မန္တလေးတိုင်းဒေသကြီး အစိုးရက ဖော်ဆောင်နေသည့် မြို့ပြ စီမံကိန်းများသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ မတင်ပြဘဲ တိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်တဦးတည်း၏ သဘောဆန္ဒဖြင့် လုပ်ဆောင်နေသောကြောင့် ဥပဒေနှင့် မညီညွတ် သဖြင့် လွှတ်တော် ၏ အဆုံးအဖြတ် ရယူပြီးမှသာ စီမံကိန်းများ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ကျင်းပသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မန္တလေး တိုင်းဒေသကြီး အစိုးရ လက်အောက်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်း၊ မင်္ဂလာမန္တလေး စီမံကိန်း၊ မွေးမြူရေးလုပ်ငန်း စက်ကိရိယာ များ အတွက် သုံးစွဲမည့် ရန်ပုံငွေ ၊ Mandalay City Convention Center (MCCC)၏ ရန်ပုံငွေ များအတွက် ဟုဆိုကာ ကျပ်သန်းပေါင်း ၁၁၀၀ ကျော်ကို ထုတ်ယူထားကြောင်း၊ သို့ရာတွင် ယင်းစီမံကိန်းများတွင် အကောင်ထည် မဖော်နိုင်ခဲ့ဘဲ တောင်းခံခဲ့သည့် ငွေကြေးများကို အခြား နေရာများတွင် လွှဲပြောင်း အသုံးပြုခဲ့ကြောင်း၊ မန္တလေး တိုင်းဒေသကြီး အစိုးရသည် စီမံကိန်း များကို လုပ်ဆောင်ရန် အတွက်သာ လွှတ်တော်သို့ ဘတ်ဂျက်တောင်းခံပြီး အကောင်ထည်ဖော်မည့် အခြေ အနေများကို မတင်ပြသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ ဥပဒေကြမ်း ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်က ပြောသည်။
မန္တလေး တိုင်းဒေသကြီးအစိုးရ အနေဖြင့် စီမံကိန်းသစ်များ ဖော်ဆောင်ရာတွင် လွဲချော်မှုများ ဖြစ်ပေါ် နေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅၁အရ တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးဖြတ်ကို ရယူ ဆောင်ရွက်ရမည် ဖြစ်ပြီး အကောင် အထည်ဖော်မည့် စီမံကိန်းများကို မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းဝေးတွင် တင်ပြရမည်ဟု လွှတ်တော်က တရားဝင် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှက“ မန္တလေးတိုင်း ဒေသကြီး အစိုးရကိုလည်း အပြစ်တင်လို့မရပါဘူး။ အရင်တုန်းက မသိလို့၊ သဘောတရားကို နားမလည်သေးလို့ လုပ်ခဲ့တာပဲ။ မှားတယ်လို့ပြောလို့မရဘူး။ အခု ပြည်သူ့ကိုယ်စားလှယ်တွေဗဟိုပြုပြီး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်တာ ကောင်းပါတယ်။ ပြည်သူ့ဆန္ဒအောင်မြင်တာပေါ့´´ဟု ဧရာဝတီသို့ပြောဆိုသည်။
မန္တလေးမြို့တော်တွင် တိုင်းဒေသကြီး အစိုးရက အကောင်အထည် ဖော်နေသည့် မြို့ပြ စီမံကိန်း အများအပြားရှိပြီး
ယင်းစီမံကိန်း ဧရိယာဝန်းကျင်ရှိ မြေကွက်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လျက် ရှိကြောင်း၊ ထို့ပြင် စီမံကိန်းဝန်းကျင် မြေကွက်များကို တိုင်းဒေသကြီးအစိုးရ၏ အစီအမံဖြင့် သိမ်းဆည်းမှုများနှင့် ဝယ်ယူခြင်းများ ရှိနေသည့်အတွက် ဒေသခံတချို့ မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် အကောင်ထည်ဖော်နေသည် မြို့ပြသစ်စီမံကိန်းများမှာလည်း မြေယာပိုင်ဆိုင်မှု
အငြင်းပွားမှုများရှိနေပြီး တိုင်းဒေသကြီးအစိုးရက ဖော်ဆောင်နေသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင်လည်း ဆုံးရှုံးနစ်နာမှုများရှိနေသည့် မြေပိုင်ဆိုင်သူများက ကန့်ကွက်မှုများ ရှိနေကြောင်း သိရှိရသည်။
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်သည် ယခင် စစ်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။