ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူးယစ်ဆေးဝါး ရောင်းချမှုနှင့် သုံးစွဲမှု တိုးပွားလာသည့်တွက် မူးယစ်ဆေးဝါး ပပျောက်ရန် ဒေသခံပြည်သူများ ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသသည် မူးယစ်ဆေးဝါးကို အမြစ်တွယ်သုံးစွဲသည့် ဒေသတခုဖြစ်သည့်အလျောက် မူးယစ်ဆေးကြောင့် လူသားဘဝနှင့် စိတ်ဓာတ်ပျက်ပြားမှုများ ဖြစ်လာသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း ကြူကုတ် (ပန်ဆိုင်း) ကျေးရွာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှ ဦးထွယ်အောင်က ပြောသည်။
“ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ အရမ်းလည်းများတယ်။ အဲဒါကြောင့် ဒေသခံတွေကို ပညာပေးပြီး သုံးစွဲသူ၊ ရောင်းချသူတွေကို လိုက်လံရှာဖွေပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ဦးထွယ်အောင်က ဧရာဝတီသို့ ပြောသည်။
မူးယစ်ဆေးဝါး ပပျောက်ရေး တိုက်ဖျက်ရာတွင် အမျိုးသမီးများ ဦးဆောင်ပါဝင်နေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ အိမ်ကို ဝင်ရောက် ရှာဖွေခြင်း၊ ရောင်းချသူများကို ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
ပြစ်ဒဏ်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များ၊ ရဲများထံ အပ်နှံခြင်းတို့ ပြုလုပ်ကြောင်း၊ ထို့အပြင် သုံးစွဲသူတချို့ကို မုံပေါ်ဒေသရှိ ပြည်သူ့စစ် အချုပ်နှင့် ကျပ်ငွေ ၂ သိန်းမှ ၁၀ သိန်းအထိလည်း ငွေဒဏ် အပြစ်ပေးကြောင်း သိရသည်။
“ဒီလိုလုပ်တဲ့အခါ အခက်အခဲကတော့ မူးယစ်ဆေးဝါးဖြတ်ဖို့ ဆေးခန်း၊ ဆေးရုံတွေ မရှိတာပဲ။ အစိုးရဘက်က မူးယစ်ဆေးဝါး ကာကွယ် တိုက်ဖျက်ရေး အဖွဲ့ကလည်း ပါဝင်မှု အားနည်းတယ်။ သူတို့တွေက အပေါ်ယံပဲ လုပ်ကြတယ်” ဟု ဦးထွယ်အောင်က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ဒေသအတွင်း သုံးစွဲမှုနည်းလာအောင် မူးယစ်ဆေးဝါး ကာကွယ်သည့် ဇာတ်လမ်း၊ သီချင်းများနှင့် အားကစားများကိုပါ ဆောင်ရွက်ပေးသကဲ့သို့ ဘာသာတရားကို အကြောင်းကိုလည်း ဟောပြောခြင်း ပညာပေးခြင်းများလည်း ပြုလုပ်ကြကြောင်း သိရသည်။
၂၀၁၂ ခုနစ် စက်တင်ဘာမှ စတင်၍ မူဆယ်မြို့နယ် မုံပေါ်ဒေသအတွင်း အမျိုးသမီးများ ဦးစီးဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူ အယောက် ၃၀၀ ကျော်နှင့် ရောင်းချသူ ၁၂ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
“မူးယစ်ဆေးဝါး သုံးစွဲသူတွေက အရင်ကတည်းက များတယ်။ အဲဒါတွေက ဒီဒေသမှာ အမြစ်တွယ်နေတာ ကြာပါပြီ။ ကိုယ့်ဒေသကလူတွေ မလုပ်ရင်လည်း မရတော့ဘူးလေ။ လူငယ်တွေ ပြည်သူတွေ ပေါင်းပြီး ဒီလိုတိုက်ဖျက်တာ ကောင်းတာပေါ့” မူဆယ်မြို့ခံတဦးက ဆိုသည်။
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအဖွဲ့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အမှတ်တံဆိပ်ပါ ဦးထုပ်နှင့် အကျႌများကို ဝတ်ဆင်၍ ကျေးရွာများအတွင်း တိုက်ဖျက်ရေး လှုံ့ဆော်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များလည်း အားတက်သရော ပါဝင်လာရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်တွင် ရှမ်းနှင့် တရုတ်လူမျိုးများ နေထိုင်ကြပြီး လူဦးရေ ၁၀,၇၅၅ ဦးတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ၂၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။