အစိုးရက လူဦးရေ ၈ သောင်းကျော် နေထိုင်နိုင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် လာမည့် ဧပြီလအတွင်း စတင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့မနက်ပိုင်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် Myanmar Industrial Zones& Real Estate Development Forum အပြီးတွင် ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဧရာဝဏ် နှင့် ရတနာ အမည်ရှိ အိမ်ရာစီမံကိန်းများကို ဧပြီလတွင် စတင် ဆောက်လုပ်မည် ဖြစ်ကြောင်း ပြောသည်။
လက်ရှိ ရန်ကုန်မြို့လူဦးရေသည် ၆ သန်းကျော်ရှိနေပြီး အနာဂတ်တွင် ၁၀ သန်းနီးပါးဖြစ်လာနိုင်သဖြင့် အထပ်မြင့်ပြီး အခန်းပေါင်း များစွာပါဝင်သော တန်ဖိုးနည်း အိမ်ရာများကို ကြိုတင် ဆောက်လုပ်နေခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“ရန်ကုန်မှာက အဆောက်အအုံနဲ့ မြေနေရာတွေ ကျပ်နေပြီ၊ ဒီစီမံကိန်းပြီးရင် ထပ်လုပ်ဖို့တော့ မလွယ်ဘူး။ မြေကြီးရှား သွားပြီ” ဟု ဦးစိုးတင့်က ဆိုသည်။
ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းကို ၂၀၁၃ ဧပြီလတွင် စတင်မည်ဖြစ်ပြီး ၂၀၁၅ ဧပြီလတွင် အပြီး တည်ဆောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ အိမ်ရာများတွင် အထပ်ပေါင်း ၁၈ ထပ် ပါဝင်မည်ဖြစ်ပြီး ဆေးရုံ၊ စာသင်ကျောင်း၊ ကစားကွင်း၊ ဈေး၊ လမ်းစနစ်၊ ရေစနစ်၊ မြောင်းစနစ်နှင့် ဘတ်စ်ကားလိုင်းများလည်း ထည့်သွင်း ဆောက်လုပ်သွားမည်ဖြစ်ကာ အိမ်ခန်းတခန်းလျှင် ကျပ်သိန်း ၁၅၀ မှ ၂၀၀ အတွင်း ရောင်းချနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
အိမ်ရာ စီမံကိန်း ပြီးစီးပါက လူဦးရေ ၈၃၀၀၀ ကျော် နေထိုင်နိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်း အနီးရှိ ယုဇနဥယျာဉ်မြို့တော် တွင်လည်း လူပေါင်း ၂၀၀၀၀ ကျော် နေထိုင်နိုင်မည်ဖြစ်သည့် အတွက် ရန်ကုန်မြို့ရှိ လူဦးရေ ထူထပ်မှုရှိသည့် မြို့နယ် တချို့တွင်ဖြစ်ပေါ် နေသည့် အိမ်ရာကျပ်တည်းမှု ပြဿနာ ပြေလည်သွားနိုင်မည် ဖြစ်ကြောင်း ဦးစိုးတင့်က သုံးသပ်သည်။
“လူဦးရေ တသိန်းကျော်လောက် တစုတည်း ဖြစ်သွားမှာဆိုတော့ မြို့ကြီးတမြို့စာလောက် ဖြစ်သွားမယ်။ တခြား နေရာမှာ ကျပ်နေတဲ့ လူတွေကို ဒီနေရာမှာ ဆွဲဖြန့််လိုက်တဲ့ သဘောပဲ” ဟု သူက ပြောသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ယင်းအိမ်ရာစီမံကိန်းများနှင့် ပတ်သက်၍ တန်ဖိုးနည်း စေရန်နှင့် တည်ဆောက်ချိန်မကြာမြင့်စေရန် ဆောင်ရွက်မည်ဖြစ်ပြီး Precast (အုတ်အစားသုံး နံရံ) နည်းပညာဖြင့် တည်ဆောက်သွားမည်ဟု ဇန်နဝါရီ ၁၃ ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည့် အကြိုညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ အိမ်ရာစီမံကိန်းတွင် အကျယ်အဝန်း ဧက ၂၂၀ ကျော်ရှိပြီး အိမ်ခန်းပေါင်း ၁၇၄၀၀ ကျော် ပါဝင်မည် ဖြစ်သည်။ယင်းကို ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီနှင့် အိုင်စီဂျီ ကုမ္ပဏီတို့က ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ အဆိုပါစီမံကိန်းမြေနေရာတွင်နေထိုင်သော ကျူးကျော်အိမ်ရာများကို ပြည်သူ့အိမ်ရာစီမံကိန်းဖော်ထုတ်မည်ဖြစ် သည့်အတွက် ဇန်နဝါရီလအတွင်းအပြီးပြောင်းရွေ့ပေးရန်နှင့် ဖယ်ရှားပေးခြင်း မရှိသည့် ကျူးကျော်အိမ်များကို ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။