ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲအင်းကြီး၌ စက်တင်ဘာ ၂၇ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့သူ ၂ ဦးမှာ အခြေအနေ ဆိုးရွားနေသဖြင့် ယမန်နေ့ နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီ ဖြစ်သည်။
ပုသိမ်ဆေးရုံသို့ ယမန်နေ့နံနက် ၉ နာရီက ရောက်ရှိလာသည့် ဒဏ်ရာရသူ ၃ ဦးအနက် ကိုကျော်ဆန်းငွေ (၃၉ နှစ်) မှာ နံနက် ၁၀ နာရီ ၅၀ ခန့်တွင် သေဆုံးသွားခဲ့သည်။ ကျန် ၂ ဦးဖြစ်သည့် ကိုကျော်ဇင်သန့် (၂၅ နှစ်) နှင့် ကိုဝင်းသန်း (၃၀ နှစ်) တို့မှာ သေနတ်ထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။
ကိုဝင်းသန်းမှာ ညာဘက်ရင်အုံနှင့် ညာဘက်လက်မောင်းတို့တွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိထားကာ ကိုကျော်ဇင်သန့်မှာ ညာဘက်လက်မောင်းတွင် သေနတ်ထိမှန်ထားပြီး သတိမရဘဲ ဖြစ်နေသည်။
အရပ်သားများ သေကြေဒဏ်ရာရစေခဲ့သည့် ပစ်ခတ်မှုမှာ ရှောင်လွှဲမရသည့် အခြေအနေကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ခရိုင် အုပ်ချုပ်ရေးရုံးမှ အမည်မဖော်လိုသည့် အကြီးတန်း ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့လူတွေ သေနတ်နှစ်ချက် အရင်ဆုံး မိုးပေါ်ထောင်ဖောက်ပါတယ်။ အဲဒီမှာ လူအုပ်ထဲက ဒီကောင်တွေ မပစ်ရဲပါဘူးကွာ။ မိုးပေါ်ပဲ ထောင်ဖောက်ရဲတာပါဆိုပြီး ပြောသံတွေထွက်လာပြီး လေးခွတွေနဲ့ အနီးကပ်ပစ်တယ်။ အဲဒါနဲ့ မတတ်သာတဲ့အဆုံး ပစ်ရတဲ့အခြေအနေတွေ ဖြစ်ကုန်တာပါ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
ထိုသို့ မပစ်ခတ်ပါက ရာနှင့်ချီသော လူအုပ်ကြားတွင် ပိတ်မိနေသော အထောင်ရဲစခန်းမှ ရဲတပ်သား ၃၀ ကျော်မှာ အသက်သေဆုံးသွားနိုင်ကြောင်း သူက ဆက်ပြောသည်။
ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ရဲသား ၅ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိကြောင်း ရဲသတင်းရပ်ကွက်အဆိုအရ သိရသည်။
ဒေသခံရွာသားတဦးအား အင်းမှထွက်သည့် ဆည်မြောင်းဝကို ဖျက်ဆီးသည်ဆိုကာ အင်းလေလံ အောင်ထားသည့် ဝိုင်းဝိုင်းလည် ကုန်ထုတ်သမအဖွဲ့က ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူစစ်ဆေးရာ လက်လွန်၍ သေဆုံးသွားသည်ကို မကျေနပ်သည့် ရွာသားများက ဖြေရှင်းပေးရန် တောင်းဆိုရာမှ ပဋိပက္ခ စတင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
သို့သော် ဒေသခံများ၏ ပြောဆိုမှုမှာ မိမိတို့သိရှိထားသည်နှင့် လွဲချော်နေသည်ဟု ခရိုင်ရုံးမှ ရဲအရာရှိက ပြောသည်။
“ကိုတလုတ် (ခေါ်) ဝင်းနိုင်ဆိုတဲ့လူက ရှားခဲရွာက မီးသတ်တပ်ကြပ်ကြီးရဲ့ မိန်းမကို အိမ်ပေါ်အထိ တက်ရိုက်တယ်။ ပြီးတော့ ဟင်္သာတဖက် ကူးသွားပြီး ညနေစောင်းကျတော့ ရှားခဲကို ပြန်လာတယ်။ အဲဒီမှာ ရပ်ကွက်ထဲကလူတွေက ကိုတလုတ်ကို ဝိုင်းချကြတယ်” ဟု ရဲအရာရှိက ဆိုသည်။
၎င်းက ဆက်လက်၍ “ချရင်း တယောက်က ကိုတလုတ်ကို ဓားနဲ့ထိုးလိုက်တော့ ဟိုလူက ဗိုက်ပွင့်သွားပြီး အူတွေအခွေလိုက်ထွက်ပြီး လမ်းပေါ်မှာ လဲနေတယ်။ အဲဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးက အထောင်ရဲစခန်းကို အကြောင်းကြားလို့ စခန်းက ကား ၃ စီးနဲ့ မြို့နယ်မှူး ဦးဆောင်ပြီး ကိုတလုတ်ကို လာသယ်တာ” ဟု သူက ပြောသည်။
ကိုတလုတ်အား လာရောက်သယ်ထုတ်သည့် ရဲကား ၃ စီးအား ဒေသခံများက ခဲများ၊ တုတ်များ၊ လေးခွများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြရာ ကားများပျက်စီးသွားပြီး ရဲသားများမှာလည်း ရာနှင့်ချီသော လူအုပ်ကြားထဲတွင် ပိတ်မိသွားခဲ့ပြီးနောက် ပစ်ခတ်မှုများ ဆက်ဖြစ်ခဲ့သည်ဟု သူက ဆက်ပြောသည်။
“တကယ်တမ်း ဒေါသစိတ်နဲ့ လူထုကို နှိပ်ကွပ်ချင်တဲ့စိတ်နဲ့ဆိုရင် ကျနော်တို့လူတွေ ဘေးမှာ ဝိုင်းထားတာ ရာနဲ့ချီရှိပါတယ်။ ကျည်အတွဲလိုက်ဆွဲရင် လူတွေအတုံးအရုံး သေကုန်မှာပါ။ အခုပစ်ခတ်မှုဟာ ရဲတွေအသက်အန္တရာယ်အတွက် ကာကွယ်မှုဆိုတာ ဒီအချက်ကိုကြည့်ရင် သိသာပါတယ်”ဟု အဆိုပါရဲ အရာရှိက ပြောသည်။
လက်ရှိတွင် ကိုတလုတ် (ခေါ်) ဝင်းနိုင် သေဆုံးမှုနှင့် ပတ်သတ်၍ ပုဒ်မ (၃၀၂) ဖြင့် လူသတ်မှုအဖြစ် အမှုဖွင့်ထားကြောင်း သိရသည်။
ကျုံပျော်မြို့နယ် ရှားခဲအင်းအရေးကိစ္စအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးအေးကျော်တို့ အပါအဝင် တာဝန်ရှိသူများက ကျုံပျော်သို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်