လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှကို မုံရွာမြို့နယ် တရားရုံး၌ နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ယနေ့ နံနက်ပိုင်းတွင် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၇၊ ၂၈၊ ၂၉ ရက် ၃ ရက်ဆက်တိုက် တရားရုံး ထုတ်ခဲ့ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲမှူး ဦးကြူအင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ထိုသို့ ရက်ဆက်တိုက် တရားရုံး ထုတ်ခြင်းက နိုင်ငံရေးနှင့် သက်ဆိုင်သော အမှုများတွင် လုပ်လေ့လုပ်ထ ရှိသော်လည်း အကျိုးဆောင် ပေးရသော ရှေ့နေများအတွက် အခက်အခဲ ဖြစ်ရကြောင်း ဒေါ်နော်အုန်းလှကို အကျိုးဆောင်ပေးသည့် ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်က အခုလို တရားရုံး ဆက်တိုက်ထုတ်တာကို မလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ဆက်စစ်မယ်လည်း ဆိုရော ကျနော်က တရားခံ ထောင်ကျတာ တိုင်းပြည်နစ်နာတာပဲဆိုပြီး ထွက်လာတယ်။ ကျနော်တို့ အကျိုးဆောင် ပေးရတဲ့ ရှေ့နေ တွေက တခြားရုံးချိန်းတွေနဲ့ ချိန်ဆပြီး ရက်ချိန်း တောင်းရတော့ အခုလို ဆက်တိုက် ထုတ်တဲ့အခါ ဘယ်လိုမှ ဆောင်ရွက် ပေးလို့ မရဘူး။ ကျနော်လည်း သြဂုတ် ၂၇ ရက် တရက်တည်းပဲ နေနိုင်တာ။ အခု ဒီနေ့ အမိန့်ချတာမှာ ကျနော် မရှိခဲ့ပါဘူး။ ကျနော့် နောက်ကွယ်မှာပဲ လုပ်ခဲ့တာပါ။ ဒါပေမယ့် ဥပဒေအရ ရှေ့နေမရှိလည်း အမှုစစ်လို့ရ၊ အမိန့်ချလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။
ယခု ဒေါ်နော်အုန်းလှအမှုသည် အနည်းငယ် အငြင်းပွားမှု၊ ရှုပ်ထွေးမှုများရှိသောကြောင့် မြန်ဆန်စွာ အမိန့်ချခြင်းသည် ဥပဒေအရ အကျုံးဝင်သော်လည်း မသင့်လျော်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါ်နော်အုန်းလှကို ၂၇ ရက်နေ့၌ စတင်စစ်ဆေးရန် ရုံးထုတ်ခဲ့သော်လည်း နောက်တနေ့ ၂၈ ရက်နေ့တွင် ဆက်တိုက် တရားရုံး ထုတ်ခဲ့ရာ အာဏာပိုင်များ၏ မတရား တဘက်သတ် အမှုဖွင့် ရုံးတင်မှုကို ကန့်ကွက်သောအားဖြင့် ရုံးမထွက်ဘဲ ထောင်ထဲတွင် ဆန္ဒပြခဲ့သည့် ဒေါ်နော်အုန်းလှအား ရဲများက ထောင်ထဲမှ အတင်းအဓမ္မ ဆွဲခေါ်ခဲ့မှုကြောင့် အဝတ်အစားများ စုတ်ပြဲခဲ့ခြင်း၊ ခန္ဓာကိုယ် ပွန်းပဲ့ပြီး သွေးထွက်သံယိုများ ဖြစ်ခဲ့ခြင်းတို့ ရှိခဲ့ကြောင်း ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ တွင်လည်း ဒေါ်နော်အုန်းလှက တရားရုံးသို့ သွားရန် ဆက်လက် ငြင်းဆန်ခဲ့သောကြောင့် ရဲများက အင်အားသုံးခဲ့ကြောင်း၊ ထို့ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒေါ်နော်အုန်းလှကို ၃ ရက်တည်း ရက်ဆက်ရုံးထုတ်ပြီး အမိန့်ချခဲ့တာကို ကြည့်ရင် သူတို့က အတင်းကို အပြစ်ပေးချင် နေတယ် ဆိုတာ အရမ်းသိသာတယ်။ အာဏာပိုင်တွေဘက်မှာ စမဖမ်းခင် ကတည်းက ဒီလိုလုပ်မယ်ဆိုတာ ကြိုတင် စီမံထားတယ်လို့ ကျနော်တော့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်နော်အုန်းလှသည် လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ ခွင့်ပြုချက် ၉ ကြိမ်တိတိ တင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသဖြင့် သြဂုတ်လ ၁၃ ရက်နေ့က မုံရွာ မြို့ပေါ် တွင် လက်ပံတောင်း ဒေသခံ ၁၅၀ ခန့်နှင့်အတူ ခွင့်ပြုချက် မတောင်းတော့ဘဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲများက ဒေါ်နော်အုန်းလှနှင့် အတူ လက်ပံတောင်းဒေသခံ ၉ ဦး တို့ကို ဖမ်းဆီးခဲ့သည်။
ထိုဖမ်းဆီးမှုကြောင့် အဆိုပါ နေ့ညနေပိုင်းတွင် ဒေသခံများက မုံရွာရဲစခန်းသို့ သွားရောက် ထိုင်သပိတ် ပြုလုပ်ခဲ့ကြကြောင်း၊ ထို့အတွက် လက်ပံတောင်းဒေသခံ ၉ ဦးကိုမူ စည်တန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲပြီး ခံဝန်ကတိဖြင့် ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ဒေါ်နော်အုန်းလှကို ပုဒ်မ ၁၈ အပြင်၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် မုံရွာထောင်သို့ ပို့ခဲ့ကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်နှင့် ရန်ကုန်မြို့တို့တွင် လက်ပံတောင်း ဆန္ဒပြပွဲအား မီးလောင် ဗုံးများဖြင့် ဖြို ခွင်းခဲ့မှု ၉ လပြည့် အောက်မေ့ဖွယ်များ ကျင်းပသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်း တောင်ခြေရှိ တုံကျေးရွာမှ ဒေသခံအင်အား ၂၀၀ ဝန်းကျင်ဖြင့် စတင် စီတန်း လှည့်လည် ကြမည်ဖြစ်ပြီး ဆည်တဲရွာအထိ သွားရောက်မည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် ဒေသခံ မစန္ဒာက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တွင်လည်း လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်ပွဲ၌ မီးလောင် ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ခဲ့ကြသူများကို ရည်စူးပြီး ရွှေတိဂုံ ဘုရားရင်ပြင်တွင် ဆုတောင်းပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။