ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက် အဖွဲ့ဝင် ကိုအောင်စိုးနှင့်အတူ အဖမ်းခံရသူ လက်ပံတောင်း ဒေသခံနှစ်ဦးကို ၎င်းတို့၏ မိသားစုဝင်များက မုံရွာထောင်တွင် တွေ့ဆုံခွင့် တောင်းသော်လည်း ထောင်အာဏာပိုင်များက ဖမ်းဆီးထားခြင်း မရှိဟု ငြင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီစီမံကိန်းရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လယ်ယာမြေများတွင် ဒေသခံများက ဝင်ရောက် လယ်ယာထွန်ယက်သဖြင့် ဧပြီလ ၂၅ ရက်နေ့က ဒေသခံ နှစ်ဦးဖြစ်သော ကိုမောင်ဆန်းနှင့် ကိုစိုးသူတို့ကိုပါ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ကိုစိုးသူ၏ မိခင် ဒေါ်နွဲ့တင်နှင့် ကိုစိုးသူ၏ ညီမဖြစ်သူ မယဉ်မင်းဦး၊ ကိုမောင်ဆန်း၏ ဇနီး မနု အပါအဝင် ဒေသခံ ၁၃ ဦးက မုံရွာထောင်သို့ လာရောက်ပြီး ဖမ်းဆီးထားသူများနှင့် တွေ့ခွင့်ရရန် တောင်းဆိုနေခြင်း ဖြစ်ပြီး မုံရွာထောင် အာဏာပိုင်များကမူ မရှိကြောင်း ငြင်းဆိုနေသည်ဟု သိရသည်။
“ကျမ သားလေးကို သူတို့ဖမ်းသွားပြီး ဒီထောင်မှာ ထားတယ်ဆိုလို့ ထောင်ဝင်စာ လာတွေ့တာပါ။ ဒါကို ထောင်မှူးတွေက မရှိဘူးဆိုပြီး ပြောနေပါတယ်။ ရဲစခန်းတွေလည်း စုံနေပါပြီ။ ဘယ်သူကမှ မသိဘူးဆိုပြီး ပြောဆိုနေကြတာပါ။ ကျမတို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ကို ဖြစ်နေပါတယ်။ ကျမ သားလေးနဲ့ပဲ ကျမတွေ့ခွင့်ရရင် တော်ပါပြီ” ဟု အသက် ၁၈ နှစ်အရွယ် ကိုစိုးသူ၏ မိခင် ဒေါ်နွဲ့တင်က ပြောသည်။
မုံရွာထောင်မှူးက ဒေသခံများကို မုံရွာထောင်ရှေ့တွင် ရှင်းပြရာ၌ “ကျနော့်ဆီမှာ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ရောက်နေတဲ့ လူတွေမရှိပါဘူး။ ရှိရင်လည်း ကျနော်က တွေ့ခွင့်ပေးမှာပါ။ တကယ်မရှိလို့ပါ။ အခြေနေအမှန်ကို သိဖို့အတွက်က သက်ဆိုင်ရာ ရဲစခန်းကို သွားမေးလိုက်ပါ။ ကိုအောင်စိုးတော့ ကျနော့်ဆီ ရောက်တယ်။ ရောက်ပြီး နာရီဝက်အကြာမှာပဲ ရဲတွေက ပြန်လာခေါ်သွားပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ယင်းတို့ နှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း သိရှိရန် ဆာလင်းကြီးမြို့နယ် ရဲစခန်းသို့ ဖုန်းဆက်မေးမြန်းရာ တာဝန်ရှိသူများက ထိန်းသိမ်းထားသည့် နေရာကို မသိရှိဟု ဖြေကြောင်း၊ သို့သော် ညောင်ပင်ကြီးရဲစခန်းသို့ ကိုယ်တိုင်သွားရောက် မေးမြန်းကြရာတွင် ရဲမှူး ရဲအောင်က မုံရွာထောင်တွင် ထိန်းသိမ်းထားသည်ဟု ပြောကြောင်း သိရသည်။
လက်ပံတောင်း ဝန်းကျင်ရှိ ကျေးရွာ ၂၆ ရွာမှ ဒေသခံများအား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရုပ်သိမ်းရေး အကြောင်းပြ၍ ဒေသတည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်သဖြင့် ၈ ဦးကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
အမှုဖွင့် အရေးယူရန် ထုတ်ပြန်ထားသည့် ၈ ဦးအနက် ကိုအောင်စိုးကို ဖမ်းဆီးထားပြီး ဖြစ်ပြီး ကျန် ၇ ဦးကို အလိုရှိကြောင်း ဓာတ်ပုံများနှင့် တကွ လက်ပံတောင်း ဝန်းကျင် ကျေးရွာလမ်းများတွင် ကြော်ငြာများ ကပ်ထားသည်ဟု သိရသည်။
ကျန် ၇ ဦးမှာ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှာ ကိုဗထူး၊ ကိုသားကြီး၊ ကိုလတ်၊ ကိုသော်ဇင်၊ ကိုသူ၊ ရန်ကုန်ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားသမဂ္ဂဖွဲ့မှ ကိုသောင်းထိုက်ဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ရက်မှ ကိုဟန်ဝင်းအောင်တို့ ဖြစ်သည်။
အလိုရှိသူများကို ဖမ်းဆီးရေး သတင်းပေးကြရန်၊ လက်ခံထားသူများကိုလည်း အရေးယူမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆည်တည်းရွာက လက်မခံကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် ညောင်ပင်ကြီး ရဲစခန်းရှေ့၌ အင်အား ၁၃၀ ခန့်နှင့် ၁၅ မိနစ်ကြာ တရားဝင် ဆန္ဒပြခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသူများကို ဆည်တည်းဒေသခံများက လက်ခံထားရှိကြောင်း ဝန်ခံပြီး တရွာလုံးကို ဖမ်းဆီးနိုင်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ညောင်ပင်ကြီး ရဲစခန်းမှူး ရဲမှူး ရဲအောင်က “ကျနော်က ဥပဒေ နားမလည်သေးတဲ့ ဒေသခံတွေကို အကျိုးနဲ့အကြောင်း ပြန်ရှင်းပြလိုက်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ နားမလည်တာ ရှိရင် ညောင်ပင်ကြီး ရဲစခန်းမှာ ၃ ယောက်တဖွဲ့ လာပြီး မေးမြန်းနိုင်ပါတယ်။ ကျနော်တို့က သူတို့ကို ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ နားလည်နိုင်အောင် ရှင်းပြပေးသွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြသည့် ဧပြီလ ၂၉ ရက်နေ့တွင်လည်း ရဲမှူး ရဲအောင်က ဒေသခံများကို ဥပေဒအကြောင်း ရှင်းပြပြီး တောင်းပန်ကာ လူစုခွဲခိုင်းခဲ့သေးသည်။
ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုက “ဖမ်းဝရမ်းထုတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့က နေပြည်တော်က တာဝန်ရှိတဲ့လူကြီးတွေနဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ လုပ်နေပါတယ်။ တာဝန်ရှိတဲ့ လူကြီးတွေကလည်း ညှိနှိုင်းဖို့ သဘောတူလိုက်ပါပြီ။ ဘယ်သူဘယ်ဝါ ဆိုတာကတော့ ကျနော်တို့ ထုတ်ပြောဖို့ အချိန်မတန်သေးပါဘူး။ အခုလို ဒီမိုကရေစီခေတ်မှာ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့လူတွေကို ဒီလို ဖမ်းဆီးထောင်ချတာမျိုးတွေ မလုပ်သင့်တော့ပါဘူး” ဟု ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီးကလည်း “ဒီမိုကရေစီနိုင်ငံဆိုတာ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေမရှိမှ စစ်မှန်တဲ့ နိုင်ငံဖြစ်မှာပါ။ ကျနော့် သဘောထားကတော့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား တဦးမှ မရှိစေချင်ဘူး။ ကျနော်လည်း ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့ရတာ။ ကျနော်တို့နိုင်ငံက ဒီမိုကရေစီလမ်းစဉ်ကို သွားနေပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကို ဖမ်းတာ ဆီးတာတွေ မဖြစ်သင့်တော့ပါဘူး။ နှစ်ဖက် စေ့စပ်ညှိနှိုင်းပြီး အဖြေရှာတာပဲ ကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဝရမ်း ထုတ်ခံထားရသူများသည် လက်ပံတောင်း ဝန်းကျင်တွင် တိမ်းရှောင်နေကြောင်း၊ ဥပဒေနှင့် အညီ ဝင်ရောက်ဖမ်းဆီးရန် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ကျနော်တို့က တရားခံတွေကို တရားဥပဒေနဲ့အညီ ဝင်ရောက်ဖမ်းဆီး အရေးယူသွားမှာပါ။ လိုအပ်တဲ့ ပြင်ဆင်မှု အပိုင်းတွေကိုလည်း ကျနော်တို့ ပြင်ဆင်ထားပြီးပါပြီ” ဟု မုံရွာခရိုင် ရဲမှူး တင်ထွန်းက ဧရာဝတီသို့ ပြောသည်။
တိမ်းရှောင်နေသူ တဦးဖြစ်သည့် ကိုဗထူးက “ရဲတွေက ကျနော်တို့ကို ရွာထဲထိ ဝင်ဖမ်းဖို့အတွက် လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ရှေ့အဖွဲ့ ဒိုင်းကာအဖွဲ့နဲ့ နောက်အဖွဲ့ သေနတ်ပစ်အဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး ရွာထဲဝင်စီးဖို့ လေ့ကျင့်ခန်းတွေ လုပ်နေတာပါ။ အခုဆို ဆည်တည်းရွာကို ပတ်ပတ်လည် ကင်းတွေချထားပါတယ်” ဟု ပြောသည်။
ဆားလင်းကြီး မြို့နယ် ရဲစခန်းက ဝမ်ပေါင်ကုမ္ပဏီအတွင်း အဖွဲ့လိုက် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း၊ အထူး ရဲတပ်ဖွဲ့ဝင်များလည်း လယ်တီ ဆရာတော်ဘုရားကြီး၏ သိမ်ကုန်းတွင် ညစဉ် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း မျက်မြင် ဒေသခံများကလည်း ပြောသည်။
ဒေသခံရွာသားများကလည်း ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးလျှင် ပြန်လည် ခုခံမည်ဟု ပြောဆိုနေကြသည်။
လက်ပံတောင်းတောင် စီမံကိန်း စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ပြီး ယခုအချိန်အထိ အမှုပေါင်း ၅၀ ကျော် ရှိပြီဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှတဆင့် သိရသည်။
“ဒေသခံတွေက စားဝတ်နေရေးအတွက် ဆန္ဒပြကြတယ်။ တာဝန်ရှိသူတွေကလည်း ဒါကို ဖြေရှင်းနိုင်စွမ်း မရှိဘူး။ အခုဟာက ဒေသခံတွေ လယ်မြေတွေ မရောင်းဘူးလို့ပြောတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်က အမိန့်မချသေးဘူး။ ဒီအချိန်မှာ တောင်သူလယ်သမားတွေက စားဝတ်နေရေး ခက်ခဲမယ်။ အစိုးရကလည်း ဒါကို ထည့်မတွက်ခဲ့ဘူး။ သူတို့အနေနဲ့ကလည်း အချိန်မီ ထွန်ယက်စိုက်ပျိုးမှပဲ ဖြစ်မယ်လေ။ လယ်မထွန်ရဘူးဆိုရင် အစိုးရက ဒီ တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးကို ဘယ်လို ဖြေရှင်းပေးမလဲဆိုတာမျိုး ရှိရမယ်။ လိုအပ်ချက်တွေကတော့ နှစ်ဖက်စလုံးမှာ ရှိနေပါသေးတယ်” ဦးကိုကိုကြီးက ပြောသည်။