အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်လာရသော်လည်း စက်မှုကုန်ထုတ်လုပ်ငန်းများမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြောဆိုလိုက်သည်။
“လယ်ယာစိုက်ပျိုးရေး စိုက်ပျိုးရေး ကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍတွေမှာ ဖွံ့ဖြိုးလာတာ မြင်သာပေမဲ့ စက်မှု လုပ်ငန်း တွေကတော့ ထင်သလောက် တိုးတက်လာတာမရှိဘူး။ ကျွန်တော်တို့ စီမံချက်တွေ ချထားပေမဲ့ ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်း လောက်သာ ရှိနေတုန်းပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက UMFCCI တွင် ယနေ့ပြုလုပ်သည့် စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည်ဟု ဆိုသော်လည်း အခြေခံ အဆောက်အအုံများ လုံလောက်မှု မရှိခြင်း၊ စွမ်းအင်နှင့် လျှပ်စစ်လုံလောက်မှု မရှိခြင်း၊ နည်းပညာ အခက်အခဲ၊ ငွေကြေးအရင်းအနှီး ရရှိနိုင်မှု အခက်အခဲ၊ ဘဏ်တိုးနှုန်းများ ကြီးမြင့်နေခြင်း၊ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း၊ ဈေးကွက်အခက်အခဲ၊ ထုတ်လုပ်မှု စရိတ်မြင့်မားခြင်း စသည်တို့သည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည့် အကြောင်းများဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
“စက်မှု ကဏ္ဍဖွံ့ဖြိုးမှုဆိုတာ စွမ်းအင်နဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဓိကကျတဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကို လိုသလောက်မရတဲ့အတွက် ဖွံ့ဖြိုးမှု နှောင့်နှေးတာတွေဖြစ်နေတာပါ” ဟု ဦးမြင့်ဆွေက ဆက်ပြောသည်။
ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP တွင် စက်မှုကဏ္ဍ၏ လက်ရှိ ပါဝင်မှုပမာဏသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ရမည်ဟု သမ္မတ ဦးသိန်းစိန်က လမ်းညွှန်ခဲ့သည်။
“နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံ ပေါ်ထွန်းရေးဆိုတဲ့ နေရာမှာ ၉၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ ပြည်တွင်းက ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အားပေးကူညီထောက်ပံ့ဖို့ လိုပါတယ်။ သင့်တော်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ထုတ်ပြန်ဖို့ လိုနေပါတယ်” ဟု မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးဇော်မင်းဝင်းက ဆိုသည်။
စက်မှုဝန်ကြီးဌာနကလည်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SME Development Centre ကိုတည်ထောင်ဖွင့်လှစ်ထားပြီး မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုးရေးဘဏ်ကိုလည်း အသေးစားနှင့် အလတ်စား စက်မှု ဖွံ့ဖြိုးရေး ဘဏ်အဖြစ်ပြောင်းလဲ ဖွင့်လှစ်ကာ အရင်းအနှီးလိုအပ်ချက်များ ဖြည့်ဆည်းပေးနေကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က ပြောသည်။
စီးပွားရေး နယ်ပယ်တွင် ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြင့်တင်ပေးရေး၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ အရင်းအနှီးဈေးကွက်နှင့် ငွေကြေးဈေးကွက်များ ထွန်းကားရှင်သန်လာစေရေး၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများတွင် အရင်းအနှီးနှင့် နည်းပညာများ တိုးမြင့်ရရှိစေရေး၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေးနှင့် ကုန်ထုတ်လုပ်မှုကို အခြေခံသော ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာစေရေးတို့ကို စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကပြောသည်။
စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှု နှောင့်နှေးနေရခြင်းသည် စက်မှုလုပ်ငန်းရှင်များနှင့် ထိတွေ့နေရသော ဝန်ကြီးဌာနများ၏ မူဝါဒများနှင့်လည်း သက်ဆိုင်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။