ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကတ်များကို ရပ်ကွက်တခုချင်းစီတွင် မဲဖောက်ပေးကာ လာမည့် ဧပြီ ၂၄ ရက်တွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၃၃ မြို့နယ်ရှိ ရပ်ကွက်များအတွက် တန်ဖိုးနည်း ဖုန်းကတ် တသိန်းကိုးသောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွက် ဖုန်းကတ် ခြောက်သောင်းငါးထောင်နှင့် တခြား ပြည်နယ်နှင့်တိုင်း ဒေသကြီးများသို့ အရေအတွက် အလိုက် ခွဲတမ်း ချပေးသွားမည်ဖြစ်သည်။
“အစိုးရက ပြည်သူတွေအတွက် တန်ဖိုးနည်း ဖုန်းကတ်တွေကို တိုက်ရိုက်ရောင်းပေးတာပါ။ ပုဂ္ဂလိကကို ရောင်းချခွင့်ပေး မယ်လို့ မပြောထားဘူး။ ဖုန်းလိုင်းနဲ့ ကတ်အစီအစဉ်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လုပ်တာပါ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နာမည်ယူပြီး ရောင်းပေးတာပဲရှိတယ်” ဟု မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဧရာဝတီသို့ ပြောသည်။
တန်ဖိုးနည်း ဖုန်းကတ်များကို ရန်ကုန်မြို့ အပါအဝင် နယ်မြို့များတွင် ဆက်သွယ်ရေး စခန်းရှိသည့် အရေအတွက်ပေါ် မူတည်ကာ ချထားပေးခြင်း ဖြစ်ပြီး တလလျှင် အလုံးရေ ၃ သိန်းခွဲ ချထားပေးမည်ဖြစ်ကာ CDMA 800 MHz လိုင်းမရှိသည့် ချင်းပြည်နယ် တခုတည်းကိုသာ WCDMA 3G လိုင်း ချထားပေးမည်ဟု သူက ဆိုသည်။
မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက် ရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းမှုကို “ဦးပိုင်က ဘာမှမလုပ်ဘူး၊ သတင်း မှားနေတယ်” ဟု ပြန်လည်ဖြေကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်များ၌ ဖုန်းကတ် ဝယ်ယူလိုသူများကို စာရင်းကောက်ပြီး ဧပြီ ၁၉ ရက်တွင် မဲဖောက် ပေးကာ မဲပေါက်သူများကို ဧပြီ ၂၄ ရက်နေ့တွင် ထွက်ရှိမည့် ငွေကျပ် ၁၅၀၀ တန် ဖုန်းကတ်များ ချထားပေးသွားမည် ဖြစ်သည်။
အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ၎င်းတို့မြို့နယ်အတွက် တန်ဖိုးနည်းဖုန်းကတ် ၄၄၀၀ ရရှိမည်ဟု သိထားကြောင်း ဆိုသည်။
“ဦးပိုင်ကတော့ လိုင်းတွေရဖို့ တိုင်တွေထောင်နေတုန်းပဲ။ တိုင်ရှိတဲ့ မြို့နယ်တွေကိုပဲ ဖုန်းကတ်တွေ ရောင်းပေးသွားမှာ။ တိုင်မရှိသေးတဲ့ မြို့နယ် တချို့ကိုတော့ မရောင်းသေးဘူး” ဟု မန္တလေးတိုင်း ဒေသကြီး ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပြသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တချို့တွင် တန်ဖိုးနည်း ဖုန်းကတ်များအတွက် လိုင်းများ ချိတ်ဆက်နိုင်မည့် တိုင် ထောင်မရသည့် နေရာတချို့ ရှိကြောင်း သိရသည်။
“CDMA ဟန်းဆက်က ဈေးများတော့ ဖုန်းကတ်ဝယ်ဖို့ စဉ်းစားနေရတယ်။ လက်လုပ်လက်စားတွေ ဖြစ်တော့ ဖုန်းကတ် ဈေးတော့ အဆင်ပြေပါရဲ့၊ ဟန်းဆက်ကို စဉ်းစားပြီး ရပ်ကွက်ထဲမှာတောင် စာရင်းမပေးဖြစ်ပါဘူး” ဟု မင်္ဂလာဒုံ မြို့နယ်တွင် နေထိုင်သူ မအေးအေးမြင့်က ပြောသည်။
တန်ဖိုးနည်း ငွေကျပ် ၁၅၀၀ တန် ဖုန်းကတ်များကို ဖုန်းကတ် ဝယ်ယူပြီးသည့်နေမှ စပြီး ၁၅ ရက်အတွင်း အနည်းဆုံး ငွေကျပ် ၅၀၀၀ ဖြည့်ကာ သုံးစွဲရမည်ဖြစ်ပြီး လက်ဆင့်ကမ်း မရောင်းချနိုင်ရန်အတွက် ဖုန်းကတ်ကို ၁၅ ရက်အတွင်း သုံးစွဲခြင်း မရှိပါက အလိုအလျောက် လိုင်းပိတ်မည်ဖြစ်ကြောင်း၊ စက်တန်ဖိုး၊ စက်တပ်ဆင်မှု ကုန်ကျစရိတ်များကို တယ်လီဖုန်း ပြောဆိုခများမှ ပြန်လည် စုဆောင်းရမည်ဖြစ်သဖြင့် လစဉ်ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်မှ ၂ လ ပြည့်သည့် အချိန်တွင် ကြိုတင်ငွေဖြည့်ကတ်မှ ၅၀၀၀ ကျပ်ကို အပြည့် မသုံးစွဲပါကလည်း ငွေကျန်များကို အလိုအလျောက် ဖြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။