လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းဆည်းခံ ကျေးရွာများအတွက် မြေယာ လျော်ကြေးများကို အစီရင်ခံစာ အကောင် အထည် ဖော်ရေး ကော်မတီက ပေးအပ်နေသော်လည်း ဆည်တည်း၊ ဝက်မှေးရွာဟောင်းနှင့် တုံကျေးရွာတို့က လျော်ကြေး မယူသေးကြောင်း သိရသည်။
“ကျမတို့ရဲ့မြေတွေကို ဘိုးစဉ်ဘောင်ဆက် ဆက်လက် လုပ်ကိုင်ခွင့် မရတော့ဘူးလို့ စာချုပ်ထဲမှာ ပါနေတယ်၊ မြေလျော် ကြေးက နည်းတယ်၊ ကျမတို့ရဲ့ မြေယာတွေကို မစွန့်လွှတ်နိုင်ဘူး။ ဒါကြောင့် လျော်ကြေး မယူသေးတာ” ဟု ဆည်တည်း ရွာနေ မစန်းနုက ပြောသည်။
လက်ပန်းတောင်းတောင် အစီရင်ခံစာ အကောင်ထည်ဖော်ရေး ကော်မတီက မြေယာသိမ်းဆည်းခံရသည့် ကျေးရွာအုပ်စု အလိုက် တဧကလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် လျော်ကြေး ပေးအပ်သော်လည်း အဆိုပါငွေပမာဏသည် တနှစ်စာ သီးနှံ၏ အမြတ်ငွေ ပမာဏခန့်ပင်ရှိကြောင်း၊ ဒေသခံများက လာမည့် နှစ် ၆၀ အထိ မြေယာများကို လုံးဝ မသက်ဆိုင်ကြောင်း စာချုပ် ချုပ်ဆိုရမည်ဖြစ်သဖြင့် လျော်ကြေးငွေ ပမာဏသည် အလွန်နည်းပါးနေကြောင်း၊ ထို့အပြင် ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က စီမံကိန်းအတွက် စာချုပ် မချုပ်ရသေးသဖြင့် ဒေသခံများက အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရသည်။
ဝက်မှေးကျေးရွာဟောင်း ဒေသခံ မအေးနက်ကလည်း လက်ရှိ ရွာထဲမှ ဒေသခံ ၄ ဦးသာ လျော်ကြေးယူထားပြီး တခြား ရွာခံ တဦးက လျော်ကြေးမယူကြောင်း၊ လျော်ကြေး ယူလိုက်သည့် ဒေသခံများကလည်း လယ်ယာမြေများပေါ်တွင် မြေစာများ ပုံထားပြီး ဖြစ်နေသည့် အခြေအနေကြောင့်သာ ယူလိုက်ခြင်းဖြစ်ကြောင်း ပြောပြသည်။
အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီက ပေးသည့် မြေယာလျော်ကြေးများကို ဖောင်းကတာ၊ ရွာရှည်၊ အုန်းတောနှင့် ဝက်မှေးရွာသစ် ကျေးရွာများက သဘောတူညီချက်ဖြင့် ယူထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာဝမ်ပေါင် ကုမ္ပဏီက သိမ်းထားသည့် လယ်ယာမြေများအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၄၆၀၀၀ ကျော်ကို မတ်လ ၁၅ ရက်က စတင်ထုတ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ဦးပိုင်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီဘက်က လျော်ကြေးပေးရမည့် မြေဧကမှာ ၆၀၀၀ ကျော်ဖြစ်ပြီး လက်ရှိ လျော်ကြေးမှာ ၅၅၉၈ သိန်းကျော် ဖြစ်ကြောင်း မတ် ၁၇ ရက် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
“လျော်ကြေးစာချုပ်က မြေယာတွေကို ထာဝရ စွန့်လွတ်ကြောင်း ပုံစံမျိုး ဖြစ်နေတော့ ဒေသခံတွေက စောင့်ကြည့်နေတယ်၊ ဘယ်သူ့ငွေကြေး၊ ညွှန်ကြားချက်၊ ဖိအားပေးမှုနဲ့မှ မဆိုင်ဘူး၊ စီမံကိန်းဖျက်သိမ်းရေးကိုပဲ ဆက်လက်တောင်းဆိုမှာပါ” ဟု လက်ပန်းတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားမှုများတွင် ကူညီဆောင်ရွက်နေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။
တုံကျေးရွာ၊ ဆည်တည်းကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော်က မတ် ၂၃ ရက်တွင် လက်ပန်တောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းပေးရေး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ချက် ရုပ်သိမ်းရေးနှင့် မီးလောင်ဗုံးတရားခံများကို ဖော်ထုတ်ပေးရေးတို့ကို ဆန္ဒထုတ်ဖော်ရန်အတွက် ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် ခွင့်ပြုချက်ယူနေကြောင်း သိရသည်။