ကမ္ဘောဒီးယား အဝေးရောက် အတိုက်အခံ ခေါင်းဆောင်က မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘောဒီးယား နိုင်ငံအတွက် နမူနာကောင်း ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်တွင် ကျင်းပသည့် အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ် (NLD) ပါတီညီလာခံ တက်ရောက်ခဲ့ပြီးနောက် ပြောကြားလိုက်သည်။
Cambodian National Rescue Party ၏ အဝေးရောက် အတိုက်အခံ ခေါင်းဆောင် မစ္စတာ ဆမ်ရိမ်ဆီသည် ၎င်း၏ မြန်မာပြည် ၃ ရက်ကြာ ခရီးစဉ်အတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
“ကျနော်တို့ဟာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုလုပ်တယ်ဆိုတာ စံနမူနာပြု လေ့လာပါတယ်” ဟု ၎င်းက ဧရာဝတီရုံးသို့ လာရောက်လည်ပတ်စဉ် ပြုလုပ်ခဲ့သော အမေးအဖြေတွင် ပြောခဲ့သည်။
ပြင်သစ်နိုင်ငံတွင် လတ်တလော နေထိုင်ခိုလှုံနေရသော ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ သီးခြား ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်း ဖြစ်ပြီး (NLD) ပါတီညီလာခံနှင့် ပတ်သက်၍ “ဆုံးဖြတ်ချက် ခိုင်မာမှု၊ ရင့်ကျက်မှုနဲ့ သည်းခံမှုမှာ တကယ့်ကို ဥပမာ နမူနာကောင်းပါ။ ဒီ ညီလာခံ မတိုင်ခင် လွန်ခဲ့ ၂၅ နှစ်တုန်းက သူတို့ဟာ တိုက်ပွဲဝင်ခဲ့ကြရတယ်” ဟု ဆိုသည်။
NLD ပါတီတွင်း ပဋိပက္ခများနှင့် ပတ်သက်ပြီး မစ္စတာ ဆမ်ရိမ်ဆီက နိုင်ငံရေးအာဏာဆီ ဦးတည်သော ပါတီတိုင်း ယင်းကဲ့သို့ တွေ့ကြုံရတတ်ကြောင်း၊ ၎င်းတို့ ပါတီသည်လည်း အလားတူ ပြဿနာရပ်များ ကြုံတွေ့ရကြောင်း ပြောသည်။
ပြီးခဲ့သော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မပါဝင်နိုင်စေရန် အာဏာရပါတီ၏ မတရား နိုင်ငံရေး စွပ်စွဲမှုများကြောင့် တိမ်းရှောင်ရန် မစ္စတာ ဆမ်ရိမ်ဆီသည် ယခုအခါ နိုင်ငံရပ်ခြားတွင် ခိုလှုံနေထိုင်နေရသော်လည်း ၎င်း၏ ပါတီသည် ဇူလိုင်လတွင် ကျင်းပနိုင်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်။
လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဆယ်စုနှစ် ၃ ခုကြာ အုပ်ချုပ်နေမှုကို နောက်ထပ် ၅ နှစ် ဆက်လက် အုပ်ချုပ်နိုင်ရန် ကြိုးစားနေမှုအပေါ် “ကမ္ဘောဒီးယားက တပါတီ စနစ် မဟုတ်တော့ဘူး၊ သို့ပေမယ့် တဦးတည်း ချုပ်ကိုင်ထားတဲ့ စနစ်ပါ။ မြန်မာပြည်မှာ အပြောင်းအလဲတွေ မြင်နေရပေမယ့် ကမ္ဘောဒီးယားကတော့ တဦးတည်းစနစ်နဲ့ သွားနေပါတယ်။ အဲဒီ တဦးတည်းဆိုတဲ့ လူကလည်း ဗီယက်နမ်ရဲ့ ရုပ်သေးရုပ်ပါ” ဟု မစ္စတာ ဆမ်ရိမ်ဆီက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ် NLD မှီခိုနေရသည်ဟု ဝေဖန်သူများက ပြောဆိုနေသလို Cambodian National Rescue Party ပါတီ အနေဖြင့် သူ့အပေါ် မှီခိုလွန်းနေကြောင်း ပြောဆိုဝေဖန်မှုများနှင့် ယှဉ်၍ “ကျနော် ပြည်ပမှာ ၃ နှစ်ကျော် ကြာခဲ့ပါပြီ။ ပါတီကတော့ ဆက်လက် ကြီးထွားနေတယ်။ ဒါဟာ အဖွဲ့အစည်းတခုအတွက် စမ်းသပ်မှုပဲ။ ဒါဟာ တဦးတယောက်တည်း အပေါ် မှီခိုနေတာ မဟုတ်ဘူး ဆိုတာ ပြသတာပဲ။ ကျနော်က ပြယုဒ်ပါ” ဟု သူက ဆိုသည်။
အာရှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် လုပ်ရည်ကိုင်ရည်ပြည့်ဝသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်များ လိုအပ်ကြောင်းလည်း ပြောသည်။
“တူနီးရှားတို့ အီဂျစ်တို့ ကြည့်။ တော်လှန်ရေးက ဘယ်မှ မရောက်ပဲ ဖြစ်နေတယ်။ အကြောင်းက ဒီလို စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင် မရှိလို့ပဲ” ဟု မစ္စတာ ဆမ်ရိမ်ဆီက သုံးသပ်သည်။
ယခုအချိန်အထိ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးမှုများ ရှိနေသော်လည်း ကမ္ဘောဒီးယား အစိုးရအနေဖြင့် မစ္စတာ ဆမ်ရိမ်ဆီအား ပြန်လာခွင့် ပြု မပြုမှာ ကွဲကွဲပြားပြား မသိရသေးပေ။
အကယ်၍ ၎င်းအား ပြန်လာခွင့် မပြုလျှင်လည်း ပါတီအနေဖြင့် ဇူလိုင်လ ရွေးကောက်ပွဲကို သပိတ်မှောက်မည် မဟုတ်ကြောင်း၊ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အစိုးရများကို ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်အစိုးရကိုမျှ အသိအမှတ် မပြုရေး တိုက်တွန်းသွားမည်ဟု ဆိုသည်။
“ကျနော်တို့နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံလေးပါ။ နိုင်ငံတကာက အကူအညီမပါဘဲ ရှေ့ဆက်ဖို့ ခက်ပါတယ်။ နိုင်ငံ ဘတ်ဂျက်ရဲ့ ၃ ပုံ ၁ ပုံ ဟာ နိုင်ငံတကာ အကူအညီကို မှီခိုနေရပါတယ်။ ကျန်တဲ့ထဲက ၃ ပုံ ၁ ပုံ ကလည်း အကြွေးတွေပါ။ တည်ငြိမ်အေးချမ်းမှုလည်း မရှိပါဘူး။ ဖွံ့ဖြိုးမှုလည်း မရှိသေးပါဘူး။ အခြေအနေက တကယ့်ကို မတည်မငြိမ်နဲ့ အန္တရာယ် အနေအထားပါ” ဟု မစ္စတာ ဆမ်ရိမ်ဆီက ပြောသည်။
သို့သော်လည်း ၎င်းအနေဖြင့် အနာဂတ်ကာလ၌ နှစ်နိုင်ငံစလုံးတွင် ပြောင်းလဲမှုများ အခိုင်အမာ ဖြစ်ပေါ် တိုးတက်လာ မည်ဖြစ်ကြောင်း ပြောသည်။
“ဒါက သဘာဝ ဒီလှိုင်းတွေပေါ့။ ရပ်တန့်ဖို့ ဘယ်သူမှ လုပ်လို့ မရဘူး” ဟု ဆိုသည်။
အကယ်၍ အိမ်ပြန်ခွင့်ရပြီဆိုသည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘောဒီးယားနိုင်ငံသို့ ဖိတ်ကြားခွင့်ကို မျှော်လင့်ကြောင်း မစ္စတာ ဆမ်ရိမ်ဆီက ဧရာဝတီသို့ ပြောဆိုသွားခဲ့သည်။