မြန်မာနိုင်ငံတွင် အစိုးရဝန်ကြီးဌာနများ၊ လမ်းတံတားနှင့် မြို့ပြကျွမ်းကျင်ပညာရှင်များ၊ မော်တော်ယာဉ် ထုတ်လုပ်တင်သွင်း ရောင်းချသူများ အပါအဝင် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များဖြင့် မော်တော်ကား မူဝါဒသစ်တခုကို မကြာမီ စတင် ရေးဆွဲတော့မည် ဖြစ်ကြောင်း သိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး မော်တော်ယာဉ် ထုတ်တင်သွင်းရောင်းချသော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေကြီး အစိုးရ ဝန်ကြီးဌာနများ အပါအဝင် နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်ပြီး ယင်း ကားမူဝါဒရေးဆွဲပြီးပါက မော်တော်ကား တင်သွင်းမှု၊ ထုတ်လုပ်မှုများ၊ ရောင်းဝယ်မှုများကို ယင်းမူဝါဖြင့်ပင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ကားမူဝါဒသစ် ရေးဆွဲမည် ဖြစ်သော်လည်း လက်ရှိတွင် မော်တော်ကား တင်သွင်းမှုများကို တစုံတရာ ပိတ်ပင်ရန်မရှိဘဲ ဆက်လက် ခွင့်ပြုထားဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
“နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူ့နိုင်ငံရဲ့ အခြေအနေနဲ့လိုက်ပြီး မော်တော်ကား ပေါ်လစီဆိုတာ ရှိတယ်။ ကျနော်တို့ ဆီမှာ မရှိသေးဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင် ရန်ကုန်က ကားအများဆုံးသုံးတယ်။ ကားပေါ်လစီက သူ့နေရာ သူ့ဒေသနဲ့ လိုက်ပြီး ရေးဆွဲတာမျိုးပေါ့။ ဂျပန်မှာဆိုရင် တိုကျိုမြို့နဲ့ ပတ်သက်တဲ့ ကားပေါ်လစီက တမျိုး၊ အခြားမြို့တွေနဲ့ မတူဘူး။ မြို့အခြေအနေ၊ လမ်းအခြေအနေကိုလိုက်ပြီး ပေါ်လစီအမျိုးမျိုးရှိတယ်။ ဒီမှာလည်း အဲလိုမျိုး ဘက်ပေါင်းစုံက ပါဝင်ဆွေးနွေးညှိုနှိုင်းလို့ရတဲ့ ကားပေါ်လစီတခု ရေးဖို့ ပြင်ဆင်နေတယ်။ ပေါ်လစီရေးမယ် ဆိုပေမယ့် ကားတင်သွင်းတာ တွေပိတ်ပင်တာမျိုးမရှိပါဘူး” ဟု ဦးတိုးအောင်မြင့်က ရှင်းပြသည်။
ကားမူဝါဒသစ် ရေးဆွဲပြီးစီးမည့် အချိန်အတိုင်းအတာကို မသိရှိသေးသော်လည်း မော်တော်ကား ထုတ်လုပ်တင်သွင်းသူ၊ ဝယ်ယူသုံးစွဲသူများ အဆင်ပြေစေရေး၊ မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီရေး၊ အစိုးရဝန်ကြီးဌာန၏ မူဝါဒများနှင့် သင့်တော်ကိုက်ညီရေးတို့ကို ထည့်သွင်းစဉ်းစား ရေးဆွဲသွားရန်ရှိသည်ဟု သိရှိရသည်။
“မူဝါဒတရပ် အချိန်တိုတိုနဲ့ ချက်ချင်းချရေး၊ ပြီးတော့ ပြန်ပြင် အဲလိုမျိုးမဖြစ်အောင် ဘက်ပေါင်းစုံပါဝင်ပြီး သင့်တဲ့မျှတဲ့ မူဝါဒဖြစ်အောင် ရေးဆွဲသွားမယ်” ၎င်းက ရှင်းပြသည်။
မော်တော်ယာဉ် တင်သွင်းရောင်းချလျက်ရှိသော လုပ်ငန်းရှင်တဦးဖြစ်သူ Farmer Auto မှ ဒေါက်တာ စိုးထွန်းက မော်တော်ကားမူဝါဒသစ် ရေးဆွဲမည့်အပေါ် ကြိုဆိုလိုက်ပြီး သင့်တင့်မျှတ အများလက်ခံသော မူဝါဒသစ်ဖြစ်လျှင် ပြုပြင်ရန် မလိုဘဲ ရေရှည်တည်တံ့မည်ဟု သုံးသပ်ပြောဆိုသည်။
“မူဝါဒဆိုတာ ရှိသင့်တယ်။ ပေါ်လစီမရှိဘဲနဲ့ အမျိုးမျိုး ပြောင်းလဲလုပ်ကိုင်နေရင် အလုပ်လုပ်တဲ့ သူတွေအတွက်လည်း ခက်တယ်။ သွင်းတဲ့သူတွေအတွက်လည်း ခက်တယ်။ ဖြစ်သင့်တဲ့ကိစ္စပဲ။ ဆွဲတဲ့နေရာမှာတော့ ဘက်ပေါင်းစုံက လူတွေ ထည့်နိုင်ရင် ပိုကောင်းတယ်။ တဖက်တည်းက ကြည့်ဆွဲရင်တော့ အမြင်က တဖက်တည်း။ ဥပမာ – သုံးစွဲသူအပိုင်းက ကြည့်ဆွဲရင်တော့တမျိုး၊ ရောင်းသူပိုင်းက ကြည့်ဆွဲရင် တမျိုးဖြစ်မှာပဲ။ ပေါ်လစီကို နောင်လည်း အများလက်ခံနိုင်အောင် ဆွဲသင့်တယ်” ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။
လတ်တလော ကားအရောင်းစင်တာ အများစုတွင် အရောင်းအဝယ် ကျဆင်းလျက်ရှိပြီး ရောင်းလိုအားက ဝယ်လိုအားထက် လွန်စွာ များပြားလျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်သည် ကားအရောင်း စင်တာများအတွက် သတိထားရမည့်နှစ်ဖြစ်ပြီး ရောင်းလိုအားနှင့် ဝယ်လိုအားကို ချိန်ဆ ကားတင်သွင်းမှသာလျှင် အရှုံးမပေါ်မည်ဖြစ်ကြောင်း ဒေါက်တာ စိုးထွန်းက ဆက်လက်ပြောသည်။
“လက်ရှိက သတိထားရမယ့် အခြေအနေဖြစ်နေတယ်။ ရောင်းလိုအားများပြီး ဝယ်လိုအား နည်းနေတယ်။ လူတွေရဲ့ စီးပွားရေးက ထင်သလောက် တက်မလားဘူး။ သုံးစွဲနိုင်အား တက်မလာဘူး။ ၂၀၁၃မှာ ရောင်းအားနဲ့ သုံးစွဲအား ချိန်ပြီးမှ လုပ်သင့်တယ်ထင်တယ်။ မဟုတ်ရင်တော့ အရှုံးနဲ့ ရင်ဆိုင်ရမယ်” ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။
အစိုးရက ကားသစ်များ၏ CIF သင်္ဘောတင် ဈေးနှုန်းသစ်များ (Cost, Insurance and Freight) ထုတ်ပြန်ပြီးနောက် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တင်သွင်းထားသည့် မော်ဒယ်မြင့် ကားသစ်များ၏ ဈေးနှုန်းများ သိန်းနှစ်ရာမှ သုံးရာအထိ ကျဆင်းပြီး ဂျပန်ကားဈေးနှုန်းများမှာမူ အဝယ်မရှိ၍ ငွေကျပ် ၁၀ သိန်းဝန်းကျင် ကျဆင်းကြောင်း သိရှိရသည်။
“ကားဈေးတွေ အဓိက ကျတာ အဝယ်ပျောက်နေလို့။ ကားဟောင်းရော၊ ကားသစ်ရော ဈေးကွက်ထဲမှာ ရောင်းမယ့်သူတွေ ပုံနေတယ်။ ပွဲစားတွေလည်း အရောင်းအဝယ် မဖြစ်တော့ တော်တော်စိတ်ညစ်နေကြတယ်” ဟု ဟံသာဝတီ ကားပွဲစားတန်းမှ အကျိုးဆောင်ပွဲစားတဦးက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က အစိုးရသစ် လက်ထက်တွင် ကားဝယ်လျှင် အရှုံးပေါ်မည် ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းတခုတွင် သတိပေး ထုတ်ဖော်ပြောဆိုခဲ့သည်။
သမ္မတ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးကောင်စီ အကြံပေးလည်းဖြစ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ်လည်းဖြစ်သူ ဦးမော်သန်းကမူ မော်တော်ကား မူဝါဒ ရေးဆွဲရာတွင် အများပြည်သူ လုံခြုံမှု၊ ကားဟောင်း တင်သွင်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ကျန်းမာရေး၊ ယာဉ်ကြောပိတ်ဆို့မှုများကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း ပြောသည်။
“ဂျပန်ကားတွေကို သက်တမ်းနဲ့ ပေးသွင်းခွင့်ပြုတာမျိုး။ အများပြည်သူ လုံခြုံမှုနဲ့ ကျန်းမာရေးကိုလည်း အဓိကထား စဉ်းစားတာမျိုးတွေလည်း ကားပေါ်လစီမှာ ပါသင့်တယ်။ နောက်ပြီး ကားဟောင်းတွေဖြစ်တဲ့ အခါကျတော့ ကိုယ့်နိုင်ငံက အမှိုက်ပုံလို ဖြစ်မှာမျိုးတွေကိုလည်း သေသေချာချာ စဉ်းစားရမယ်။ ဒါပေမယ့်လည်း အရမ်း တင်းကျပ်လွန်းရင်လည်း ကားဈေးတွေ တက်မှာလည်း စိုးတယ်” ဟု ဦးမော်သန်းက ဆိုသည်။
အစိုးရက ၁၉၉၇ ခုနှစ် ၂၀၁၃ ခုနှစ်ကားများ တင်သွင်းခွင့်ပြုထားသော်လည်း အများစုမှာ ဈေးသက်သာသော ဂျပန်ကားဟောင်းများကို အဓိကတင်သွင်းလျက်ရှိကြသည်။