လက်ပံတောင်းတောင် အကြမ်းဖက်ကို ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေနဲ့ လူထုတွေက ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်နေချိန် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို အာဏာပိုင်တွေက ရုတ်တရက် ဖမ်းဆီးလိုက်ပါတယ်။
ထောင်က လွတ်လာစဉ်ကာလက အကျဉ်းထောင်က လွတ်မြောက်လာတဲ့ သံဃာတော်တွေ သီတင်းသုံးနေထိုင်စရာ မရှိတဲ့အတွက် ချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်း၊ ခြောက်ထပ်ကြီးကျောင်းနဲ့ သံလျင်က ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ် ဝင်ရောက်နေထိုင်မှု အကြောင်းပြချက်နဲ့ ယခုလ ၁ ရက်နေ့က ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
ကိုညီညီလွင်ရဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေရဲ့ သြဝါဒခံယူပြီး ကျေအေးမှု ရှိပြီးဖြစ်ပေမယ့် လက်ပံတောင်းတောင် ကိစ္စမှာ ပါဝင်လာမှာ စိုးတဲ့အတွက် အမှုဟောင်းကိုဖော်ပြီး ဖမ်းဆီးလိုက်တယ်လို့ ယူဆကြောင်း မိခင်ဖြစ်သူ ဒေါ်ရေးက ပြောပါတယ်။
“အခု သူက ကျန်းမာရေးမကောင်းလို့ ဆေးကုနေတုန်းပဲ ရှိသေးတယ်၊ သူ့ဦးနှောက်ကလည်း ပုံမှန်အနေအထား မရောက်သေးဘူး။ ဒီအမှုတွေကလည်း သံဃာ့မဟာနာယကက သာဓုခေါ်ပြီး အဆုံးသတ်သွားပြီလေ။ သူကလည်း သံဃာတွေနဲ့က ရင်းနှီးကျွမ်းဝင်မှုကလည်းရှိနေတော့ လက်ပံတောင်းတောင် ကိစ္စမှာ သူပါရင် ပိုပြီးအုံကြွလာမှာ စိုးတဲ့အတွက် ဖမ်းလိုက်တယ်လို့ ထင်တယ်” လို့ ဒေါ်ရေးက ဧရာဝတီ ကိုပြောပါတယ်။
ကိုညီညီလွင်ဟာ မိခင်ဖြစ်သူ ဒေါ်ရေးနဲ့အတူ ၂၉ ရက်နေ့မှာ မိတ္ထီလာကနေ ရန်ကုန်မြို့ကိုရောက်ရှိခဲ့ပြီး နောက်တနေ့ ဗြိတိသျှသံရုံး သံအရာရှိနဲ့တွေ့ဆုံခဲ့ပါတယ်။ ယခုလ ၁ ရက်နေ့မှာ သင်္ဃန်းကျွန်း ရဲစခန်းက ထောင်ကလွတ်စက ဖြစ်ပျက် ခဲ့မှုတွေကို ပြန်ဖော် ဖမ်းဆီးခဲ့တာဖြစ်ပြီး ယခုအခါ အင်းစိန်ထောင်ကို ပို့လိုက်ပြီလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက နိုင်ဝင်ဘာလ ၂၉ ရက်နေ့ မနက်လင်းအားကြီးအချိန်မှာ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ အတွက် သံဃာနဲ့ လူပုဂ္ဂိုလ် မူလက ၇၀ ခန့် ရှိပြီး နောက်တိုး စာရင်းများအရ ၁၀၀ ဦးခန့်အထိ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြကြောင်း သိရပါတယ်။
“မုံရွာဆေးရုံကြီးမှာက တချို့သံဃာတော်တွေ ကုနေရင်းက အနာတွေရင်းပြီး ကြီးလာတယ်။ နောက် ဖြစ်ဖြစ်ချင်း ဆေးရုံတက် မကုရဲဘဲ ပုန်းရှောင်နေတဲ့ သံဃာတွေ၊ လူထုတွေကလည်း အနာတွေရင်းလာတော့ ဒေသတွင်းမှာ လိုက်ရှာစုဆောင်းပြီး ဒီမန္တလေး ဆေးရုံကြီးကို ပြောင်းလာတယ်။ ဒီမှာလည်း ဆေးရုံအုပ်က တချို့ဒဏ်ရာ သိပ်မပြင်းတဲ့ သံဃာတွေကို ဆင်းခိုင်းနေလို့ အဆင်မပြေ ဖြစ်နေတယ်” လို့ အကူအညီပေး ဆောင်ရွက်နေတဲ့ သံဃာတော်တပါးက ဧရာဝတီကို မိန့်ကြားပါတယ်။
မီးလောင်ဒဏ်ရာ ရရှိခဲ့တဲ့ သံဃာတော် ၈၉ ပါးနဲ့ လူပုဂ္ဂိုလ် ၉ ဦးတို့ကို ဒေသခံ လူမှုအသင်းအဖွဲ့များက မုံရွာ ပြည်သူ့ ဆေးရုံကြီးမှ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ကုသဖို့ အားလုံးကို ရွှေ့ပြောင်းလိုက်ပြီ ဖြစ်ကြောင်း သံဃာတော်တွေက မိန့်ကြားပါတယ်။
လက်ပံတောင်း သပိတ်စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အပေါ် ပြည်တွင်း ပြည်ပရှိ သံဃာတော်တွေ၊ လူထုတွေက ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူတွေကိုလည်း အာဏာပိုင်တွေက ထပ်ဆင့်ဖမ်းရှိမှုတွေ ရှိနေပါတယ်။
လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ဖော်ထုတ်ပေးပြီး စီမံကိန်း ရပ်တန့်ပေးဖို့ နိုဝင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒထုတ်ဖော်မှုမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ကိုမိုးသွေးနဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးတို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်လိုက်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ၂၆ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေးအတွက် ဆူးလေးဘုရားအနီးမှာ ဆန္ဒပြခဲ့တဲ့ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုညီညီ၊ ကိုဝေဠု၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ကိုလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ ကျောက်တံတား၊ ပန်းပဲတန်း မြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ရရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ဒီမိုကရေစီအစိုးရ စနစ်ကို သွားနေပြီလို့ ကြွေးကျော်နေတဲ့ လက်ရှိအစိုးရသစ် အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေအပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကတဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။
“ကိုင်တွယ်တဲ့ ပုံစံတခုလုံးကို ကျနော်ကတော့ ရှုတ်ချတယ်၊ ကန့်ကွက်တယ်ဆိုတာ ဒေါ်စု မသွားခင် စဖြစ်တဲ့ နေ့ကတည်းက ကျနော်ပြောပြီးသား။ ဒီလိုကိုင်တွယ်တာတွေ ကျနော်တို့လက်မခံဘူး၊ ဒီလိုလုပ်လို့လည်း မရဘူး။ အထူးသဖြင့်ကတော့ ဒီမိုကရေစီ အပြောင်းအလဲအစိုးရ ဘာညာဆိုပြီးတော့ ကြွေးကျော်နေပြီးတော့ အခုလိုလုပ်တာဟာ စကားနဲ့မညီဘူးလည်း ဖြစ်နေတယ်” လို့ ဦးဝင်းတင်က ပြောပါတယ်။
ဒါ့အပြင် “နောက်ထပ် အဖမ်းအဆီးတွေ မဖြစ်အောင် ဒေါ်စုကလည်း တာဝန်ခံတယ်လို့ ပြောတာကို ကျနော်ကတော့ ကောင်းတယ်လို့ မြင်တယ်။ ဒေါ်စုလည်း စကားတည်အောင်လုပ်မယ်၊ သြဇာညီအောင်တော့ လုပ်မှာပဲ။ အဲဒါကြောင့် ဒီလို အဖမ်းအဆီးတွေနဲ့ ပတ်သက်ရင် သူ့ကိုတိုင် လူထုရှေ့မှောက် သတင်းစာဆရာတွေကိုလည်း ပြောတဲ့ဟာဆိုတော့ သူဒါနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ တာဝန်ခံချက်ရှိတယ်လို့ ကျနော်ကတော့ မြင်တယ်” လို့ ဦးဝင်းတင်က ဆက်ပြီးပြောပါတယ်။
လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး သံဃာနဲ့ ပြည်သူများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ ဆန္ဒပြသူတွေကို ဖမ်းခြင်းနဲ့ ယခုကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိသော ဦဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ရုတ်တရက် ဖမ်းဆီးခြင်းတို့သည် သံဃာနဲ့ ပြည်သူတွေကို သွေးကြွအောင် လှုံ့ဆော်မှုလုပ်နေသလို ဖြစ်နေကြောင်း၊ အစိုးရအနေဖြင့် ရိုးသားမှုရှိလျှင် လက်ပံတောင်းအရေး လွယ်ကူစွာရှင်းလင်းနိုင်ပြီး ဆန္ဒထုတ်ဖော်မှုများလည်း ရှိမှာမဟုတ်ကြောင်း မစိုးရိမ်တိုက်သစ် အရှင် ဝီရသူက မိန့်ကြားသည်။
“ဦးဂမ္ဘီရကို ဆူပူအုံကြွမှုလမ်းကြောင်းပေါ်ကို ဆွဲတင်မယ်လို့ ယူဆပြီးတော့ တခြားမြို့တွေ မကူးစက်အောင် ထိန်းသိမ်းမယ်ဆိုလို့ ရှိရင်တော့ ဦးပဉ္ဇင်းတို့ လက်ခံနိုင်တာပေါ့၊ အဲလိုမဟုတ်ဘဲနဲ့ ဆူပူအောင် တမင်ဖန်တီးတဲ့ အနေနဲ့ သံဃာတွေကို ထိခိုက်ထားလို့ ပြည်သူတွေက ဒေါသဖြစ်နေတဲ့ ဒီအချိန်မှာ အမှုဟောင်းတွေကိုလည်း ထပ်ဖမ်းနေတယ်၊ ဆန္ဒပြတဲ့လူတွေကိုလည်း ဆက်ဆွဲနေတယ်ဆိုရင် ပြည်သူတွေရဲ့ဒေါသကို အရှိန်မြှင့်ပေးနေတယ်ဆိုရင်တော့ အစိုးရက တရားခံပဲဗျ” လို့ အရှင် ဝီရသူက ဧရာဝတီသို့ မိန့်ကြားပါတယ်။
လက်ပံတောင်းတောင် အရေးဖြေရှင်းရန် အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပေမယ့် အဲဒီအဖွဲ့အတွင်းမှာ ထိုစီမံကိန်း အကြောင်း နားလည်မှုနည်းပါးသူများ၊ တရားမျှတစွာ ဆုံးဖြတ်ပေးမယ့်သူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များ၊ လွတ်လပ်သောအဖွဲ့များ မပါဝင်တဲ့အတွက် ဒေသခံတွေက စနေနေ့က ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လက်ပံတောင်းတောင် သပိတ်မလှန်သေးကြောင်း ကြေညာထားလိုက်ပါတယ်။