နေပြည်တော်၊ ဝဲကြီးကျေးရွာတွင် ပြန်ကြားရေးဝန်ကြီးဌာနက မြေသိမ်းယူထားခြင်းကို အကြောင်းပြု၍ ဒေသခံ ရွာသားများ နှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ ယင်းအမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သူ ရွာသား ၁၀ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး လာရောက်အဖမ်းမခံပါက အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် နေပြည်တော် ဇဗ္ဗူသီရိနှင့် ပုဗ္ဗသီရိ မြို့နယ်၊ ဝဲကြီး၊ ကျောက်ခွင့် ၊ သရက်ပင် နှင့် အင်းတိန် ကျေးရွာများမှ လယ်မြေဧက ၅၀၀ ခန့်ကို သတင်းစာတိုက်နှင့် စက်ရုံများဆောက်လုပ်ရန် သိမ်းယူခဲ့ကြောင်း၊ သိမ်းဆည်းလယ်မြေများတွင် ဒေသခံရွာသားများက ဝင်ရောက် စိုက်ပျိုးထွန်ယက်မှုများ ဆောင်ရွက်ခဲ့ရာ ရဲတပ်ဖွဲ့က ဒေသခံ ရွာသားများကို ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း၊ စက်တင်ဘာလ ၂၀ရက်နေ့ ညသန်းခေါင်ယံကျော် အချိန်တွင် ဝဲကြီးကျေးရွာမှ လယ်သမား များ၏ အိမ်များကို ရဲတပ်ဖွဲ့ဝင် များက ဝင်ရောက်စီးနင်းခဲ့ရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ ဒေသခံ ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
ဝဲကြီးကျေးရွာ ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သော ရွာသား ၁၀ ဦးကို အေးအေးဆေးဆေး အဖမ်းခံရန် သက်ဆိုင်ရာ ကျေးရွာအာဏာပိုင်များထံ လာရောက်အကြောင်းကြားခဲ့ပြီး ၃ ကြိမ်ဆင့်ခေါ်၍ လာရောက် အဖမ်းမခံလျှင် အင်အား သုံးဝင်ရောက်ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့က တရားဝင်ပြောဆိုထားကြောင်း၊ ဝဲကြီးပဋိပက္ခတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝဲကြီးကျေးရွာ ရပ်/ကျေး ဥက္ကဋ္ဌတဦး ဖြစ်သူ ကိုဇော်လတ်က လယ်ယာမြေပိုင်ဆိုင်မှု မရှိသော်လည်း လယ်သမားများကို လယ်ယာမြေ ဥပဒေများ ရှင်းပြခြင်း၊ လယ်ယာမြေအရေး ကိစ္စများတွင် ကူညီဆောင်ရွက်ပေးခဲ့ပြီး လယ်သမားများကို အားပေးကူညီမှုဖြင့် ရဲက အလိုရှိနေကြောင်း နေပြည်တော် ခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇာနည်က ဧရာဝတီသို့ ပြောသည်။
“ရဲက အေးအေးဆေးဆေး အဖမ်းခံစေချင်တယ်။ ၃ ကြိမ်ခေါ်ပြီး မလာလို့ အင်အားသုံးရရင် ကျနော်တို့ ပါတီအတွက်ရော ဒေသခံ လယ်သမားတွေအတွက်ရော မကောင်းဘူးလို့ လာပြောတယ်။ နေပြည်တော်ကောင်စီနယ်မြေဖြစ်လို့ သူတို့မှာလဲ အပေါ်က ဖိအားတွေ ရှိနေတယ်လို့ ပြောတယ်´´ဟု ပုဗ္ဗသီရိမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌကိုအောင်အောင် က ပြောသည်။
ဝဲကြီးကျေးရွာသားများကို အမှုဖွင့်ထားသော နေပြည်တော်၊ ရွှေတွင်းကုန်းရဲစခန်းမှ ဒုရဲအုပ် ဝင်းဗိုလ်က “သူတို့အနေနဲ့ အေးအေးဆေးဆေး လာပြီးတော့ ရဲစခန်းနဲ့ တရားရုံးမှာလာရောက်ဖြေရှင်းမယ် ကျနော်တို့က အေးအေးချမ်းချမ်း ပဲလက်ခံ မှာပါ ။ အဲလိုမဟုတ်ဘဲနဲ့ အုတ်အော်သောင်းနင်း လူတွေအများကြီး ခေါ်လာပြီး လူအုပ်နဲ့လာဝိုင်းရင်တော့ ကျနော် တို့က လက်မခံဘူး”ဟု ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူထားသောမြေများအတွက် ပိုင်ဆိုင်မှု အထောက်အထားရှိသူများကို လယ်မြေ တဧက လျှင် ငွေကျပ် ၃ သိန်းခွဲ၊ ယာမြေ တဧကလျှင် ငွေကျပ် ၂ သိန်းခွဲနှုန်းဖြင့် စုစုပေါင်း ၁၀၅ သိန်းလျော်ကြေး ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်တွင် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာနက သိမ်းယူထားသော လယ်မြေများတွင် အထောက်အထားခိုင်လုံသူ ၄၄ ဦးရှိရာ ၂၉ ဦးမှာ လျော်ကြေး လက်ခံခဲ့သော်လည်း ကျန် ၁၇ ဦးမှာ အချင်းချင်းပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ လျော်ကြေးနည်း၍ မထုတ်ယူခြင်း များရှိနေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။