လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် ဖွင့်လှစ်ထားသော တုံရွာသပိတ်စခန်းသည် ပြည်သူပိုင် လမ်းနယ်နမိတ်အတွင်း ကျရောက်နေသောကြောင့် ဖယ်ရှားပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတိပေးလိုက် ကြောင်း သတင်းရရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တုံရွာသပိတ်စခန်းသည် မုံရွာ၊ ဆားလင်းကြီး- ညောင်ပင်ကြီးလမ်းမဘေးတွင် ဖွင့်လှစ်ထားသဖြင့် ပြည်သူပိုင်လမ်းနယ်နမိတ်အတွင်း ကျရောက်နေသဖြင့် သပိတ်စခန်း အဆောက်အဦးကို ဖယ်ရှားပေးရန် အကြောင်းကြားလာခြင်းဖြစ်ပြီး စာနှင့်အတူ နိုင်ငံတော် အေးချမ်းသာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်က ပြဋ္ဌာန်းထားသော လမ်းတံတားဥပဒေစာအုပ်ကိုပါ တပါတည်း ပူးတွဲ ပေးပို့လာ ကြောင်း လက်ပံတောင်းအရေး ဦးစီးဆောင်ရွက်နေသူ ကိုဟန်ဝင်းအောင်က ပြောသည်။
အဆိုပါသတိပေးအကြောင်းကြားစာမှာ ကိုဟန်ဝင်းအောင်၏ ဖေ့ဘုတ်စာမျက်နှာမှတဆင့် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။
ထိုသတိပေး အကြောင်းကြားစာနှင့် ပက်သက်ပြီး ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာ ဦးသန်းဆွေနှင့် ဆားလင်းကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ လက်ခံဖြေကြားခဲ့ခြင်းမပြုပေ။
ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးကမူ-“ ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့တော့ ဘာမှ မသိသေးဘူး။ သူတို့ဖယ်မပေးဘူးဆိုရင်လည်း ဘယ်လိုဆက်လုပ်မယ်ဆိုတာ ကျွန်တော်တို့ မသိရပါဘူး။ ဒီသ ပိတ်စခန်း တွေကိစ္စကို ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့ ကလည်း ကိုင်တွယ်တာမဟုတ်ပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာပိုင်များ၏ သတိပေးအကြောင်းကြားလာသော်လည်း ဒေသခံများအနေဖြင့် သပိတ်စခန်းကို ဖယ်ရှားပေးလိုခြင်းမရှိကြောင်း၊ ထိုသပိတ်စခန်း ဆက်လက်ရပ်တည်နေရေးနှင့် ပက်သက်ပြီး ဒေသခံများနှင့် ညှိနှိုင်းနေ ကြောင်း ကိုဟန်ဝင်းအောင်က ဆိုသည်။
လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများ ဖွင့်လှစ်ထားသော လိပ်ခွံတောင်၊ အင်ကြင်းတောင်၊ တုံရွာသပိတ်စခန်းများမှ ဒေသခံရွာသူရွာသားများကလည်း သပိတ်စခန်းများသည် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေထဲ တွင် ရှိနေသောကြောင့် ပုဒ်မ ၁၄၄ ကိုရုပ်သိမ်းပေးရန် ဒေသခံများက လိုလားကြောင်း ၎င်းက ဆက်ပြောသည်။
“ပထမဆုံး တရားဝင်ဆန္ဒပြဖို့ စာတင်ရင် ပုဒ်မ ၁၄၄ ဒေသက ထွက်ပေးရတော့မယ်။ စီမံကိန်းက အခြေခံ တည်ဆောက်ရေး လုပ်ငန်းတွေ နေ့စဉ် လုပ်နေတော့ မြေစာပုံတာ၊ ကားဖြတ်တာတွေရှိတယ်။ အဲဒါကို ကန့်ကွက်မယ် ဆိုရင် ဘယ်လို ကြိုပြီး စာတင်မလဲ။ အဲလိုမဖြစ်ဖို့ စီမံကိန်းကို ယာယီ ရပ်ဆိုင်းပေးရမယ် ” ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင်စီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြနေသော သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ဒေသခံများက မကျေမနပ်ဖြစ်နေပြီး အကြမ်းဖက်ဖြိုခွင်းမှုနှင့် မီးလောင်ဗုံးအသုံးပြုမှုများကို တာဝန်ဖြေရှင်း ဆောင်ရွက်ပေးမည်ဆိုပါက ဒေသခံများ၏ ဆန္ဒပြမှုများ၊ သပိတ်စခန်းဖွင့်မှုများ၊ စည်တန်းလှည့်လည်မှုများ ကို ဥပဒေဘောင်အတွင်းမှ တရားဝင်ဆောင်ရွက်သွားမည်ဟု ကိုဟန်ဝင်းအောင်က ဆက်လက်ပြောသည်။
လတ်တလော သပိတ်စခန်း ၃ ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စောင့်ကြည့်နေပြီး ဖြိုခွင်းမည့် အခြေအနေများမရှိကြောင်း၊ တုံရွာသပိတ်စခန်းကို လည်း မည့်သည့် နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားထားမှုမျိုး မတွေ့ရကြောင်း တုံရွာဒေသခံ တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကလည်း ဆောက်လုပ်ရေးဘက်က အကြောင်းကြားစာမှာ လမ်းဘယ်လောက်မှာမလွတ်တာမျိုးပေမယ့် ဘာ့ကြောင့် ဖယ်ခိုင်းတယ်ဆိုတာကို တိတိ ကျကျသိရအောင် သွားမေးဖို့လည်း အစီအစဉ်မရှိဘူး။ သူတို့ သက်ဆိုင်ရာက လာညှိုနှိုင်းရင် တော့ ပြန်ညှိုနှိုင်းဖို့ အစီစဉ်ရှိ ပါတယ် ” ဟု ၎င်းက ဆိုသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွဲခံရမှုတွင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော ပြုလုပ်မှု မျိုး မတွေ့ ရကြောင်း၊ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို အရေးယူရန်မှာလည်း သက်သေမပြည့်စုံသောသဖြင့် အရေးယူရန်မှာ မဖြစ်နိုင်ကြောင်း၊ ဖြိုခွင်းမှုတွင် မီးခိုးဗုံးကိုသာ အသုံးပြုထားပြီး မိမိကိုယ်တိုင် မီးခိုးဗုံး ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သောကြောင့် မီးလောင်ဗုံးဟု မိမိမပြောနိုင်ကြောင်း မတ်လ ၁၄ ရက်နေ့က မုံရွာတွင် သတင်းသမားများနှင့်တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
“ဘာကြောင့် ဒီလိုဖြစ်ခဲ့တယ် ဆိုတာ အစီရင်ခံစာထဲမှာပါတယ်။ ဒေသခံတွေကို အစီရင်ခံစာ ဖတ်ပြီးပြီလားဆိုတော့ မဖတ်ရသေးဘူး။ အခု ဆန္ဒပြတဲ့ ရွာတွေက ရှင်းပြတာကိုလည်းနားမထောင်ဘူး။ ဒါကလည်း သူတို့မှာ ခဏ ခဏ ပဋိပက္ခ တွေ ဖြစ်ခဲ့ရတော့ ပြေပြေလည်လည် လုပ်နိုင်တဲ့ အလေ့အကျင့်တွေ မရှိတာလည်းဖြစ်နိုင်တယ်။ တခြား နိုင်ငံရေး ပယောဂ ရှိနိုင် မလားဆိုတာ မီဒီယာတွေအနေနဲ့ ကြည့်ပေါ့ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဆောင်ရွက်နေသော လက်ပံတောင်းကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်သည်ဆိုသော လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် ဒေသခံများ၏ မကျေမနပ်ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။