အစိုးရက လာမည့် ဧပြီလမှစတင်ပြီး အစိုးရဝန်ထမ်းများအားလုံးကို လစာ ၂၀၀၀၀ ကျပ်တိုးမြှင့်ပေးမည်ဟု တရားဝင် သတင်း ထုတ်ပြန် ပြီးနောက် ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းများ အတက်အကျ မတည်မငြိမ် ဖြစ်နေကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်က တပ်မတော်သားများနှင့် နိုင်ငံ့ဝန်ထမ်းများအားလုံးကို လစာ၊ စရိတ်၊ နေ့စားလုပ်ခများကို ခေတ်ကာလ နှင့် အညီတိုးမြှင့် ပေးမည်ဖြစ်ပြီး တိုးမြှင့်ပေးရန်အတွက် နိုင်ငံ့ဘဏ္ဍာကို ကျပ်ငွေ ၃၈၅ ဘီလီယံထိ သုံးစွဲ သွားမည်ဟု မတ်လ ၁၃ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး တွင် တရားဝင် ထုတ်ဖော် ပြောဆို ခဲ့ပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဦးဝင်းရှိန်က ဝန်ထမ်းအားလုံး လစာ ကျပ် ၂၀၀၀၀ တိုးမြှင့်ပေး မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မတ်လ ၁၃ ရက်နေ့ လစာတိုးမြှင့်သတင်းထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာ နှင့်ရွှေဈေးနှုန်းများမှာ အမြင့်ဆုံး ထိုးတက်ခဲ့ပြီး လက်ရှိအချိန်အထိ အတက်အကျ မတည်မငြိမ်ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏အထွေထွေအတွင်းရေးမှူးဦးဝင်းမြင့်က လစာတိုးမြှင့်မည်ဆိုသော သတင်းများ ထွက်ပေါ် လာချိန်က ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတကျပ်သားလျှင် ၇၄၀၀၀၀ ဝန်းကျင်မှ ၇၅၅၀၀၀ အထိ အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း၊ ဒေါ်လာဈေးနှုန်းမှာမူ ပြင်ပဈေးကွက်များတွင် အမေရိကန် တဒေါ်လာလျှင် ၈၉၅ ကျပ်အထိ အမြင့်ဆုံး တက်ခဲ့ကြောင်း၊ ယနေ့တွင်မူ အမေရိကန်ဒေါ်လာဈေးနှုန်းမှာ တဒေါ်လာလျှင် ၈၈၂ ကျပ်နှင့် အခေါက်ရွှေ ဈေးမှာမူ တကျပ်သားလျှင် ၇၅၁၀၀၀ ဈေးပေါက်နေ ကြောင်း၊ လစာတိုးမည့်သတင်းကြောင့် ဈေးကွက်တွင် ရွှေနှင့်ဒေါ်လာ တန်ဖိုး အတက် အကျ ငြိမ်သက်မှုမရှိကြောင်း ပြောသည်။
“လစာတိုးမယ်ဆိုတဲ့သတင်းတွေထွက်လာတော့ ရွှေနဲ့ဒေါ်လာတက်သွားခဲ့တယ်။ တကယ်တန်းလစာကလည်း တိုးသေးတာမဟုတ်ဘူး။ ဒီအပေါ်မှာ ဈေးတက်မလားဆိုပြီး ဈေးကစားတာမျိုးတွေရှိတယ်။ တကယ်တန်းတော့ ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေး အတက်အကျပေါ်မူတည်တယ်။ ရွှေအဝယ် ကတော့ မတ်လ ၁၃ ရက်နေ့က အဝယ်လိုက်ခဲ့ပေမယ့် အခုတော့ ပြန်အေးသွားတယ်” ဟု ဦးဝင်းမြင့် က ဆိုသည်။
ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးအမြင့်ဆုံးရောက်ရှိချိန်က ပုဂ္ဂလိကငွေလဲစင်တာများတွင် ဒေါ်လာအဝယ်သာလက်ခံပြီး ပြန်လည်ရောင်းချမှုမပြုတော့ဘဲ အရောင်းပိတ်ပင်မှုများပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
“ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးတအားထိုးတက်တုန်းက ငွေလဲစင်တာတွေက အရောင်းပိတ်ပြီး အဝယ်ပဲ လက်ခံတယ်။ အခုတော့ ငွေလဲစင်တာတွေက ပြင်ပဒေါ်လာဈေးနှုန်းထက် ဒေါ်လာဈေးကို ပိုဖွင့်ပြီး အရောင်းအဝယ်လုပ်တယ်။ ဥပမာ- ပြင်ပဈေးကွက်မှာ အမေရိကန်တဒေါ်လာ ၈၈၂ ကျပ်လောက်ပဲ ပေါက်ရင် ငွေလဲစင်တာတွေက ဒေါ်လာဝယ်ချင်တဲ့သူကို တဒေါ်လာ ၈၈၅ ကျပ်လောက်နဲ့ ပြန်ရောင်းတယ်။ ဒေါ်လာဝယ်တဲ့သူလည်း များတယ်။ အရောင်းအဝယ်ကောင်းတယ် ပြောရမယ်” ဟု ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားငွေလဲဒိုင်တဦးက ဧရာဝတီသို့ ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက နိုင်ငံဝန်ထမ်းနှင့် အလုပ်သမားများ၏ ဝင်ငွေ တစ်ဦးချင်း ဝင်ငွေကို နိုင်ငံခြားငွေဖြင့် ဖော်ပြရာတွင် အမြင်ကောင်းစေရန်နှင့် ကိန်းဂဏန်းများစေရန် တဒေါ်လာ ငွေလဲနှုန်း ၈၅၀ ကျပ် ဝန်းကျင်တွင်ထားရှိနေသလော၊ တဒေါ်လာ ၉၅၀ကျပ်နှင့် ၁၀၀၀ ကျပ် ထားရှိလျှင် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည်ကို သိလျက်နှင့် မျက်ကွယ်ပြုနေသလောဟု ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မိန့်ခွန်းပြောဆိုမေးခွန်းထုတ်ခဲ့ပြီး ယင်းပြောဆိုချက်ထွက်ပေါ်ချိန်မှ စတင်ကာ အမေရိကန်ဒေါ်လာ တန်ဖိုး တအိအိမြင့်တက်လာခြင်းဖြစ်သည်ဟု သိရှိရသည်။
“ဖေဖော်ဝါရီတလလုံးက အမေရိကန်တဒေါ်လာကို ၈၅၀ နဲ့ ၈၅၅ အကြားမှာပဲ ဈေးက ငြိမ်နေခဲ့တာ။ သူရဦးရွှေမန်းက ဒေါ်လာတန်ဖိုး ဈေးကျ နေတဲ့ကိစ္စကို လွှတ်တော်မှာ ပြောပြီးလိုက်တော့ ဒေါ်လာဈေးတွေ တအိအိပြန်တက်တယ်။ နောက် လစာတိုးမယ်ဆိုတဲ့ကိစ္စကို တရားဝင်ထုတ်ပြန်တော့ ဒေါ်လာက တဟုန်ထိုးတက်သွားတာ။ ရန်ကုန်ဈေးကွက်မှာ ဒေါ်လာဈေးတက်ပြီး အဝယ်လိုက်တော့ နယ်စပ်က ဒေါ်လာစီးကြောင်းက ရန်ကုန်ဈေးကွက်ထဲ ပြန်ဝင်လာတော့မှ ဒေါ်လာ ဈေးတက်တာ နည်းနည်းပြန်တုံ့ဆိုင်းသွားတာ” ဟု ရန်ကုန် ဈေးကွက်မှ နိုင်ငံခြားငွေလဲဒိုင်က ဆိုသည်။
ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ဒေါ်လာနှင့်ရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဈေးကစားမှု ကြောင့် အဓိက ဖြစ်သည်ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘောဂဗေဒဌာန၏ အငြိမ်းစားပါမောက္ခ ဒေါက်တာ မောင်မောင်စိုးကဆိုသည်။
“လစာတိုးမယ်ဆိုပေမယ့် လစာက တိုးသေးတာမဟုတ်။ ဧပြီလကုန်ကျမှ ဝန်ထမ်းတွေ တိုးတဲ့လစာကို စရကြမှာ။ လူတွေလက်ထဲ ငွေတောင် မရောက်သေးဘူး ရွှေဈေးတက်၊ ဒေါ်လာဈေးတက်ဖြစ်တာက အဓိက ဈေးကစားတာကြောင့် ဖြစ်တာ။ တကယ်တန်း တိုးတဲ့လစာ ဝန်ထမ်းတွေလက်ထဲ ရောက်လာရင်လည်း ဈေးတက်တာက ဖြစ်မှာပဲ။ တက်တဲ့ဈေး နဲ့ လူတွေရဲ့ ဝင်ငွေနဲ့ မျှနေရင်တော့ သိပ်ပြသနာမရှိဘူး” ဟု ဒေါက်တာမောင်မောင်စိုးက ရှင်းပြသည်။
ပြည်တွင်းတွင် မော်တော်ကားများ လွတ်လပ်စွာ တင်သွင်း ခွင့်ပြုနေခြင်း၊ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း စည်းကမ်းများ လျော့ချနေခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် အမေရိကန်ဒေါ်လာဖြင့် သွင်းကုန် တင်သွင်းရသော စီးပွားရေး လုပ်ငန်းများ ပြန်လည်ဦးမော့လာခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးဆက်လက်မြင့်တက်နေဦးမည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။
ပို့ကုန်လုပ်ငန်းရှင် အများစုက အမေရိကန်ဒေါ်လာ နှင့်မြန်မာငွေ တန်ဖိုးတွင် မြန်မာငွေတန်ဖိုးနှိမ့်ချပြီး ဒေါ်လာ တန်ဖိုး ဆွဲတင်ခြင်းဖြင့် မြန်မာ့ပို့ကုန် တင်ပို့မှု မြင့်တက်စေရေး အစိုးရက လုပ်ဆောင်ပေးသင့်သည်ဟု အစဉ်တစိုက် အကြံပြု တောင်းဆို လျက်ရှိသည်။