အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ပြောဆိုသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မြန်မာနိုင်ငံသားများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံစဉ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ် သက်ပြီး မေးမြန်းကြရာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးသည် ပြည်သူများ အပေါ် မူတည်သည်ဟု ဦးအောင်မင်းက ပြောဆိုသွားကြောင်း လွတ်လပ်သည့် အာရှအသံ (RFA) မြန်မာပိုင်းတွင် ထုတ်လွှင့်သွားသည်။
NLD ပါတီ၏ နာယက ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ပါဝင် အရွေးခံနိုင်ရန် အချက်တချို့ကို ပြင်ဆင်ပေးနိုင် ဖွယ် ရှိကြောင်း၊ ပြင်ဆင်သော်လည်း စစ်တပ်၏အခန်းကဏ္ဍသည် နိုင်ငံရေးမှပျောက်သွားမည် မဟုတ်ကြောင်း၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)အနေဖြင့်လည်း ၎င်းတို့၏ အာဏာခိုင်မြဲရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြော သည်။
“ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ်အရွေးခံ မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်မှရမယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးရင်တောင် ဒေါ်စု က သမ္မတဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးတယ်၊ အင်မတန် ခက်မယ်၊ သမ္မတ မဖြစ်အောင်လည်း တခြားအုပ်စုက ကြိုး ပမ်းကြမှာသေ ချာတယ်၊ လွှတ်တော် ၂ ရပ်လုံးက ထောက်ခံမှုများမှ သမ္မတ ဖြစ်မယ်၊ ဒု သမ္မတတော့ ဖြစ်ရင် ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦး သည် ပြည်ပနိုင်ငံ အစိုးရ၏ ကျေးဇူး သစ္စာစောင့်သိသူ၊ အခွင့်အရေးများနှင့် ကျေးဇူးခံစားသူများ မဖြစ်စေရဟု ဖော်ပြထားသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ ဦးဌေးဦး ကမူ ၎င်းတို့ပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မည့်သည့် အစီအစဉ်မှ မရှိသေးကြောင်း ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ဘာမှ မစဉ်းစားသေးပါဘူး၊ ပြင်ချင်တိုင်းလည်း ပြင်လို့မရပါဘူး၊ ပြင်မယ် ဆိုရင်လည်း အားလုံးကို ကြိုတင် အသိပေးမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦး ဌေးဦး က ဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ် အမှုဆောင်တဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒု သမ္မတ တဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုတင်သွင်းခြင်း အချက်ကို ပယ်ဖျက် လိုကြောင်း မီဒီယာများကို ပြောဆိုသည်ဟု ပြည်တွင်းထုတ် Messenger News Journal တွင် ရေးသားသည်။
ဦးအောင်သိန်းလင်းက “ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းတဲ့သူသာ သမ္မတ ဖြစ်သွားမယ်ဆိုရင် သမ္မတကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွားမယ်။ ဒါကြောင့် အဲဒီ အချက်ကို ပြင်ဆင်ချင်တယ်”ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အရ ဒု သမ္မတ ၃ ဦးရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်မှ ၁ ဦး၊ အမျိုးသားလွှတ်တော်မှ ၁ ဦးစီနှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသူ ၁ ဦးဖြစ်ပြီး ထို ၃ ဦးမှ ၁ ဦးကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရခြင်း ဖြစ်သည်။
ဦးအောင်သိန်းလင်း၏ ပြောဆိုမှုသည် ပါတီနှင့်မသက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍လည်း ပါတီ အနေဖြင့် မည်သည့် အစည်းအဝေးမှ မလုပ်ဆောင်ရသေးကြောင်း ဦးဌေးဦးက ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်မည် ဆိုပါကလည်း လူပုဂ္ဂိုလ်၊ ပါတီတခု၏ လုပ်ဆောင် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ကော်မတီ၊ ကော်မရှင် များ၏ စဉ်းစားသုံးသပ်မှုသည် ကောင်းမွန်မည်ဟု ယူဆ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သုံးသပ်မည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်း
၏ရန် ပြည် ထောင်စု လွှတ်တော် က သဘောတူ အတည်ပြုပေးခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဦးဌေးဦးက“ဖွဲ့စည်းပုံကို ဘယ်ပါတီ၊ ဘယ်အဖွဲ့ကပဲ ပြင်ပြင်၊ ပြင်ချင်တယ်ဆိုရင် ကော်မတီ၊ ကော်မတီရှင်က စဉ်းစားတာဟာ အ ကောင်းဆုံးပါ”ဟု ဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး”အဆို တခုကို ကြံ့ခိုင်ရေးပါတီ ၏ ဒု ဥက္ကဋ္ဌ နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအေးမြင့် က မတ်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းရာ ကြံ့ခိုင်ရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံ ဆွေးနွေးခဲ့သည်။
ထိုအဆိုကို ပြည်ထောင်စုလွှတ်တော် ကလည်း သဘောတူ အတည်ပြုပေးခဲ့သည်။ အဆိုပါ ကော်မတီ၊ ကော်မရှင်များကို ဇူလိုင်လ တွင် ပြန်စမည့် လွှတ်တော် အစည်းအဝေးများ၌ ဖွဲ့စည်းမည်ဟု ကိုယ်စားလှယ်များက ပြောသည်။
ယင်းသို့ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူများကို လက်ဦးမှု ရယူလိုက်ပြီး ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များ က ပြောဆိုကြသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား ပါတီ တချို့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့က ကြိုးပမ်းဆောင်ရွက် နေ ချိန်တွင် “ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းရေး” အဆိုတင်ခြင်းသည် ကန့်သတ်လိုသည့် သဘော ဟုတ် မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က လည်း ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံ၌ ဒီမိုကရေစီ မကျသည့် အချက်များနှင့် တိုင်းရင်းသား အရေးနှင့်ပတ်သက်သော စာပိုဒ်တချို့ ပြင်ဆင်နိုင်ရန် ကြိုး ပမ်းနေ ကြောင်း၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများအတွက် စေတနာ အပြည့်အဝဖြင့် အားလုံးက ဝိုင်းဝန်း ပြင်ဆင်သင့်ကြောင်း၊ ကြံ့ ခိုင်ရေး အနေဖြင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာမည့်အဖွဲ့ ဖွဲ့စည်းရေး အဆိုကို ကြိုဆိုကြောင်းလည်း ၎င်းက ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ ထောက်ခံမှု ရရှိရေးအပေါ် မူတည်ကြောင်း၊ လွှတ်တော်၌ စစ်တပ်က ပါဝင်နေသည့် အတွက် နိုင်ငံရေး နောက်ပြန်လှည့်နိုင် ခြေ နည်းပါးကြောင်း ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အချက် တခုခုကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက် ခံ မှုဖြင့် အဆို တင်သွင်းရမည် ဖြစ်ကြောင်း၊ အခန်း တခုခု၏ ပြဌာန်းချက်ကို ပြင်ဆင်လိုပါကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီမှုရှိရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကျင်းပ၍ ယင်းဆန္ဒမဲ အရသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည်။
လွှတ်တော်ထဲ၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီး အရပ်ဘက် ကိုယ်စားလှယ် အများစုမှာလည်း ကြံ့ခိုင်ရေးပါတီ ၏ ကိုယ်စားလှယ်များ ဖြစ်သည်။