ယခင် စစ်အာဏာရှင် အစိုးရ စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် လေ့လာ သုံးသပ်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်တွေ ကြီးစိုးထားတဲ့ ပြည်ထောင်စု လွှတ်တော်က ဇူလိုင် ၂၅ ရက်နေ့မှာ ကော်မတီ တရပ် ဖွဲ့စည်းလိုက်ပါပြီ။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ” လို့ အမည်ပေးထားတဲ့ ဒီကော်မတီမှာ လွှတ်တော် အမတ် ၁၀၉ ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ထူးခြားချက်ကတော့ လွှတ်တော်တွင်းရောက်ရှိနေတဲ့ နိုင်ငံရေးပါတီ တွေ အားလုံးက ကိုယ်စားလှယ်တွေ အချိုးကျ ပါဝင်ခွင့်ရကြပါတယ်။
အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ကော်မတီမှာ ပါဝင်ခွင့်ရသလို လွှတ်တော်တွင်း ရောက်ရှိနေတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အပါအဝင် နိုင်ငံရေးပါတီ ၂၀ က လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဝင်ခွင့်ရပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီမှာ ပါဝင်ခွင့်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ် အရေအတွက်က ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အင်မတန်မှ နည်းတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တကယ် ပြင်နိုင်မလားဆိုတာ သံသယရှိပါတယ်။
ကော်မတီမှာ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ် ၅၂ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး ပါဝင်ပြီး အရေအတွက် အများဆုံး ပါဝင်နေတဲ့ အပြင် ကော်မတီဥက္ကဋ္ဌရာထူး၊ ဒုတိယဥက္ကဋ္ဌ ရာထူးကိုလည်း ကြံ့ခိုင်ရေး ပါတီဝင်တွေဖြစ်တဲ့ လွှတ်တော်အကြီးအကဲတွေကသာ ရယူထားကြပါတယ်။
ဒီကော်မတီရဲ့ ဦးတည်ချက်၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်း၊ ကော်မတီသက်တမ်းတွေ မပြဋ္ဌာန်းနိုင်သေးတာကြောင့် ဘယ်လောက်ထိ စစ်အာဏာရှင်စနစ်က မွေးထုတ်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက် ပြင်နိုင်မလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ရေးကော်မတီ ဖွဲ့စည်းလိုက်တဲ့အချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်တယ်ဆိုတဲ့ ပြောကြားချက် ထွက်ပေါ်လာအပြီးနဲ့ သမ္မတဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တော့မယ်လို့ တွင်တွင် ကျယ်ကျယ် ပြောဆိုနေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်လို့ မရနိုင်အောင် ပြဋ္ဌာန်းထားတဲ့ ဥပဒေ ပြဋ္ဌာန်းချက် စုစုပေါင်း ၁၃၀ ရှိပါတယ်။
အဲဒီပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ဖို့ သဘောတူ ရမယ့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမယ်လို့ ပြဋ္ဌာန်းတာမို့ ပြင်ဆင်ဖို့ အလွန်ခက်ခဲတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။
အဲဒီပြဋ္ဌာန်းချက် တွေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၁ မှ ပုဒ်မ ၄၈ ထိ၊ အခန်း ၂ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ ၄၉ မှ ပုဒ်မ ၅၆ ထိ၊ အခန်း ၃ နိုင်ငံတော်အကြီးအကဲ ပုဒ်မ ၅၉ နဲ့ ၆၀၊ အခန်း ၄ ဥပဒေပြုရေး ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁ နဲ့ ၁၆၁၊ အခန်း ၅ အုပ်ချုပ်ရေး ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈ နဲ့ ၂၇၆ ၊ အခန်း ၆ တရားစီရင်ရေး ပုဒ်မ ၂၉၃၊ ၂၉၄ ၊ ၃၀၅ ၊ ၃၁၄ နဲ့ ၃၂၀ ၊ အခန်း ၁၁ အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ တို့ဖြစ်ပါတယ်။
ပြင်ဆင်လို့ မရအောင် ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတားအဆီး ဖြစ်နေတဲ့ အခန်း ၃ ပုဒ်မ ၅၉ နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက် ပြဋ္ဌာန်းချက်လည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီပြဋ္ဌာန်းချက်မှာ နိုင်ငံခြားသား သားသမီး၊ ဆွေမျိုး တွေရှိနေရင် မြန်မာနိုင်ငံသားတဦး အနေနဲ့ သမ္မတ ဖြစ်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေအရ တပ်မတော်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမှာ မဖြစ်မနေ ပါဝင်ခွင့်ရမယ့်အပြင် စစ်အာဏာသိမ်းနိုင်တဲ့အထိ အာဏာရှိတဲ့ အဖွဲ့အစည်းတခု အဖြစ် ပြဋ္ဌာန်းထားပါတယ်။
တရားစီရင်ရေး ကဏ္ဍမှာလည်း တပ်မတော်ရဲ့ စစ်ဘက် ဆိုင်ရာတရားရုံး တွေက နိုင်ငံတော်ရဲ့ အမြင်ဆုံး တရားရုံးဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ လက်အောက်မှာ မရှိဘဲ သီးခြားရပ်တည် စီရင် အမိန့်ချ နိုင်စွမ်းရှိတဲ့ သီးခြား တရားရုံးတွေအဖြစ် ရပ်တည်ခွင့် ရရှိအောင် ပြဋ္ဌာန်းထားပါတယ်။
ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်း ကတော့ လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ် ရေး ကော်မတီ အနေနဲ့ ပြင်လို့ မရနိုင်အောင် ပြဋ္ဌာန်းထားတဲ့ ဥပဒေ အချက်အလက်တွေကို ပြင်ဆင်နိုင်မယ့် အခြေအနေမရှိဘူးလို့ သုံးသပ်ကြပါတယ်။
ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ့် အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။
“တိုင်းရင်းသားတွေလိုလားတာက ဖက်ဒရယ်၊ တန်းတူညီမျှရေး လေ။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာက အဲဒါတွေ ကို တားဆီး ထားတယ်။ ပြင်ဖို့လည်း ခက်ခဲအောင်လုပ်ထားတယ်။ လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးမယ်လို့ မယုံကြည်ဘူး” လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒီမိုကရေစီ ဆန်တဲ့ ဥပဒေအဖြစ် မပြင်ဆင် ပေးနိုင်သမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည်မှာမဟုတ်ဘူးလို့ ဦးခွန်ထွန်းဦးက ဆိုပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ကတော့ လွှတ်တော်ပြင်ပကနေပဲ လုပ်လို့ရမယ်။ ပြည်သူတွေရော၊ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေအားလုံး အပြင်ကနေ လုပ်ရမှာပဲ” လို့ ဦးခွန်ထွန်းဦးက ဆိုတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီဝင် တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေကို ကတိပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကတိအတွက် အတော် ရုန်းကန်ရမယ့် အနေအထားရှိတယ်လို့ ဆိုပါတယ်။
“ပြည်သူတွေကို ကတိပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ ကျနော်တို့ အတော်ကို ရုန်းကန်ရမယ့် အနေအထားပဲ” လို့ ဒေါက်တာဇော်မြင့်မောင်က ပြောတယ်။
နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်း ကတော့ လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ဥပဒေ သုံးသပ်ရေး ကော်မတီ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အနည်းငယ် ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကန့်သတ်ထားတဲ့ သမ္မတအရည်အချင်း ကန့်သတ်ချက်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ နဲ့ပတ်သက်တာတွေကိုတော့ ပြင်နိုင်ဖို့ လုံး၀ မလွယ်ဘူး။ ဒါပေမယ့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရတွေ၊ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ ခွင့်ပြုပေးလာ မယ်လို့ ထင်တယ်။ တိုင်းရင်းသား တွေလိုလားတာ တွေကို ၅၀ ရာခိုင်နှုန်း လောက်ထိ ပြင်ပေးနိုင် လိမ့်မယ် ထင်ပါတယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မယ့် အခြေအနေ မရှိဘူးလို့ သုံးသပ်မှုတွေ ရှိနေပေမယ့်လည်း စစ်အာဏာရှင် ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို စစ်ဗိုလ်ချုပ်ဟောင်းတွေက ဦးဆောင် သုံးသပ်ဖို့ စီစဉ်တာက မြန်မာ့နိုင်ငံရေးရဲ့ တိုးတက်မှု လက္ခဏာ တရပ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီဝင် တဦးဖြစ်တဲ့ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်သုံးသပ်မယ်လို့ အဆို တင်တာလည်း ကြံ့ခိုင်ရေးကပဲ။ ကော်မတီမှာ ဦးဆောင်မှာ ကလည်း ကြံ့ခိုင်ရေး ပါတီကပဲ။ ဥပဒေ ပြင်နိုင်တာ၊ မပြင်နိုင်တာ ထက် သုံးသပ်မယ် ဆိုတာက ပိုပြီး ပွင့်လင်း မြင်သာဖို့ ကြိုးစားတဲ့ နိုင်ငံရေး တိုးတက်မှု တခုအဖြစ် မြင်ဖို့ အရေးကြီးပါတယ်” ဟု ပြောဆိုပါတယ်။