[irrawaddy_gallery]
ရနံ့သင်းထုံတဲ့ စကားဝါပန်းတွေ ပေါများသော ပုပ္ပါးတောင်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင် ကျောက်ပန်းတောင်း မြို့နယ်ထဲမှာ ရှိပါတယ်။ မိုးခေါင်ရေရှားပြီး ပူပြင်းခြောက်သွေ့တဲ့ အညာဒေသဖြစ်တဲ့ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ပုဂံ-ညောင်ဦး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စတဲ့ နေရာတွေကြားထဲက တခုတည်းသော အမြဲစိမ်းတောလို့ ဆိုရင်လည်း မမှားပါဘူး။
ပုပ္ပားတောင်ကြီးဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ငါးထောင်ခန့် မြင့်မားပြီး ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်နေတဲ့ မီးတောင်အဟောင်းကြီး တခုပဲဖြစ်ပါတယ်။ ဒီတောင်ကြီးဟာ ဆယ့်နှစ်ရာသီ စိမ်းလန်းနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ အဖိုးတန် သဘာဝ ပန်းချီကားတချပ်လည်း ဖြစ်ပါတယ်။
တောင်ပေါ်မှာတော့ ရာသီမရွေး မျှတတဲ့ အအေးဓာတ်ရှိသလို သဘာဝစိမ့်စမ်းတွေ၊ ပရဆေးပင်တွေ၊ ဇီဝမျိုးကွဲတွေ၊ ဂေဟစနစ်တွေနဲ့ ပုပ္ပားတောင်နဲ့ ပတ်သက်ပြီး လူသိများတဲ့ စကားဝါပန်းတွေလည်း ရှိပါတယ်၊ ဒီတောင်ပေါ်ကနေ ကြည့်လိုက်ရင် မှိုင်းညို့ညို့တောင်တန်းတွေ၊ မြေပြင်တွေကိုလည်း ရှုမျှော်မဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုပ္ပားတောင်ကြီး ပေါက်ကွဲစဉ်အခါတုန်းက ပဲ့ကျလာတဲ့ အစိတ်ပိုင်းတခုဟာ အဲဒီတောင်ကြောပေါ်မှာပဲ တည်ရှိနေပြီး နတ်တောင် သို့မဟုတ် ပုပ္ပားတောင်ကလပ်လို့ လူသိများကြပါတယ်။ အဲဒါ ပုပ္ပားတောင်ကလပ်ဟာ ပင်လယ်ရေပြင်အထက် ပေပေါင်း နှစ်ထောင့် ငါးရာခန့် မြင့်ပါတယ်။
ဒီတောင်ပေါ်မှာတော့ စေတီပုထိုးတွေ၊ ဆုတောင်းပြည့် ဘုရား၊ ရန်အောင်မြင် ဘုရားနဲ့ ယုံကြည်ကိုးကွယ်သူတွေ ရှိသည့်အလျောက် နတ်နန်းတွေလည်း အမျိုးမျိုးရှိပါတယ်။
ပြည်တွင်းပြည်ပ ဘုရားဖူးတွေ၊ လေ့လာရေး အဖွဲ့တွေနဲ့လည်း နေ့စဉ် စည်ကားနေလျက် ရှိပါတယ်။ တောင်ကလပ် အခြေအထိ ကားတွေနဲ့ တက်လို့ရပေမယ့် အပေါ်ကိုတော့ မတ်စောက်တဲ့ လှေကားတွေပေါ်ကနေပဲ နာရီဝက်လောက် ကြာအောင် ခြေလျင်တက်ရပါတယ်။ ဒီလိုအမော့တက်တွေကို တက်ဆင်းရတဲ့အတွက် သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေအတွက် မလွယ်ကူပါဘူး။
ဘုရားဖူးသူ၊ လေ့လာသူတွေ တောင်ကလပ် အခြေကို ရောက်တယ်ဆိုရင်ပဲ ပန်းအော်ရောင်းသူတွေ၊ ဆေးမြစ်အော်ရောင်း သူတွေနဲ့အတူ မျောက်စာရောင်းသူတွေကလည်း ဝိုင်းအုံပြီး ဆူညံပွက်လောရိုက်နေပါတယ်။
ပုပ္ပားကို ဘုရားဖူး သွားကြတဲ့သူတွေဟာ အဲဒီတောင်ခြေကို ရောက်တာနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာကတော့ အုပ်စုလိုက် ရှိနေတဲ့ ပုပ္ပားတောင်ရဲ့ ဇာတ်လိုက် ဒါမှမဟုတ် ဗီလိန် တဖြစ်လဲ မျောက်တွေဖြစ်ပါတယ်။ သူတို့တွေဟာ ဘုရားဖူးသူတွေ အလာကို စောင့်နေကြပြီး ဘုရားဖူးကားတွေ တောင်ခြေကိုဝင်လာတာနဲ့ သူတို့ကလည်း လာရာလမ်းတွေမှာ အဆင်သင့် စောင့်နေကြပြီး ဖြစ်ပါတယ်။
သူတို့ဟာ အုပ်စုလိုက် စုဖွဲ့နေသလို တကောင်ချင်းစီပါ ဘုရားပေါ်တက်ရာ ဇောင်းတန်း တလျှောက် လှေကားပေါ်၊ နံရံတွေပေါ်နဲ့ အမိုးတွေပေါ်ကနေပြီး တက်လာတဲ့ ဘုရားဖူးတွေမှာ သူတို့အတွက် အစာပါမပါ စိစစ်ရေးဂိတ် အစောင့်တွေလို မျက်ခြေမပြတ် စောင့်ကြည့် နေကြပါတယ်။
ဘုရားဖူးသူတွေအနေနဲ့ အပြင်မှာ အနီးကပ် တွေ့ရခဲလှတဲ့ မျောက်တွေကို တွေ့မြင်ကြရတဲ့အခါ အရမ်းပျော်ရွှင်ကြပြီး မှတ်တမ်း ဓါတ်ပုံရိုက်ကြ၊ အနီးကပ် ကြည်စယ်ကြတာတွေ လုပ်ကြပါတယ်၊ ဒါပေမယ့် မျောက်တွေက သူတို့အတွက် အစာပါလာသလား ဆိုတာကိုပဲ စောင့်ကြည့်နေကြပါတယ်။
ငှက်ပျောသီး ဒါမှမဟုတ် အဲဒီမှာ ရောင်းပေးနေတဲ့ မျောက်စာတွေ သူတို့အတွက် ဝယ် မဝယ် မျောက်တွေက စောင့်ကြည့် နေကြပါတယ်၊ တယောက်ယောက်က ဝယ်လိုက်တာနဲ့ အဲဒီလူဟာ သူတို့ပစ်မှတ်အဖြစ် ဝိုင်းပြီး စုလိုက်သွားကြပါတယ်၊ သူတို့ကို ချက်ချင်း ချမကျွေးနိုင်ရင်တော့ အဲဒီလူ အိန္ဒြေပျက်လောက်တဲ့ထိ လုယက်ကြပါတော့တယ်။
ဒါ့အပြင် တချို့ဘုရားဖူးတွေက နားနားနေနေ စားသောက်ဖို့ ယူလာတဲ့ မုန့်ထုပ်တွေနဲ့ အချိုရေဗူးတွေ ဆိုရင်လည်း မျောက်တွေက မြင်တာနဲ့ မရရအောင် လုကြပါတယ်။ နောက်ဆုံး ဘုရားလှူမယ့် ပန်းကအစ လုယက်စားသောက်ကြတဲ့ အတွက် ဘုရားဖူးတွေလဲ စိတ်ညစ်ရတဲ့ အနေအထားအထိ ဖြစ်ရပါတယ်။
သူတို့အကြောင်းကို သိနေတဲ့ ဘုရားဖူးတွေက ကြွေးချင်ရင်တောင် မျောက်စာ ရောင်းတဲ့လူကို ပိုက်ဆံပေးပြီး ကျွေးခိုင်းလိုက်ကြပါတယ်။ တချို့က သူတို့ လုယက်မှုတွေကို မြင်ရတော့ ကြောက်ပြီး မကျွေးရဲကြတော့တာလည်း တွေ့ရပါတယ်။ တောင်ကလပ် အခြေမှာရှိတဲ့ သစ်သီးဆိုင် မုန့်ဆိုင်တွေဆိုရင်လည်း ဈေးထိုင်ရောင်းရင်းနဲ့ သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြရပါတယ်။
ပုပ္ပားတောင်ကလပ်ပေါ်မှာ သတင်းသုံးနေတဲ့ ဆရာတော်တပါးရဲ့ မိန့်ကြားချက်အရတော့ မျောက်တွေက ခရီးသွားဧည့်သည်တွေ ကျွေးတဲ့ အစားအစာတွေကိုပဲ အဓိက စားရတယ်လို့ သိရပါတယ်၊ ဘုရားဂေါပကအဖွဲ့က တခါတရံ အလှူလုပ်သလို ပုဂ္ဂလိက အလှူရှင်တချို့ကလည်း တပတ်ကို ၂ ရက် ငှက်ပျောက်သီးတွေကို ကားနဲ့ သယ်ပြီး အလှူပေးကြောင်း ဆရာတော်က မိန့်ပါတယ်။
ဒါပေမယ့် မျောက်တွေအတွက် အစားအသောက် လုံလောက်မှု မရှိကြောင်း၊ ဘုရားဖူး ခရီးသည်တွေကိုလည်း လုယက်၊ နှောက်ယှက်တဲ့အတွက်ကြောင့် ထိန်းသိမ်းမှုတွေ ပြုလုပ်ရပြီး ဒီလို ထိန်းသိမ်းတဲ့အခါမှာ သူတို့အကြောက်ဆုံး လက်နက်ကတော့ လေးဂွလို့ သိရပါတယ်။
“တကယ်တော့ ဒီမြေ၊ ဒီဒေသက သူတို့ အရင် ကျက်စားနေတဲ့မြေကွ။ ငါတို့လူတွေက ဒီပုပ္ပားတောင် နေရာကို သူတို့နောက်မှ လာပြီး အမှီသဟဲပြုနေကြတာ။ သူတို့နေရာကို ငါတို့က ကိုလိုနီအဖြစ် သိမ်းခဲ့ကြတာပေါ့ကွာ။ အရင်တုန်းကတော့ သူတို့နည်း သူတို့ဟန်နဲ့ အစားအစာ လုံလောက်မှာပေါ့၊ လူတွေသိမ်းလိုက်မှပဲ အစာ မလောက်တာလား မသိပါဘူးကွာ။ သူတို့ကလည်း တနှစ်ကို ၃ သားလောက် မွေးတော့ များတာ မြန်လာတာပေါ့” လို့ ဆရာတော်က မိန့်ပါတယ်။
ပုပ္ပားတောင်ပေါ်မှာရှိတဲ့ မျက်ကွင်းဖြူ အမျိုးအစား မျောက်တွေဟာ ကမ္ဘာပေါ်မှာ ရှားပါးမျောက်တွေဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ပုပ္ပားတောင်မှာသာ ရှိတဲ့အကြောင်းနဲ့ ဒီတောင်ပေါ်ကို လူစိမ်းတွေ တဖြည်းဖြည်း စိမ့်ဝင်လာတာနဲ့အမျှ မျောက်တွေ ဖမ်းဆီး စားသောက်ခံရမှု ကြုံနေရတဲ့အကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက သတိပေး ထောက်ပြ ပြောဆိုထားပါတယ်။
ပုပ္ပားတောင်ကြီးဟာ မျောက်တွေအတွက် သဘာဝ သစ်သီး၊ သစ်ဥတွေ ရှားလာသလို စိမ်းလန်းစိုပြေနေတဲ့ ပုပ္ပားတောင်ပေါ်က အဖိုးတန်သစ်ပင်တွေနဲ့ သဘာဝပေါက်ပင်ကြီးတွေကို အစိုးရနဲ့ သူတို့ရဲ့ လက်ရင်း စီးပွားရေး လုပ်ငန်းရှင်တွေက ခုတ်ယူပြီး စီးပွားရေး တွက်ခြေကိုက်မယ့် အပင်တွေကို စိုက်ပျိုး လုပ်ဆောင်လာကြတဲ့အတွက် သစ်တောပြုန်းတီးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ပုပ္ပားတောင်မကြီးရဲ့ မြောက်ဘက်အခြေမှာ ရှိတဲ့ ငရံ့ကုန်း၊ တောင်ပေါ်၊ ကျောက်တံခါး စတဲ့ ရွာတွေဘက်မှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနပိုင် ဘိလပ်မြေအစားထိုး စက်ရုံကလည်း မီးတောင်က ထွက်ထားတဲ့ ချော်မြေတွေကို တူးဖော်နေကြတဲ့အတွက် လယ်ယာမြေ အသိမ်းခံရခြင်းတွေ၊ သစ်တောပြုန်းတီးမှုတွေ၊ တောင်နံရံများ ပျက်စီးမှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။