ထိုင်းနိုင်ငံတွင် ရှေ့နှစ် ပြုလုပ်ရန်ရှိသည့် အမေရိကန်- ထိုင်း Cobra-Gold ပူးတွဲ စစ်ရေး လေ့ ကျင့်မှုတွင် လေ့လာသူအဖြစ် မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ ပထမဆုံး အကြိမ် ပါဝင်မည်ဖြစ်သည်။
ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော် ပြရာ အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားအနေဖြင့် လွန်ခဲ့သည့် သတင်းပတ်က နောက်ထပ် သမ္မတ သက် တမ်း ၄ နှစ် အတွက် ထပ်မံရွေးချယ်ခံရအပြီး ယခုကဲ့သို့ မြန်မာကို စစ်ရေးလေ့ကျင့်မှုတွင် ဖိတ်ကြားရန် ထိုကဲ့သို့ ဆုံး ဖြတ်လိုက်ခြင်းဟု ဆိုသည်။
အိုဘားမားကလည်း ယခုလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီးအဖြစ် လာရောက် မည်ဖြစ်သည်။
ထိုင်း ကာကွယ်ရေးဝန်ကြီး မစ္စတာ Sukumpol Suwanatat မြန်မာနိုင်ငံသို့ သွားခဲ့စဉ်က Cobra Gold အစီအစဉ်တွင် မြန်မာနိုင်ငံက ပါဝင်လိုကြောင်း၊ မြန်မာ ပါဝင်နိုင်ရန် ထိုင်းနိုင်ငံ၏ အကူအညီ ရယူလိုကြောင်း၊ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံစဉ် ပြောဆိုခြင်းဖြစ်သည်။
ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး Thanathip Sawangsang ကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို အသိအမှတ်ပြု တုံ့ပြန်သည့် အနေဖြင့် နောက်တကြီမ် လုပ်မည့် Cobra- Gold စစ်ရေး လေ့ ကျင့်မှုတွင် မြန်မာနိုင်ငံအား ဖိတ်ကြားရန် အမေရိကန်ဘက်က အစီအစဉ်ရှိကြောင်း ယခင်လက ပြောခဲ့သည်။
Cobra Gold အစီအစဉ်တွင် လေ့လာ့သူအဖြစ် အဆင့် ၂ မျိုးရှိရာ ပထမ အဆင့်အနေဖြင့် နိုင်ငံစုံ အစီအမံများဖြင့် ပူး တွဲစစ်ရေးလေ့ကျင့်မှု အစုအဖွဲ့များ (multinational planning augmentation teams) တွင် စင်ကာပူ၊ ဂျပန်၊ တောင် ကိုရီယား၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ပါဝင်သည်။
ဒုတိယ အဆင့်မျိုးတွင် မဟာမိတ် လေ့လာသူဆက်ဆံရေး အစုအဖွဲ့များ (coalition observer liaison teams) ဟု ခေါ်ပြီး ဘရူးနိုင်း၊ တရုတ်၊ နယ်သာလန်၊ လာအို၊ နယူးဇီလန်၊ ရုရှား၊ တောင်အာဖရိက၊ သီရိလင်္ကာနှင့် အာရပ်စော်ဘွားများ နိုင်ငံ (U.A.E) တို့ပါဝင်သည်။
မြန်မာနိုင်ငံအနေဖြင့် ဒုတိယ အမျိုးအစား လေ့လာသူအဖြစ် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးမှု၊ သဘာ၀ ဘေးအန္တရာယ် ကျရောက်လာသည့်အခါ ကယ်ဆယ်ရေး၊ စစ် ဘက်၊ ဆေးဘက် ပူးပေါင်း ကယ်ဆယ်ရေး လုပ်ငန်းများဆိုင်ရာ လေ့လာသည့် အပိုင်းတွင် ဖြစ်သည်။
လာမည့် Cobra-Gold စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၃ ရက် နေ့ အထိ ကျင်းပသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ကာကွယ်ရေးဆိုင်ရာ နည်းပညာ အကူအညီများ ရယူသွားရန် စဉ်းစားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း နေပြည်တော်တွင် အောက်တိုဘာ ၂၁ ရက် က ပထမဆုံး အကြိမ်ပြုလုပ်ခဲ့သည့် ပြည်တွင်း သတင်း မီဒီယာများနှင့်တွေ့ဆုံ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီက မေးမြန်းမှုကို ဖြေကြားခဲ့သည်။
“စစ်ရေး အကူအညီဆိုတာ လောလောဆယ်တော့ မလိုပါဘူး။ ဘယ်နိုင်ငံကိုမှ ကျနော်တို့က ရန်ပြုနေတာမှ မရှိတာ။ အမေရိကန် စစ်ရေး အကူညီ ဆိုတာ မလိုသေးဘူး။ သို့သော်လည်းပဲ နည်းပညာ အကူအညီပိုင်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ ဘာတွေလွှတ်ဖို့ ပြုဖို့ စဉ်းစားနေတယ်။ ဟိုတုန်းကဆိုရင် အရာရှိသင်တန်းတွေ အမေရိကန်က လက်ခံ ပေးတာတွေရှိပါတယ်” ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။
လွန်ခဲ့သည့် စစ်အစိုးရများကမူ ထိုင်းနိုင်ငံတွင် ကျင်းပလေ့ရှိသည့် အဆိုပါ Cobra-Gold ပူးတွဲ စစ်ရေး လေ့ ကျင့်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုဟု ရှုမြင်ခဲ့သည်။
အမေရိကန် ပြည်ထောင်စုနှင့် မိတ်ဆွေ နိုင်ငံများအဖြစ် ထိုင်းနိုင်ငံ၊ အင်ဒို နီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနှင့် တောင် ကိုရီယား စသည့် အဖွဲ့ဝင် နိုင်ငံပေါင်း ၂၀ တို့မှ စုစုပေါင်း စစ်သား အင်အား ၁၃၀၀၀ ကျော်တို့ စုစည်းကာ ပူးပေါင်းစစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်မှုကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ က ၃၁ ကြိမ်မြောက် Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ထိုင်း နိုင်ငံတွင် ကျင်းပခဲ့သည်။