သန်လျင်မြို့နယ် သီလဝါ စီမံကိန်းကို အောက်တိုဘာလတွင် စတင်မည်ဟု အစိုးရဘက်က ကြေညာထားသော်လည်း မြေယာ လျော်ကြေး ကိစ္စများကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့က စီမံကိန်း တာဝန်ရှိသူများနှင့် ဒေသခံများ ညှိနှိုင်း ဆွေးနွေးခဲ့ကြသော်လည်း ဒေသခံများ တောင်းဆိုသော အချက်များကို အဖြေ မပေးနိုင်သေးကြောင်း၊ အစိုးရပိုင်းမှ လျော်ကြေးသည် လယ်ယာ လုပ်ကိုင်နေကြသော မူရင်းဒေသခံ လယ်သမားများအတွက် အလွန်နည်းပါးနေကြောင်း ဒေသခံများ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးအေးဌေးက ဧရာဝတီသို့ ပြောသည်။
“သူတို့ပေးတာက တကယ့်မူရင်း လယ်သမားတွေ အတွက် လုံးဝကို မမျှတဘူး။ နောက်တိုး ကျူးကျော် နေထိုင်ကြတဲ့သူတွေ ကတော့ လက်ခံမှာပေါ့။ သူတို့အတွက်က များတောင် များနေတယ်။ ကျနော်တို့ကတော့ ညှိနှိုင်းတဲ့အခါမှာ နိုင်ငံတကာ စံနှုန်းလို့ ပြောနေတာကို လက်တွေ့ လုပ်စေချင်တယ်။ အခုလို ဖြစ်နေတာကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ JICA ကိုလည်း အကြောင်းကြားမယ်၊ တောင်းဆိုတာ မရရင်တော့ လုံး၀ ဖယ်ပေးမှာ မဟုတ်ဘူး” ဟု ၎င်းက
ဆိုသည်။
အစိုးရပိုင်းမှ လျော်ကြေးအဖြစ် အိမ်တလုံးအတွက် ကျပ် ၂၅ သိန်းနှင့် သန်လျင်မြို့ အစွန်ဘက် မြိုင်သာယာ ရပ်ကွက်တွင် ပေ ၂၀ – ၄၀ မြေတကွက်၊ လယ်အတွက် မြေယာလျော်ကြေးမပေးဘဲ သီးနှံလျော်ကြေးအဖြစ် စပါး တင်း ၅၀ အထွက်နှုန်းဖြင့် သတ်မှတ်ကာ တဧက အတွက် ကျပ် ၂ သိန်းခွဲနှုန်းဖြင့် ၅ နှစ်စာ လျော်ကြေးပေးမည်ဖြစ်ကြောင်း၊ ထိုနှုန်းထားများသည်
ဒေသခံ လယ်သမားများအတွက် ဘဝအာမခံချက် ရှိစေသော နှုန်းထားများ လုံးဝမဟုတ်ကြောင်း လယ်သမားကိုယ် စားလှယ် တဦးဖြစ်သည့် ဦးမြလှိုင်က ဧရာဝတီသို့ ပြောသည်။
သီလဝါ စီမံကိန်းကြောင့် ဖယ်ရှားလိုက်ရသော ဒေသခံများ အလုပ်အကိုင် ရရှိရေးအတွက် စီမံကိန်း နယ်မြေနှင့် နီးစပ်နေ သော မြေလွတ်များတွင် ပြန်လည် နေရာချထားပေးရန် တင်ပြ တောင်းဆိုသော်လည်း ထိုနေရာများသည် အစိုးရအရာရှိများ၊ ပင်စင်စားများ အတွက် ခွဲဝေပေးထားပြီး ဖြစ်သောကြောင့် နေရာလွတ်မရှိကြောင်း ဒေသခံများနှင့် လာရောက်ညှိနှိုင်းသည့်
ကိုယ်စားလှယ်များက ပြောဆိုခဲ့သည်ဟု သိရသည်။
“စီမံကိန်းရဲ့ အကျိုးခံစားခွင့်က ဒေသခံတွေမှာ လုံးဝမရှိသလိုပဲ။ ဒေသခံတွေကို ပေးတဲ့နေရာက စီမံကိန်းနဲ့ အဝေးကြီးပါ။ ကျနော်တို့က သီလဝါစီမံကိန်းနဲ့ နီးတဲ့နေရာတွေမှာပဲ ပြန် နေရာချထားပေး စေချင်တယ်။ မြေကွက် အစားပေးတာလည်း အရမ်းကို နည်းတယ်။ အဓိက တောင်းဆိုချင်တာက လယ်မြေတွေအတွက် မြေယာလျော်ကြေးပဲ ဖြစ်ဖြစ်၊ မြေအစားပဲ ဖြစ်ဖြစ်
လိုချင်တယ်။ လာညှိကြတဲ့ သူတွေက ဒါပဲပေးမယ်၊ ဒီပုံစံအတိုင်းပဲ ဇွတ်လုပ်မယ့် ပုံစံမျိုး လာပြောနေကြတာ။ ကျနော် တို့ကတော့ ဒီပုံစံမျိုးကို လုံးဝလက်မခံဘူး” ဟု ဦးမြလှိုင်က ဆိုသည်။
ထို့အပြင် ပထမဆုံး စတင်မည့် ဟတ်တာ ၄၀၀ စီမံကိန်းတွင် မူရင်းဒေသခံ လယ်သမား ၁၈ ဦးသာ ပါဝင်ပြီး နောက်တိုး ကျူးကျော် နေထိုင်ကြသူများ ရှိနေကြောင်း၊ သီလဝါ စီမံကိန်းတွင် မြေယာသိမ်းဆည်းမှု ဥပဒေ ပုဒ်မ လန – ၃၉ မကျသေး သည့် နေရာများလည်း ရှိနေသေးကြောင်း၊ သီတာမြိုင် ရွာတွင် ဧက ၈၅၀၊ အေးမြသီတာ (ဖလမ်း) ရွာတွင် ၁၈၃၂ ဧက၊ ရွှေ ပြည်သာယာ (သီလဝါ) ရွာတွင် ၁၃၂ ဧက ရှိကြောင်း သိရသည်။
သီလဝါစီမံကိန်းကို ပွင့်လင်းရာသီတွင် စတင်တော့မည် ဖြစ်သောကြောင့် ဒေသခံ ခေါင်းဆောင်များနှင့် အစိုးရပိုင်းမှ ပြန်လည် နေရာချထားရေး အဖွဲ့ ဖွဲ့စည်းပြီး ရုံးခန်းဖွင့်လှစ် ညှိနှိုင်းလျှက် ရှိကြောင်း၊ ၁၀ ရက်လောက်အတွင်း အပြီးသတ် ညှိနှိုင်းနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ညှိနှိုင်းရေး အဖွဲ့မှ ပြန်လည်တင်ပြမှုများ မရရှိသေးသည့် အတွက် တိတိကျကျ ပြောနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ အလုပ်သမားဝန်ကြီး ဦးစိုးမင်းက ဧရာဝတီသို့ ပြောသည်။
ဒေသခံများအနေဖြင့်လည်း တဘက်သတ် တောင်းဆိုမှုများ မပြုလုပ်ဘဲ ညှိနှိုင်း ဖြေရှင်းမှုကို နားလည် သဘောပေါက်စေချင် ကြောင်း၊ ၎င်းတို့ နေထိုင်လျှက်ရှိသော မြေနေရာများသည် နိုင်ငံတော်၏ စီမံကိန်းနယ်မြေ ဖြစ်ခဲ့ပြီးကြောင်းကို သတိပြုရမည် ဖြစ်ကြောင်း၊ စာချုပ် စာတမ်းနှင့်တကွ ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့လျှင် တမျိုးတမည် စဉ်းစားရမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အရင်ကတည်းက သတိပေးစာတွေ အိမ်တိုင်းမှာ ကပ်ထားပြီးသားပါ။ ဒါပေမယ့် ကြားချပြီးတော့ ညှိနှိုင်းလိုက်ပါဦး၊ သူတို့ မှာလည်း ဆန္ဒလေးတွေ ရှိမှာပဲဆိုပြီး ညှိပေးနေတာပါ။ ဒီနေရာတွေက ဟိုဘက် အစိုးရလက်ထက် ကတည်းက နိုင်ငံတော်ရဲ့ စီမံကိန်းကြီးပဲ။ သာမန် စီမံကိန်းတောင်မဟုတ်ဘဲ အထူးစီးပွားရေးဇုန် နေရာ။ အခုက တိုင်းဒေသကြီး အစိုးရအနေနဲ့ ဝင်ရောက် ကူညီပေးနေတာ။ သူတို့လိုချင်တဲ့ ဆန္ဒမရရင် မဖြစ်ဘူးဆိုတာတော့ ဘယ်ဟုတ်ပါ့မလဲ။
ကျနော် သူတို့နဲ့ တွေ့တုန်းကလည်း လောဘမဖြစ်ကြပါနဲ့၊ လောဘဖြစ်လာရင် အမှားတွေ့တတ်တယ်လို့ ပြောဖူးပါတယ်” ဟု ဝန်ကြီးက ဆိုသည်။