[irrawaddy_gallery]
ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်ရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသည့် လူထု ညီလာခံတရပ်ကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တည်း ကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ နှစ်ရက် ကျင်းပခဲ့သည်။
ညီလာခံ၏ ဆုံးဖြတ်ချက်တွင် ကချင်အရေးကိစ္စ၊ ရခိုင်ကိစ္စနှင့် လက်ပန်းတောင်းတောင် ရပ်တန့်ရေး ကိစ္စများ ပါဝင်သော အချက် ၃ ချက် ထုတ်ပြန် ကြေညာခဲ့ရာ ကချင်ကိစ္စတွင် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ထိုးစစ်ဆင်ရေးကို ရပ်တန်ပေးရန်၊ ရခိုင်အရေးကိစ္စတွင် ၁၈၂၄ ခုနှစ်က ဝင်ရောက်နေထိုင်ခဲ့သည့် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် ပေးပြီး တရားမဝင် ဝင်ရောက်နေထိုင်သူများကို အရေးယူကာ တတိယနိုင်ငံ (သို့မဟုတ်) ဘင်္ဂလားဒေ့ရ်ှသို့ ပြန်ပို့ရန်အတွက် သမ္မတ ဦးသိန်းစိန်ပြောခဲ့သည့် အတိုင်း ဆောင်ရွက်ပေးရန် ညီလာခံက ဆုံးဖြတ်ကာ ကြေညာခဲ့ကြောင်း သိရသည်။
“နောက်တချက်ကတော့ လက်ပန်းတောင်းတောင် စီမံကိန်း လုံးဝရပ်တန့်ပေးဖို့ ဒီညီလာခံကြီးက ဆုံးဖြတ်ချက် ချပါတယ်” ဟု ယင်းပွဲ၏ သဘာပတိ ဦးအောင်ကျော်စိုးက ဧရာဝတီကို ပြောသည်။
လက်ပန်းတောင်းတောင် ပြည်သူ့ ညီလာခံသို့ ကဗျာဆရာ ဒဂုန်တာရာက ယင်းစီမံကိန်းအား ကန့်ကွက်သည့် သဝဏ်လွှာလည်း ပေးပို့ခဲ့သည်။
ယင်းသဝဏ်လွှာထဲတွင် မြန်မာနိုင်ငံသည် သဘာ၀ သယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်ကြောင်း၊ ယင်းသဘာ၀ အရင်းမြစ်များကို သော်လည်ကောင်း၊ သဘာဝပတ်ဝန်းကျင်ကို သော်လည်ကောင်း ပျက်စီးအောင် ပြုလုပ် နေခြင်းက အလွန်ပင် အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်မြင်ကြောင်း၊ သယံဇာတကို ထုတ်ယူမသုံးစွဲဘဲ သဘာ၀ အလျောက် ထားရှိခြင်းက ပိုမိုကောင်းမွန်ကြောင်း၊ လက်ပန်းတောင်းတောင် စိမ်းလန်းစိုပြေရေးနှင့် ကျေးလက်နေ ပြည်သူများ စည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် လက်ပန်းတောင်းတောင် ကြေးနီလုပ်ငန်း စီမံကိန်းကို လုံး၀ အပြီးပြတ် ဖျက်သိမ်းရန် တောင်းဆိုလိုက်ကြောင်း ပါရှိသည်။
လက်ပန်းတောင်းတောင် ကိစ္စကို သမ္မတအနေဖြင့် တစုံတရာ ကူညီမှု မပြုခဲ့လျှင် ကုလသမဂ္ဂအထိ တက်ရောက် တိုင်ကြားသွားရန် စီစဉ်လျှက် ရှိကြောင်း ညောင်ပင်ကြီး ကျေးရွာမှ ဦးသန်းရွှေက ပြောသည်။
“သမ္မတက ဒီစီမံကိန်းကို ရပ်နားဖို့ မဖြစ်နိုင်ဘူးလို့ ပြောတယ်ဆိုပြီး စီးပွားရေး ဦးပိုင်က ဦးမြင့်အောင်ကနေ ပြောနေသံ ကြားပါတယ်။ အဲဒီလို ပြောပြီးတော့ ဦးမြင့်အောင်က စားပွဲရုံမှာ အောင်ပွဲခံခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ သမ္မတကြီးဟာ ဒီကိစ္စမှာ မပါဝင်ဘူးဆိုရင် ကုလသမဂ္ဂထိ ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ ဒီစီမံကိန်းကြီး မရပ်သရွေ့ ကျနော်တို့ တိုက်ပွဲ ဝင်သွားမှာပါ။ ဖမ်းရင်လည်း အဖမ်းခံဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန်အနေဖြင့် လက်ပန်းတောင်းတောင် စီမံကိန်း ရပ်နားသင့်၊ မရပ်နားသင့်ကို မည်သို့မျှ ပြောကြားခြင်း မရှိသေးကြောင်း သမ္မတရုံးမှ တာဝန်ရှိသူတဦးက ပြန်လည် ဖြေကြားခဲ့သည်။
ညီလာခံ ကျင်းပနေသည့် ဒုတိယနေ့တွင် ရဲများကို နေရာအနှံ့ချထားသည့် အပြင် ညီလာခံ ကျင်းပသည့် ကျေးရွာအတွင်းသို့ အတင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့်အတွက် ဒေသခံများနှင့် အချင်းများ ခဲ့ရသည်ဟု သိရသည်။
ညီလာခံသို့ လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများ တက်ရောက်ခွင့် ရရှိခဲ့သော်လည်း အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ရဲများကို ဝင်ရောက်ခွင့် မပေးခဲ့ကြောင်း ယင်းပွဲကို စီစဉ်သူ တဦးက ပြောသည်။
“ ဒီပွဲကို လာတဲ့လူတွေကို ကျနော်တိုဘက်က အဆင့်ဆင့် စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ ရွာထဲကို ဝင်တဲ့ လမ်းမှာတင် ဂိတ်တဂိတ်ထားပြီး စစ်ဆေးတယ်။ အရပ်ဝတ် ထောက်လှမ်းရေးတွေကော၊ မြို့နယ်မှူး ကိုကော ဝင်ခွင့် မပေးခဲ့ပါဘူး။ ဝင်ခွင့်ပေးလိုက်ရင် သူတို့ဘက်က သတင်းတွေကို ပြောင်းပြန် လုပ်ပစ်မှာ စိုးလို့ပါ” ဟု ၎င်းက ဆိုသည်။
ယင်းညီလာခံသို့ လာရောက် သတင်းယူသူ သတင်းထောက်များကို ပွဲစီစဉ်သူများက သတင်းထောက်ကတ် တောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး သတင်းထောက်ကတ် မပါသူများကို ပွဲအတွင်းသို့ ဝင်ရောက်ခွင့် မပေးခဲ့ပေ။ ထို့အပြင် ဒေသခံ အမျိုးသမီး တစုက ညီလာခံအတွင်းသို့ ဝင်ရောက်လာသည့် ရဲများကို ဆွဲထုတ်ခဲ့သေးကြောင်း ယင်းပွဲတက်ရောက် သတင်းယူသူ သတင်းထောက် တဦးက ဆိုသည်။
ညီလာခံ ကျင်းပနေသည့် ဆည်တည်းကျေးရွာ အဝင်လမ်းမတွင် ဂိတ်တခု သတ်မှတ်ထားပြီး ကင်းများ ချထားသည့်အပြင် ယင်းမြေနေရာကို အန္တရာယ်ဇုန်ဟု သတိပေး ဆိုင်းဘုတ် ကပ်ထားကြောင်း၊ ကင်းများချထားခြင်းမှာ ကျေးရွာ မြေနေရာများသို့ အုပ်ချုပ်ရေး အာဏာပိုင်များကို ဝင်ထွက်ခွင့် မပေးလိုသောကြောင့် ဒေသခံပြည်သူများက ယခုကဲ့သို့ ကာကွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံသို့ အနယ်နယ် အရပ်ရပ်မှ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်၊ လယ်ယာမြေများ သိမ်းခံထားရသည့် ကျေးရွာ ၂၆ ရွာမှ ဒေသခံ ၃၀၀၀ ကျော် တတ်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများ၏ စာရင်းများအရ သိရသည်။
လက်ပန်းတောင်းတောင် ပြည်သူ့ညီလာခံကို အုပ်ချုပ်သူအာဏာပိုင်များ၏ ခွင့်ပြုမိန့် မရဘဲ ဆောင်ရွက်နေသော်လည်း အာဏာပိုင်များက တစုံတရာ ဟန့်တား နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။
“ဒီညီလာခံကြီး ကျင်းပတာ အောင်မြင်တယ်လို့ ကျနော် ယူဆတယ်။ ဒါကောင်းမွန်တဲ့ လုပ်ရပ်ပဲ။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မပေးပေမယ့် ဒီပွဲ လုပ်ဆောင်နိုင်တဲ့အတွက် အားရ ဂုဏ်ယူမိတယ်။ ဒီအထဲမှာ တက်တက်ကြွကြွနဲ့ နိုင်ငံရေး အင်အားစုတွေ၊ ကျောင်းသားလူငယ်တွေနဲ့ အကျဉ်းသားဟောင်းတွေ ပူးပေါင်းပါဝင်လာတာ ကောင်းတယ်လို့ ကျနော် ထင်တယ်။
စည်းစည်းလုံးလုံးနဲ့ ပြည်သူ့အင်အားကြီးမားလာတာနဲ့အမျှ နိုင်ငံခြား အရင်းရှင် စီးပွားရေးသမားတွေနဲ့ ဒီစီမံကိန်းကြီးဟာ အလိုလိုကွယ်ပျောက်သွားမှာပါ။ ဒါဟာပေါ့သေးသေး စီမံကိန်းမဟုတ်ဘူးဗျ။ ဒုတိယ မြစ်ဆုံလိုပဲ။ အားလုံးသာ မပြိုကွဲဘဲ လုပ်ကြမယ်ဆိုရင် ဒီစီမံကိန်း နောက်ဆုံး ဖျက်သိမ်းတဲ့အထိ ရုပ်သိမ်းသွားမယ်လို့ ကျနော်ထင်တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းသည် နိုင်ငံတော်အတွက် အဓိက ဆောင်ရွက်နေပြီး နိုင်ငံတော်အတွက် အကျိုးမြတ်ရှိသော စီမံကိန်းမဟုတ်ဘဲ လူတစု ကြီးပွားကောင်းစားရေးကိုသာ ရှေးရှု လုပ်ဆောင်နေသော စီမံကိန်းဟု ဒေသခံများက ထင်မြင်ယူဆကြသည်။ စီမံကိန်း ရှယ်ယာနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်များက ၁ ရာခိုင်နှုန်း၊ အမေရိကန်တွင် နေထိုင်နေသူ ကိုကျော်ဌေးက ၁၅ ရာခိုင်နှုန်း၊ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ သမီး နန္ဒာရွှေက ၁၅ ရာခိုင်နှုန်း၊ ရုပ်ရှင်မင်းသား လွင်မိုးက ၂ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်မှ ၄၉ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြသည်ဟု သိရသည်။