်များကို CNG ပြောင်းသည့် အခါတွင်လည်း ငွေကုန်ကြေးကျ များခဲ့ရကြောင်းနှင့် ဓာတ်ငွေ့ ဈေးတက် သွားလျှင်လည်း အုံနာကြေးလျှော့ယူရမည် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် နစ်နာဆုံးရှုံးမှု ပိုများလာလိမ့်မည်ဟု အငှားယာဉ်နှင့် ကုန်တင် အငှားယာဉ်ပိုင်ရှင် ဦးလှထူးက ဧရာဝတီသို့ ပြောသည်။
CNG ဓာတ်ငွေ့ ဈေးနှုန်းမြင့်တက် သွားမည်ဆိုလျှင် ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ဦးစွာလက်တွေ့ခံစားရမည့်သူမှာ ခရီးသွား ပြည်သူများပင်ဖြစ်ကြောင်း၊ အုံနာကြေးများမှာမူ ကျပ် ၃၀၀၀ ခန့် ကျဆင်းသွားဖွယ်ရှိကြောင်း သူက ဆိုသည်။
“စွမ်းအင်က CNG ပြောင်းခိုင်းချိန်က ကားလေးကို ကျပ် ၁၅ သိန်း၊ ကားကြီးကို ကျပ် ၂၅ သိန်းလောက် အကုန်ခံခဲ့ရတယ်။ ကားပြောင်းခဲ့တော့လည်း ပြန်တပ်တဲ့အခါမှာ ကားလေးတွေပဲပေးတော့ ကုန်ကားတွေမှာ တော်တော်နစ်နာခဲ့ပြီးပြီ။ ဒီတခါ CNG ဈေး ထပ်တက်ပြန်မယ်ဆိုရင်တော့ ကျနော်တို့က အခါခါနာရတဲ့ ဘဝကိုရောက်တော့မယ်” ဟု ၎င်းက ဆက်ပြောသည်။
CNG တပ်ဆင်ပြီးသား ကုန်ကားများကို ဒီဇယ်အင်ဂျင် ပြန်ပြောင်းပါကလည်း ကျပ်သိန်း ၂၀ ကျော် ထပ်မံကုန်ကျရမည် ဖြစ်သောကြောင့် CNG ဈေးနှုန်း လုံးဝမြင့်မတက်လာစေချင်ကြောင်း ဦးလှထူးက ဆိုသည်။
CNG မော်တော်ယာဉ်သစ်များကို တင်သွင်းခွင့်ရရှိကြသူများမှာ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီကြီးများသာဖြစ်ပြီး အရပ်သားများ တင်သွင်းခွင့် မရကြကြောင်း၊ ဓာတ်ဆီကားသစ်များ၏ ကာလပေါက်ဈေးမှာ ကျပ်သိန်း ၈၀၊ ၉၀ ဝန်း ကျင်သာရှိပြီး AA/ BB နံပါတ်တပ် CNG ကားသစ်များမှာ ကျပ်သိန်း ၁၉၀ ဝန်းကျင် ဈေးပေါက်သောကြောင့် အရင်းအနှီး များကြောင်း အငှားယာဉ်ပိုင်ရှင် ဦးညီညီအေးက ဧရာဝတီသို့ ပြောသည်။
CNG သုံး ယာဉ်များသည် ဓာတ်ဆီ၊ ဒီဇယ်သုံးယာဉ်များထက် ပျက်စီးလွယ်ပြီး ပြင်ဆင်မှု အပိုင်းတွင်လည်း ကုန်ကျစရိတ် ပိုများကြောင်း သိရသည်။
CNG ဈေးနှုန်းများ မြင့်တက်သွားမည်ဆိုလျှင် ခရီးသွားများ၊ ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ အားလုံးအတွက် အဆင် မပြေမှုများ ကြုံတွေ့လာမည် ဖြစ်သည့်အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ကြရန်အထိ စဉ်းစားထားကြကြောင်း ဦးညီညီအေးက ပြောသည်။
“အခုရန်ကုန်မှာက အငှားယာဉ်တွေကလည်းများ၊ ကားလမ်းတွေကလည်း ပိတ်နေတဲ့အချိန် အငှားယာဉ်မောင်းတွေမှာ အုံ နာခ ကာမိအောင် မနည်းကြိုးစား မောင်းနေရတဲ့အချိန်မှာ အခုလို CNG ဈေးတက်မယ်ဆိုရင် ကျနော်တို့ မောင်းစားဖို့တောင် မကောင်းတော့ဘူး” ဟု အုံနာကြေးဖြင့် အငှားယာဉ်မောင်းနေသူ ကိုသော်ဇင်ကလည်း ဆိုသည်။
လက်ရှိ CNG ဓာတ်ငွေ့ဈေးနှုန်းမှာ ၇၀ လီတာအိုး တလုံးလျှင် ကျပ် ၂၈၀၀ မျှကျသင့်ပြီး CNG ဓာတ်ငွေ့သုံး အငှားယာဉ် တစီး၏ အုံနာကြေးမှာ နေ့၊ ည နှစ်ယောက် မောင်းသော ကားများအတွက် ကျပ် ၁၂၀၀၀ ဝန်းကျင် ဈေးပေါက်ပြီး တဦးတည်း မောင်းသည့်ကားများဆိုလျှင် ကျပ် ၁ သောင်းခွဲဝန်းကျင် ရှိကြောင်း သိရသည်။
CNG ဈေးနှုန်း ပြင်ဆင်သတ်မှတ်ရာတွင် ပထမအဆင့်အနေဖြင့် အငှားယာဉ်များအတွက် သင့်တင့်မျှတသော ဈေးနှုန်းသစ်ဖြင့် မကြာမီ ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် ဈေးနှုန်း ပြောင်းလဲရောင်းချပြီး ရရှိလာသော ဝင်ငွေကို နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ၊ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများတွင် သုံးစွဲခြင်းဖြင့် ပြည်သူများ ပိုမိုအကျိုးရှိလာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။