အင်တာနက် အမြန်နှုန်း အလွန်နှေးကွေးလွန်းနေတာကြောင့် နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်နေကြတဲ့ ခရီးသွားလာရေး ကုမ္ပဏီတွေ၊ ငွေကြေး အလွှဲအပြောင်း လုပ်ရတဲ့ ဘဏ်လုပ်ငန်းတွေ၊ အင်တာနက်ဆိုင်တွေ စတဲ့ လုပ်ငန်းအများစုမှာ ထိခိုက်နစ်နာမှုတွေ ရှိလာပါတယ်။
အွန်လိုင်းငွေလွှဲလုပ်ငန်းနဲ့ အခြား အင်တာနက်အခြေခံ ဆောင်ရွက်နေရတဲ့လုပ်ငန်းတွေဟာ အင်တာနက်အမြန်နှုန်း အင်မတန် နှေးကွေးသွားတာကြောင့် အလုပ်မတွင်တော့ဘဲ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ကမ္ဗောဇဘဏ် ဒုဥက္ကဌ ဦးသန်းလွင်က ဧရာဝတီကို ပြောဆိုပါတယ်။
ထို့ပြင် ” နိုင်ငံခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ထိခိုက်နိုင်တယ်။ အခုမှ လိုင်းက စဖြစ်ပေမယ့် အချိန်က တလ ကြာဦးမယ် ဆိုတော့ အများကြီး ထိခိုက်နိုင်တယ်” လို့လည်း သတိပေးပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံက အင်တာနက်ကို အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်း( SEA-ME-WE 3 ) ချွတ်ယွင်းတာကြောင့် အင်တာနက်လိုင်းက တလနီးပါး နှေးနေဦးမယ်ဆိုပြီး ယနေ့ ကြေညာချက် ထုတ်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စစ်ဆေးချက်အရ မြန်မာပြည်တွင်းလမ်းကြောင်းဖြစ်တဲ့ ဖျာပုံ၊ ကျုံကဒွန်းနဲ့ ကုလားထိပ် ပင်လယ်ကမ်းစပ်အထိ စစ်ဆေးခဲ့ရာမှာ ပင်လယ်အတွင်း ၁၃ ကီလိုမီတာခန့်မှာ ချွတ်ယွင်းမှုဖြစ်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့် ချွတ်ယွင်းခဲ့တယ်ဆိုတာကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မပြောထားပါဘူး။
ကေဘယ် ဆက်ကြောင်း ချွတ်ယွင်းမှုအတွက် စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင်ထိန်းသိမ်းရေး အဖွဲ့နဲ့ ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင်ဖို့ဆောင်ရွက်မယ်လို့ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ကြေညာထားပါတယ်။ အင်တာနက်နဲ့ နိုင်ငံရပ်ခြား တယ်လီဖုန်းအဝင်၊ အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်မှု မရှိစေဖို့ ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းတွေကနေတဆင့် ချိတ်ဆက်ပေးထားတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် အင်တာနက်အပေါ် အခြေခံပြီး ဆက်သွယ်လုပ်ကိုင်ရတဲ့ ဒီခေတ် စီးပွားရေးမှာ အင်တာနက် စက္ကန့် မိနစ်နဲ့အမျှ ဆိုးတာနဲ့ အလုပ်ပျက်ရတော့တာပါပဲ။
“အီးမေးလ် အဆက်အသွယ်လုပ်လို့ မရတော့ နိုင်ငံခြားဖုန်းတွေ ခေါ်ရတယ်၊ ကုန်ကျစရိတ်တွေ အရမ်းများတယ်။ တချို့တွေက ဒီနိုင်ငံရဲ့ အင်တာနက် ပြဿနာ ဖြစ်နေတာကို မသိတော့ ဘွတ်ကင် ဖျက်ပစ်လိုက်တာမျိုးလည်း ရှိတယ်။ ဝင်ငွေအတွက် အရမ်းနစ်နာရတယ်”လို့ Bravo Travel and Tours ကုမ္ပဏီက တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။
နိုင်ငံတကာကို ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေတဲ့ RIO Shipping, Travel & Trading ကုမ္ပဏီက တာဝန်ရှိသူကလည်း အင်တာနက်လိုင်းက နှေးနေတာကြောင့် ကုန်ကျစရိတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က အင်တာနက်ဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ကိုမင်းမင်းကလည်း“ အင်တာနက်လိုင်းတွေ နှေးရင် ဝင်ငွေ အရမ်းထိခိုက်တယ်။ ဆိုင်ဖွင့်ထားတဲ့သူဆိုတော့ လိုင်းမကောင်းရင် ဘာမှလုပ်လို့မရဘူးလေ။ ဆက်သွယ်ရေးကတော့ ကြေညာချက်လေးတခု ထုတ်ရုံနဲ့ပြီးသွားပေမယ့် ဘယ်လို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာ ဘယ်တော့မှ မပြောဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းကလည်း အလားတူ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ကေဘယ်လ်ဆက်ကြောင်းချို့ယွင်းလို့ဆိုပြီး အင်တာနက်လိုင်းတွေ တလနီးပါး နှေးကွေး ပြတ်တောက်နေခဲ့ပါတယ်။
“ ဒီ ကေဘယ်လ်တခုတည်းကို အားကိုးနေရတယ်။ အရန်ဆက်ကြောင်းတွေကလည်း အဆင်မပြေဘူးဆိုတော့ အဓိက ကေဘယ်လ် တခုခုဖြစ်ပြီဆိုရင် တတိုင်းပြည်လုံး အခက်တွေ့ရတယ်။ ဒီကေဘယ်လ်တခုတည်းမဟုတ်ဘဲ နောက်ထပ် လိုအပ်နေသေးတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်နှေးတာ လူတိုင်းသိပေမယ့် အခုလို အခြေအနေကျတော့ အရမ်းသိသာ သွားတာပေါ့ ” လို့ Thura Swiss Consultancy မှ CEO ဒေါက်တာအောင်သူရကလည်း ပြောပါတယ်။
အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်အစီအမံတွေ ပတ်သက်ပြီးတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း လုံးဝမရှိပါဘူး။