ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ အစိုးရယန္တရားအတွင်း အဂတိတရား ကင်းရှင်းရေး၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော ၉ ဦးပါ “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ယင်းကော်မတီတွင် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံးဝန်ကြီးများ ဖြစ်သည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ သမ္မတဥပဒေ အကြံပေး ဦးသန်းကျော်၊ သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးလှထွန်းတို့ ပါဝင်သည်။
လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များ ပါဝင်နိုင်သည်ဟု မူလက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင် ပါဝင်ခြင်းမရှိပေ။
သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က မကြာသေးမီတွင် သမ္မတ ဦးသိန်းစိန်က အစိုးရတာဝန်ရှိသူများကို ပြောကြားသည့် မိန့်ခွန်းအတိုင်း သန့်ရှင်းသည့်အစိုးရ ဖြစ်လာရန် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုပြုရေး ဒု သမ္မတ ပါဝင်သော အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးခြင်းဟု ဆိုသည်။
ဒု ဝန်ကြီး ဦးရဲထွဋ်က “အစိုးရအဖွဲ့အတွင်းမှာ လာဘ်ပေးလာဘ်ယူကိစ္စ နှိမ်နင်းဖို့ဆိုရင် ဥပဒေလုပ်ထုံးလုပ်နည်းအရ လုပ်ရမှာတွေ၊ နောက်တခါ Good Governance ကိစ္စမျိုးတွေကို အားဖြည့်ရမှာတွေ၊ အဲဒီကိစ္စတွေ ပေါင်းစည်းစဉ်းစားပြီး မူဝါဒအရ အကောင်အထည်ဖော်ဖို့ ဖွဲ့ဒီအဖွဲ့ကို ဖွဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် အရေးယူမှုများကို အောက်ခြေအဆင့် သို့မဟုတ် မည်သည့်အဆင့်မှ စတင် လုပ်ဆောင်မည်၊ ယခင်စစ် အစိုးရလက်ထက်နှင့် အစိုးရ အကူးအပြောင်းအတွင်း ဖြစ်ပွားခဲ့သည့် လာဘ်ပေးလာဘ်ယူမှုများကို ပြန်လည်ဖော်ထုတ်မည် စသည့် အချက်များကိုမူ မသိရှိကြောင်း၊ လုပ်ငန်းတာဝန် အသေးစိတ်ကို ဒု သမ္မတနှင့် အဖွဲ့ဝင်များ စည်းဝေးဆုံးဖြတ်ရဦးမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်က သမ္မတ ဦးသိန်းစိန်မှ အစိုးရအဖွဲ့ဝင်များအား ပြည်သူနှင့် ထိတွေ့သည့် ဌာနဆိုင်ရာများနှင့် မြို့နယ်၊ ရပ်ကျေးအဆင့်၌ပင် အဆင်မပြေမှုများ ရှိနေပြီး ဥပဒေလုပ်ထုံးလုပ်နည်းများ စည်းကမ်းနှင့်အညီ စီမံမှုမရှိကြောင်း၊ ထို့ကြောင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လာကြောင်း၊ အောက်ခြေအဆင့်မှ ပြည်ထောင်စု အဆင့်အထိ ပြုပြင်ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၂၀၁၁ ခုနှစ် နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် မြန်မာနိုင်ငံသည် အောက်ဆုံးမှ စရေလျှင် မြောက်ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန် နိုင်ငံနှင့်အတူ အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံများထဲတွင် တတိယ နေရာ၌ ရှိနေသည်။
လာဘ်ပေးလာဘ်ယူမှု အမြင့်ဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု ပိုမိုများပြားလာခဲ့ရာ၊ စစ်အစိုးရအား ဆက်ခံသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ထိုကြောင့် ပြီးခဲ့သည် သြဂုတ်လကလည်း နေပြည်တော်၌ ကျင်းပသော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က “လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားကြရန် လိုအပ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က သတိပေးခဲ့သည်။
သမ္မတ၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဦးမြင့်က အကျင့်ပျက်ခြစားမှုဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေး အားနည်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အကြောင်းအရင်းအမှန်ကို ထုတ်ဖော် မကိုင်တွယ်နိုင်သရွေ့တိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့သော်ငြားလည်း အကျိုးသက်ရောက်မှု မရှိကြောင်း စာတမ်းများရေးသား၍ ထောက်ပြခဲ့ဖူးသည်။
အလားတူ ရန်ကုန်တက္ကသိုလ် စီးပွားရေး ပါမောက္ခဟောင်း ဒေါက်တာလှမြင့်ကလည်း မဖွံ့ဖြိုးသေးသည့် နိုင်ငံတနိုင်ငံတွင် ချိနဲ့သည့် တရားစီရင်ရေး၊ အစွမ်းမထက်သည့် အုပ်ချုပ်ရေးကြောင့်သာ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်မှုများ ဖြစ်ပေါ်စေကြောင်း၊ လွယ်လွယ် တိုက်ဖျက်မရဘဲ ထိုအကျင့်ဆိုးကို ပြောင်းလဲရန် ဝန်ထမ်းများ ဖူလုံရေးနှင့် လူဘောင်အဖွဲ့အစည်း ဖွံဖြိုးရေး အခြေခံကောင်းများ တည်ဆောက်ရမည်ဟု ပြောဆိုဖူးသည်။