လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကန့်ကွက်မှုတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းအပြီး ရက်သတ္တ ၂ ပတ်အကြာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရေး အကြပ်အတည်းတွေအပြင် လူ့အခွင့်အရေး ဆိုင်ရာတွေကို ထည့်သွင်းစဉ်းစားလာရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်း ၁၀ နိုင်ငံ စာရင်းဝင် နိုင်ငံတခုပါ။
ဗြိတိသျှ စီးပွားရေး အကြံပေး ကုမ္ပဏီဖြစ်တဲ့ Maplecroft ရဲ့ ၂၀၁၃ ခုနှစ်၊ လူ့အခွင့်အရေးဆိုင်ရာ ညွှန်းကိန်း (Human Rights Risk Atlas 2013) အရ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အမြင့်မားဆုံး နိုင်ငံတွေဖြစ်တဲ့ ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယာ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တွေပြီးရင် ဆဋ္ဌမမြောက် အဆိုးဆုံးနိုင်ငံ တခုလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၁၈ လလောက်က စပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပါအဝင် အဖက်ဖက်က ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေလင့်ကစား နိုင်ငံခြား ရင်းနှီးမြှုပ်သူတွေဟာ သူတို့ရဲ့ စီးပွားရေးလုပ်ဆောင်မှု ပုံရိပ်ကို ထိပါးမယ့်အရေး စိုးရိမ်ရမှုတွေကတော့ မြင့်မားနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို အခြေအနေမှာ အနောက်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံက လာရောက်ရင်းနှီး မြှုပ်နှံကြမယ့် လုပ်ငန်းစုံ ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ သတ္တုတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွေမှာ တွေ့ကြုံနိုင်တဲ့ အခြေအနေတွေကိုပါ ထည့်သွင်း စဉ်းစားလာရပါတယ်။
လတ်တလောမှာလည်း လယ်ယာမြေ သိမ်းဆည်းမှုတွေ၊ အတင်းအကြပ် လုပ်အားပေး ခိုင်းစေတာတွေ၊ စစ်တပ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းရဲ့ ပိုက်လိုင်း ဆက်သွယ်မှု ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စောင့်ကြည့်တာ ခံနေရပါတယ်။
စီးပွားရေး တိုးတက်မှုအတွက် ဖိအားတွေ များပြားလာသလို ဖြေရှင်းရမယ့် ပြဿနာရပ်တွေလည်း တပုံတပင် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ဘန်ကောက် အခြေစိုက် အာဆီယံနိုင်ငံများအတွင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ လယ်ယာမြေဆုံးရှုံးမှုတွေ၊ လုပ်ငန်းခွင်အတွင်း မမျှတမှုတွေအတွက် ဆန္ဒပြမှုတွေကို စာရင်းပြုစုနေပါတယ်။
လတ်တလောအနေနဲ့ ချောင်းသာကမ်းခြေ ဟိုတယ်စီမံကိန်း၊ ဗိုလ်တထောင် မြို့နယ်အတွင်းရှိ စက်မှုဇုန် စတဲ့ စီမံကိန်းတွေအတွက် မြေသိမ်းခံထားရသူများရဲ့ ဆန္ဒပြမှုတွေ၊ မိုးထိမိုးမိရွှေလုပ်သားများ ဖမ်းဆီးရိုက်နှက်ခံရမှုတွေ၊ ဒီ ဖြစ်စဉ်တွေအပေါ် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒီလို ဖြစ်ရပ်မျိုးဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာလည်း ပေါ်ပေါက်နေတယ်လို့ Maplecroft ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆက်လက်ပြီးတော့လည်း တကမ္ဘာလုံး အတိုင်းအတာအရ နိုင်ငံပေါင်း ၁၉၇ နိုင်ငံမှာ ၃၂ နိုင်ငံဟာ နှစ်အနည်းငယ်အတွင်း လူ့အခွင့်ရေး ချိုးဖောက်မှု မြင့်တက်လာတယ်လို့ ပါရှိပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ –
– စီမံကိန်းကြီးများနှင့် လယ်ယာထုတ်ကုန် လုပ်ငန်းတွေက ရရှိလာတဲ့ အကျိုးအမြတ် ခွဲဝေရာမှာ မျှတမှု မရှိတာကြောင့် လူမှုရေး တင်းမာမှု ပေါ်ပေါက်လာခြင်း၊
– ဆက်သွယ်ရေးနည်းပညာ တိုးတက်လာမှုက လူထုရဲ့ မကျေနပ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြင့်လာအောင် လှုံ့ဆော်ပေးနိုင်ခြင်း၊
– ဆန္ဒပြသူတွေ၊ နိုင်ငံရေး အမြင်ကွဲလွဲသူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ လုံခြုံရေးအဖွဲ့တွေ အပေါ် အပြစ်ပေး အရေးယူမှု မရှိခြင်းတွေ ပါဝင်ပါတယ်။
“နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစွပ်စွဲ အပြောအဆိုခံရမှာကို အလွန် စိုးရိမ်ကြပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး အခြေပြုကြပြီး အဲဒီနိုင်ငံ အများစုမှာလည်း လူမှုရေး မကျေနပ်ချက်တွေ ပေါ်ပေါက်နေတယ်” လို့ Maplecroft အမှုဆောင်အရာရှိချုပ် အယ်လီဆန် ဝါးဟာ့စ် (Alyson Warhurst) က ပြောပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတာ လက်မခံနိုင်စရာ အမြင်မျှသာ မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ စီးပွားရေး အတွက်ပါ အန္တရာယ်ရှိတဲ့ အနေအထားပါ။ ဒီလို နိုင်ငံရေး မတည်ငြိမ်မှုနဲ့ လူမှုစီးပွားရေး မမျှတမှုတွေ ပေါ်ပေါက်နေတဲ့ နိုင်ငံတွေမှာ အစိုးရနဲ့ လာရောက် ရင်းနှီး မြှုပ်နှံသူတွေ အပေါ် လူထု မနှစ်သက်မှုတွေ တိုးတက်များပြားလာနေပါတယ်” လို့ သူက ဆိုပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှု မြင့်မားနေခြင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံရာမှာ ငွေကြေး စိုက်ထုတ်မှုအပြင် ဥပဒေနဲ့အညီ ဖြစ်စေဖို့၊ ဂုဏ်သိက္ခာကို မထိပါးစေဖို့ ဆိုတာတွေ သတိကြီးကြီးထားဖို့ သူက အလေးအနက် တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာတော့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့ စစ်တပ်ကို အသုံးချ လုပ်ကိုင်လာတာတွေ တွေ့ရှိရသလို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ပြည်သူအပေါ် ဘက်လိုက် လုပ်ဆောင်တာတွေ၊ ပြည်သူလိုလားမှုကို ဆန့်ကျင် လုပ်ဆောင်တာတွေ တွေ့နေရပါတယ်။ ဒီလို လုပ်ဆောင်နေတာဟာ ယခင်စစ်အစိုးရ အုပ်ချုပ်မှုရဲ့ အကျိုးဆက်လို့ ဆိုရမှာပါ။ ဥပမာအားဖြင့် မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းက လုပ်ဆောင်နေတာမျိုးတွေပါ။
“တချို့ အနောက်နိုင်ငံ ရေနံလုပ်ငန်းငယ်လေးတွေကတော့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ အခွင့်အလမ်း ရယူနေပါပြီ။ သို့ပေမယ့် နိုင်ငံစုံ ကုမ္ပဏီကြီးတွေကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာပိုင်း၊ အထူးသဖြင့် မိမိအစိုးရပိုင်းအတွက် ဂုဏ်သိက္ခာ ကျဆင်းစေမယ့် အနေအထားမျိုးကို လက်မခံနိုင်ကြပါဘူး” လို့ ဘန်ကောက်အခြေပြု ဒေသတွင်း စက်မှု စွမ်းအားအခြေ အနေလေ့လာသူ ကော်လင် ရေးနိုးလ်စ် (Collin Reynolds) က ဧရာဝတီကို ပြောပါတယ်။
“မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းပြီး ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ လုပ်ကိုင်နေတာတွေ၊ တရုတ်ကို ပိုက်လိုင်းဆက်သွယ်မှု စတာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ရှင်းလင်းမြင်သာ လုပ်ဆောင်ဖို့ လိုအပ်နေပါ ပြီ” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ မရှင်းလင်းသေးတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး ထွက်ပေါက် အလင်းရောင် ရလာနိုင်ပါလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု ၄၀၀၀ ကျော်မှာ ၃၀၀ လောက်ကိုပဲ အစိုးရရဲ့ ကော်မရှင်က စုံစမ်းစစ်ဆေးနိုင်သေးတယ်လို့ ဆိုပါတယ်။ အဲဒီလို စစ်ဆေးနေပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ဘယ်လိုပေးပြီး၊ ဘယ်လို စုံစမ်းဖော်ထုတ်မယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သမ္မတ ဦးသိန်းစိန် အနေနဲ့ လွန်ခဲ့တဲ့ တနှစ်လောက်က ကတိပေးထားတဲ့ တရုတ်နဲ့ ပူးပေါင်းပြီး တည်ဆောက်မယ့် ဧရာဝတီ မြစ်ဆုံရေကာတာ တည်ဆောက်မှု ရပ်နားထားတယ် ဆိုတာဟာလည်း လက်တွေ့မှာ မတင်မကျ အနေအထားမှာပဲ ရှိနေသေးပါတယ်။ ပြီးတော့ အောက်ခြေရှိ ဒေသတွင်း အုပ်ချုပ်ရေးနဲ့ ဥပဒေရေးရာတွေမှာလည်း ရှုပ်ထွေးနေတဲ့ အနေအထားမှာ ရှိနေဆဲပါ။
“သမ္မတ သိန်းစိန် အနေနဲ့ ယခင် အုပ်ချုပ်ရေးရဲ့ အခြေခံကို မပြုပြင်နိုင်သေးပါဘူး။ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး မြန်မြန်ဆန်ဆန် တိုးတက်ဖို့ ဆိုရင် ရှေ့ဆက်သွားမယ့် မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲနိုင်မှ ဖြစ်မှာပါ” လို့ အမေရိကန် စီးပွားရေးပညာရှင်နဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ Lex Rieffel က ပြောပါတယ်။