ကရင်ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင်ပေါ်မှ ဘုရား ဂေါပက အဖွဲ့က မီတာ ၇၀၀ ကျော် မြင့်သည့် ထုံးကျောက်တောင်ထိပ်ပေါ်သို့ ခရီးသွား ဧည့်သည်များကို ပို့ဆောင်ပေးမည့် ကေဘယ်လ်ကား စီမံကိန်း အတွက် လိုအပ်သော အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
ကေဘယ်လ်ကားဆိုသည်မှာ မြင့်မားမတ်စောက်သော တောင်တက် တောင်ဆင်း သွားလိုရာနေရာများသို့ သံမဏိကြိုးများဖြင့် ဆက်သွယ်ပြီး သတ်မှတ်ထားသော လူဦးရေ တင်ဆောင်နိုင်သော ယာဉ်များကို ဆွဲတင်ဆွဲချပြုလုပ်ခြင်းဖြစ်သည်။
အစိုးရကလည်း အထောက်အပံ့ပေးထားသည့် အဆိုပါစီမံကိန်းအတွက် လက်ရှိအချိန်အထိ ပုဂ္ဂလိက အလှူရှင်များထံမှ ဒေါ်လာ တစ်သိန်းကျော် ကောက်ခံရရှိပြီး ဖြစ်သည်ဟုလည်း သိရသည်။ ထို့ပြင် စီမံကိန်းပြီးမြောက်ရန်အတွက် ထပ်မံလို အပ်နေသေးသော သန်းနှင့်ချီသည့် ဒေါ်လာငွေများကို ငွေကြေးချမ်းသာသူများက လှူဒါန်းကြလိမ့်မည် ဟုလည်း ဖြစ် မြောက်ရေး အကျိုးဆောင်များက ပြောသည်။ စီမံကိန်းကို ထောက်ပံ့နေသည့် ချမ်းသာသည့် အလှူရှင်ဆိုသူများ ထဲတွင် ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးတို့လည်း ပါဝင်ကြောင်းလည်း သတင်းအချို့က ဆိုသည်။
ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့နှင့် သံလွင်မြစ်အနီးတွင်ရှိပြီး သစ်တောများ ဝိုင်းရံထားသည့် ဇွဲကပင်တောင်ထိပ် ပေါ်သို့ တက်ရသော လမ်းကြောင်းက မတ်စောက်သည်။ လမ်းတလျှောက်တွင် ဘုရားစေတီ အမြောက်အများတွေ့နိုင်ပြီး တောင်ထိပ်ပေါ်မှ ရွှေရောင်လွှမ်းနေသည့် စေတီတွင် ဗုဒ္ဓမြတ်စွာ၏ ဆံတော်ကို ဌာပနာထားသည်ဟု ယုံကြည်ကြ၏။
ဗုဒ္ဓဘာသာဝင် ဘုရားဖူးများသည် တောင်ထိပ်ပေါ်သို့ ၃နာရီ ခန့်ကြာအောင် ခက်ခဲပင်ပန်းစွာ တက်ရသည်မှာ နှစ်ပေါင်း ရာနှင့် ချီခဲ့ပြီ ဖြစ်သည်။ မွန်ပြည်နယ်မှ ကျော်ကြားသည့် ကျိုက်ထီးရိုးဘုရားလောက် လူသိများခြင်း မရှိသော်လည်း ဇွဲကပင်တောင်သည် ဘားအံမြို့သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာတခု ဖြစ်သည်။
စီမံကိန်းကို စတင်ဦးဆောင်သူ ဆရာတော် ၃ ပါး အနက်မှ တပါးဖြစ်သော ပီနန်ဆရာတော် ဦးပညာဝံသက အစိုးရ၏ ခွင့် ပြုချက် ရရှိထားပြီး ဖြစ်ကြောင်းနှင့် ၇၂၅ မီတာမြင့်သော တောင်ထိပ်အထိ ကေဘယ်လ်ကား တက်ရောက်နိုင်ရန် အတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း အထိကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြောင်း အစိုးရ သတင်းဌာနတခုသို့ ဇူလိုင်လ နှောင်းပိုင်း တွင် မိန့်ကြားခဲ့သည်။
စီမံကိန်းကို အလှူရှင်များက ဗုဒ္ဓဘာသာ အစဉ်အလာအရ ကောင်းမှုကုသိုလ်ပြုသည့် အနေဖြင့် ဘုရားသို့ လှူဒါန်းငွေများ ဖြင့် အကောင်အထည်ဖော်သွားမည်ဟုလည်း ပီနန်ဆရာတော်က မိန့်သည်။ “ဒါက ဘာသာရေးနဲ့ ဆိုင်တဲ့ စီမံကိန်းလေ၊ ဒါကြောင့် ကုန်ကျစားရိတ်ကို အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ သုံးစွဲသွား မှာပါ။ အစိုးရဖက်ကလည်း ဒီစီမံကိန်းကို သူတို့ ကူ ညီမယ်လို့ ပြောပါတယ်” ဟု ပီနန် ဆရာတော်က မိန့်ကြားကြောင်း အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၏ မျက်နှာဖုံး ဆောင်းပါးတွင် ဖော်ပြထားသည်။
ထို့ပြင် ဆရာတော်က ဆင်းရဲနွမ်းပါးသော ကရင်တိုင်းရင်းသားဒေသတွင် ယခုကဲ့သို့ ဒေါ်လာသန်းနှင့် ချီ၍ ကုန်ကျမည့် ဗုဒ္ဓ ဘာသာ အဆောက်အဦးများတည်ဆောက်ခြင်း အားဖြင့် ခရီးသွားလုပ်ငန်းအလွန်ဖွံ့ဖြိုးလာစေလိမ့်မည်ဟုဆိုသည်။ “ဒါက မြန်မာနိုင်ငံမှာ ပထမဆုံး ကေဘယ်လ်ကား စီမံကိန်းပါ။ ကမ္ဘာအနှံ့က နိုင်ငံခြားသားတွေ ဒီကိုရောက်လာကြမယ်။ အရောင်း အဝယ်တွေ တိုးတက်လာပြီး စီးပွားရေး အခွင့်အလမ်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။” ဟု ပီနန် ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်း ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်တူးတူးမြင့်သိန်းက စီမံကိန်းကို မလေးရှားနိုင်ငံမှ Special Methods & Engineering Techniques SDN BHD ကုမ္ပဏီမှ အင်ဂျင်နီယာများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်းတည်ဆောက်ကြမည်ဖြစ်ပြီး လိုအပ်သော ပစ္စည်းများကို ဆွစ်ဇာလန်နှင့် အမေရိကန် နိုင်ငံများမှ တင်သွင်းသွားမည် ဖြစ်သည်ဟု ပြောသည်။
“တောင်ခြေမှာရှိတဲ့ လုမ္ဗနီ ဥယျာဉ်ကနေ ကားကို လျှပ်စစ်မော်တာနဲ့ ဆွဲတင်မှာပါ။ တောင်ခြေနဲ့ တောင်ထိပ်သွယ်တန်း မယ့် ကြိုးက ၁၆၅၀ မီတာ ရှည်ပါတယ်” ဟု သူကဆိုသည်။ ကေဘယ်လ်ကားက တခေါက်လျှင် လူ ၄၀ သယ်ဆောင်နိုင်သည် ဟုလည်း သူက ထပ်ပြောသည်။
ဇူလိုင်လ နှောင်းပိုင်းက စတင်ကြေညာခဲ့သည့် စီမံကိန်း အတွက်ပြီးခဲ့သည့် တနင်္လာနေ့အထိ အလှူငွေ အမေရိကန် ဒေါ်လာ ၁၁၄၀၀၀ ရရှိပြီး ဖြစ်သည်ဟု ဒေါ်တူးတူးမြင့်သိန်းက ဧရာဝတီသို့ပြောသည်။ “ဒီနေ့ တနေ့ထဲကို ဒေါ်လာ ၂၇၅၀၀ လက်ခံရရှိပါတယ်၊ ဒီစီမံကိန်းကို ၂ နှစ်အတွင်းပြီးအောင် ဆောင်ရွက်မယ်လို့ ကျမတို့ ရည်ရွယ်ထားပါတယ်။ ကုန်ကျစား ရိတ်က ဒေါ်လာသန်း ၂၀ လောက်ရှိမယ်လို့ ခန့်မှန်း ထားပါတယ်” ဟု ဒေါ်တူးတူး မြင့်သိန်းက ဆိုသည်။
အာရှ၏ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံတွင် ပြည်သူလူထုထံမှ သန်းပေါင်းများစွာသော ဒေါ်လာငွေများ အလှူခံရရှိနိုင်ရန် ဖြစ်မြောက်ရေးအဖွဲ့အနေဖြင့် မည်သို့ မျှော်လင့်ထားပါသနည်း ဟုမေးမြန်းရာ သူက “ပြည်တွင်း နဲ့ အခြားနေရာတွေက ချမ်းသာတဲ့သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေက ဒီမံကိန်းအတွက် လှူဒါန်းကြပါလိမ့်မယ်” ဟုပြောသည်။ မည်သည့် ဗုဒ္ဓ ဘာသာ မြန်မာလူချမ်းသာများက သန်းပေါင်းများစွာ သော ဒေါ်လာငွေများကို လှူဒါန်းမည်ဆိုသည်ကို တိတိကျကျ ပြော ပြ ရန် ဒေါ်တူးတူးမြင့်သိန်းက ငြင်းပယ်ခဲ့သည်။ သို့သော်လည်း “အချိန်တိုတိုအတွင်းမှာ အလှူငွေ အများကြီးရခဲ့တာ ကြောင့် လိုအပ်တဲ့ ငွေအားလုံးရနိုင်မှာပါ” ဟု သူက ဆက်ပြောသည်။
ယခင်စစ်အစိုးရ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့က လိုအပ်သော ဘဏ္ဍာငွေ ပမာဏ၏ တော်တော်များများကို ထည့်ဝင်ပေးမှာ ဖြစ်သည်ဟု အဆိုပါစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသော အမည် မဖော်လိုသူ စီး ပွားရေး လုပ်ငန်းရှင် တယောက်က ဧရာဝတီသို့ပြောသည်။ ထို့ပြင် ယခင်က တောင်ပေါ်တွင် ဘုရားတဆူ တည်စဉ်ကလည်း ဒေါ်ကြိုင်ကြိုင် လှုခဲ့ဖူးသေးသည်ဟု ၎င်းက ဆိုသည်။
ဘားအံမြို့မှ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် တယောက်က ဇွဲကပင် ဘုရားကို ဒေသခံ စီးပွားရေးသမားများ နှင့် အစိုးရ အရာရှိကြီးများ ကိုးကွယ်ကြကြောင်း နှင့် ဇွဲကပင်ဆရာတော်၏ သာသနာ့နယ်မြေတည်ထောင်ရေး လုပ်ငန်းများကို ယခင် ကထဲက ကူညီထောက်ပံ့ပေးခဲ့ကြကြောင်းပြောသည်။
ကရင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်နန်းခင်ထွေးမြင့်ကလည်း ကေဘယ်လ်ကား စီမံကိန်းကို အစိုးရပိုင်းမှ ထောက်ပံ့သည်ဟု ကြားသိရကြောင်းပြောသည်။ “အရင် အစိုးရ တာဝန်ရှိသူတွေက စီမံကိန်းကို ထောက်ပံ့ပေးတယ်လို့ ကြားတာပဲ။ ဒါပေမယ့် ကျမ အတည်မပြုနိုင်သေးဘူး” ဟုလည်း ဆိုသည်။
ဆင်းရဲနွမ်းပါးသည့် ဒေသတခုတွင် ယခုကဲ့သို့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် စီမံကိန်းလုပ်ဆောင်ခြင်းကို ထောက်ခံပါသလား ဟု ဧရာဝတီမှ မေးသည့်အခါ သူက “ ကရင်ပြည်နယ်မှာ ပြုပြင်ပေးဖို့ လိုနေတဲ့ စာသင်ကျောင်းတွေ အများကြီးရှိပါတယ်။ လှူဒါန်းမှုလို အပ်နေတဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ကျမကတော့ ဒီငွေတွေကို တခြား ပိုပြီးလိုအပ်တဲ့ နေရာမှာ သုံးစေချင်ပါတယ်” ဟုဖြေသည်။
“ဇွဲကပင်တောင်ကို သဘာဝအတိုင်းထားတာကို ကျမပိုသဘောကျပါတယ်။ တောင်ပေါ်ကို ဒီတိုင်းတက်ရတာ ခက်ခဲတယ် ဆိုပေမယ့် ကောင်းပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးရေး စီမံကိန်းတခု အနေနဲ့ ဆိုရင်တော့၊ အဲဒါလည်း ကောင်းပါတယ်” ဟု ဒေါ် နန်းခင်ထွေးမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိ ရွှေကြေးစည် ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းမှ မန်နေဂျာ ဦးအောင်ကိုက လက်ရှိအချိန်တွင် ဇွဲကပင်တောင် သည် အလွန်မတ်စောက်သည့် အတွက် သွားရောက် လည်ပတ်သူ ဧည့်သည်နည်းပါးပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ကောင်းစွာ သိရှိခြင်း မရှိကြကြောင်း ပြောပြသည်။ ဒေါ်လာ သန်း ၂၀ ကျော်တန် Cable car က ဤဒေသသို့ ခရီးသည်များ ပိုမို ရောက်လာအောင် ဆွဲဆောင် နိုင်လိမ့်မည် ဟု ယူဆကြောင်းပြောပြသည်။