၂၀၁၁-၂၀၁၂ စီးပွားရေးနှစ် နှစ်ဝက် ကာလအတွင်း မြန်မာပြည်မှလာသော ကုန်ပစ္စည်းများမှ ရရှိသည့် အခွန်ငွေသည် မျှော်မှန်းထားသည်ထက် တာကာသန်းတရာ (ကျပ်သန်းတထောင်) ခန့် လျော့နည်းနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာဖ် (Teknaf) ဆိပ်ကမ်း အကောက်ခွန်ဌာနက တနင်္ဂနွေနေ့တွင် ပြောဆိုလိုက်သည်။
ဤကာလအတွင်း ရရှိသည့် အခွန်ငွေမှာ တာကာ သန်း ၃၂၀ ခန့်သာ ဖြစ်ပြီး ဤသို့ အခွန်ငွေ လျော့နည်းသွားရခြင်းမှာ ပြီးခဲ့သည့်လဆန်းပိုင်းက အစပြုခဲ့သည့် ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှု၊ ကာလ အတန်ကြာ ဖြစ်ပေါ်နေသော မှောင်ခိုကုန်သွယ်ရေး၊ တရားမဝင် ကျူးကျော်ဝင်ရောက်မှုတို့နှင့် ဆက်စပ်နေသည်ဟု အကောက်ခွန်ဌာနက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ ဇွန် ၈ ရက်နေ့က စတင် ရပ်တန့်သွားခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့များတွင်သာ နာရီအနည်းငယ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နှစ်ဘက်ကုန်သည်များက အခြေအနေကို စောင့်ကြည့်ပြီး ဇွန် ၃၀ ရက်နေ့က စတင် သွားလာနေကြကြောင်း၊ မှောင်ခိုကုန်သည်များက ဇွန်လ တတိယပတ်တွင် လုပ်ငန်း ပြန်လည် စတင်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
“ကုန်သည်တွေ ခရီးသွားချင်နေကြတာက ကြာပါပြီ၊ စီးပွား မလုပ်ရတော့ ဘယ်လို ရပ်တည်မလဲ၊ ဒါ့အပြင် ကုန်တွေ သိုလှောင်ထားလို့ ရှုံးဆုံးမှုတွေ ရှိတယ်ပါသေးတယ်” ဟု စစ်တွေမြို့မှ ကုန်သည်တဦးက ပြောသည်။
မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်များမှာ ရေထွက်ပစ္စည်း၊ ကြိမ်၊ ဝါး၊ သစ်၊ ဂျင်း၊ ကွမ်းသီး၊ ငရုပ်ကောင်း၊ မဆလာ၊ မန်ကျည်းသီး၊ ဆန်နှင့် တခြားကုန်မျိုးစုံ စုစုပေါင်း ၃၆ မျိုး ရှိသည်။
ဘင်္ဂလားဒေ့ရှ်က မြန်မာသို့ တင်ပို့သော ကုန်များမှာ အလူမီနီယံ၊ ဘိလပ်မြေ၊ ဆံပင် စသည့် ကုန်မျိုးစုံ ၁၀ ခု ရှိကြောင်း သိရသည်။
ထိုကိန်းဂဏန်းများမှာ တရားဝင်ကုန်သွယ်ရေး ဆိုင်ရာ အချက်အလက်များ ဖြစ်ပြီး မှောင်ခိုကုန်သွယ်ရေးတွင် ကုန်ပစ္စည်းမျိုးစုံ ကူးသန်းသွားလာနေကြကြောင်း သိရသည်။
လွန်ခဲ့သောနှစ် ဇူလိုင်မှ ယခုနှစ် ဇွန်လ (စီးပွားရေးနှစ်) တနှစ်အတွင်း တာခ်နာဆိပ်ကမ်းမှ မြန်မာသို့ စုစုပေါင်း တာကာ သန်း ၁၀၀ ဖိုး ပို့ဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရ်ှသည် ဇွန်လကို စီးပွားရေးအရ နှစ်ကုန်အဖြစ် သတ်မှတ်ပြီး ဇူလိုင်လကို နှစ်ဦးအဖြစ် သတ်မှတ်သည်။
နှစ်နိုင်ငံ အကြား နယ်စပ် ကုန်သွယ်ရေး စာချုပ်ကို ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး ယင်းကာလ မတိုင်မီ နှစ်ပေါင်းများစွာကပင် ဘင်္ဂလားဒေ့ရ်ှက ဝယ်လိုအားကြီးခဲ့သည်။
ဤအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် မြန်မာ့ဆန်များ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်မှု မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်မှ မောင်တောမြို့နယ်အတွင်းသို့ တရားမဝင် ဆန်တင်သွင်းမှုများကို ဖမ်းဆီးရမိနေကြောင်း နယ်စပ်လုံခြုံရေး သတင်းရပ်ကွက်များအရ သိရသည်။
နယ်စပ်တွင် ကုန်သွယ်ရာတွင် ပင်လယ်ဓားပြတို့ သောင်းကျန်းမှု အန္တရာယ်နှင့်လည်း ရင်ဆိုင်ရတတ်သည်ဟု ကုန်သည်ကြီး တချို့က ဆိုသည်။