ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာရှိ တော်ဝင် သစ်အချောထည်စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၁၀ ဦးအနက် ဆေးရုံတင်ထားရသူ ၂ ဦးအထိ ရှိသွားပြီး တခြား ဆန္ဒပြအလုပ်သမား ၄ ဦးလည်း စနေနေ့ည ရုန်းရင်းဆန်ခတ် အဖြစ်အပျက်ကြောင့် အင်းစိန်ဆေးရုံတွင် အရေးပေါ် ကုသခံနေရကြောင်း ဆန္ဒပြအလုပ်သမားများက ဧရာဝတီသို့ ပြောသည်။
တော်ဝင် သစ်အချောထည်စက်ရုံမှ အလုပ်သမား ၃၀၀ နီးပါးသည် အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက အလုပ်သမားရပိုင်ခွင့်များ တောင်းဆိုပြီး ဆန္ဒထုတ်ဖော်နေကြသည်မှာ ၁၂ ရက်ရှိပြီ ဖြစ်သည်။ ထိုဆန္ဒပြသူများထဲမှာ ၁၀ ဦးမှာ ပြီးခဲ့သည့် ကြာသပတေးနေ့မှ စတင်ကာ ယနေ့အထိ အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်သည်။
သစ်အချောထည်စက်ရုံ အလုပ်သမား တဦးဖြစ်သည့် ကိုရဲထက်ထွန်းက အမျိုးသမီး ၄ ဦးဖြစ်သည့် မနီလာအောင်၊ မနှင်းဝေလွင်၊ မခင်ချိုနှင်းနှင့် မအေမီထွန်းတို့မှာ စနေနေ့ညက ဖြစ်ပွားခဲ့သည့် အထိတ်တလန့် ဖြစ်ရပ်ကြောင့် သတိလစ်မေ့မျောပြီး အင်းစိန်ဆေးရုံတွင် အရေးပေါ် ဆေးကုသခံနေရဆဲ ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
ကိုရဲထက်ထွန်းသည် တော်ဝင် သစ်အချောထည် စက်ရုံတွင် ၆ နှစ်ကျော်ကြာ လုပ်ကိုင်နေသူဖြစ်သည်။
နိုဝင်ဘာ ၃ ရက် စနေနေ့ည ၈ နာရီခန့်တွင် တော်ဝင် သစ်အချောထည်စက်ရုံ တည်ရှိရာ ဝါးတရာကျေးရွာတွင် ရွာသားတချို့ ရန်ဖြစ်ရာမှ ဆန္ဒပြအမျိုးသမီး လူအုပ်ထဲသို့ လူတချို့အော်ဟစ်ကာ ပြေးဝင်လာပြီးနောက် ဆန္ဒပြသူများ ထိခိုက်ခဲ့ရသည်ဟု ဆိုသည်။
“လူအုပ်ကြီးထဲ ပြေးဝင်လာတော့ တချို့လည်း ကျန်းမာရေးအရ အားနည်းနေကြတာ။ အဲဒီမှာ အမျိုးသမီးအများစုက မေ့မျောကုန်ကြတယ်။ လူ ၃၀ လောက် ရှိမယ်” ဟု ၈၈ မျိုးဆက်အဖွဲ့မှ အလုပ်သမားအရေး ကူညီပေးနေသူ မမာမာဦးက ဧရာဝတီသို့ ပြောသည်။
ဒဏ်ရာရသူ၊ ထိတ်လန့်မေ့မျောသွားသူများကို ရွှေပြည်သာဆေးရုံသို့ ပို့ခဲ့ပြီး အားလုံး ယနေ့ ဆေးရုံမှ ဆင်းခွင့်ရကြောင်း၊ ထိုအထဲမှ စိုးရိမ်ရသူ အမျိုးသမီး ၄ ဦးကို အင်းစိန်ဆေးရုံသို့ ရွှေ့ခဲ့ရကြောင်း သိရသည်။
သစ်စက်ရုံ အလုပ်သမားများ၏ ဆန္ဒပြမှုသည် အောက်တိုဘာ ၂၅ ရက်ကတည်းက စတင်ခဲ့ပြီး ယခုအကြိမ်သည် ၄ ကြိမ်မြောက်ဖြစ်ကာ ရက်အရှည်ဆုံး ဆန္ဒဖော်ထုတ်မှုလည်း ဖြစ်သည်။
အလုပ်သမားများက အလုပ်ရှင်/အလုပ်သမား သဘောတူစာချုပ်ကို လိုက်နာရန်၊ အလုပ်မရှိဟု အကြောင်းပြကာ စက်ရုံအလုပ်သမားများကို ပြင်ပ အလုပ်ဆိုက်များသို့ မပို့ရန်၊ အလုပ်သမားများအတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရာတွင် အလုပ်သမားများ၏ဆန္ဒ ရယူရန်၊ အလုပ်ခန့်အပ်သည့် သဘောတူညီချက် (EC) ကို အသစ်ပြန်ချုပ်ဆိုရန်နှင့် လူမှုဖူလုံရေးကတ်ပြားများ တပတ်အတွင်း ထုတ်ပေးရန်တို့ကို တောင်းဆိုထားသော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျောခြင်းမရှိကြောင်း သိရသည်။
နှစ်ပတ်နီးပါးကြာ ဆန္ဒဖော်ထုတ်မှုအတွင်း အလုပ်ရှင်၊ အလုပ်သမား၊ ကြားဝင်ဖျန်ဖြေသူများနှင့် ညှိနှိုင်းဆွေးနွေးမှုကို နိုဝင်ဘာ ၃ ရက် စနေနေ့က ပြုလုပ်ခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေခဲ့ပေ။
အလုပ်သမားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းရှိန်၊ ၈၈ မျိုးဆက်အဖွဲ့မှ ကိုအောင်သူနှင့်အဖွဲ့၊ သစ်တောဌာန တာဝန်ရှိပုဂ္ဂိုလ်နှင့် မန်နေဂျာ၊ အလုပ်သမား ကိုယ်စားလှယ် ၁၀ ဦးတို့ ညှိနှိုင်းမှုတွင် မန်နေဂျာဘက်မှ ပထမဆုံး တောင်းဆိုမှုဖြစ်သည့် အလုပ်သမား များအား ပြင်ပအလုပ်ခွင်များတွင် ခိုင်းစေခြင်းမပြုရန် အချက်ကိုပင် လက်မခံသည့်အတွက် အဆင်မပြေခဲ့ပေ။
“အပြင် အလုပ်ဆိုက်တွေမှာ ကျနော်တို့ကို လုပ်ခိုင်းရင် စက်ရုံမှာ လုပ်ရတဲ့အလုပ်တွေနဲ့ မတူတဲ့အလုပ်တွေ လုပ်ရတယ်။ ကျနော်တို့က ပရိဘောဂလုပ်ငန်းကိုပဲ ကျွမ်းကျင်တယ်။ သူတို့က သံချီသံကွေးလို အလုပ်ကို ခိုင်းတယ်။ မကျွမ်းကျင်လို့ ပျက်ရင် လျော်ရတယ်။ ပေးတော့ တနေ့ကို ၂ ထောင်ပဲ။ လျော်ရရင် အနည်းဆုံး ၃ ရက်လုပ်ခကို လျော်ရတာ။ အဲဒါကြောင့် အပြင် အလုပ်ဆိုက်တွေကို မပို့ဖို့ ကျနော်တို့ တောင်းဆိုနေတာ ဖြစ်တယ်” ဟု ကိုရဲထက်ထွန်းက ဆိုသည်။
“နောက် စည်းကမ်း သတ်မှတ်တဲ့အခါမှာလည်း အလုပ်နဲ့ဆိုင်တဲ့ ဆေးလိပ်မသောက်ရဆိုတဲ့ စည်းကမ်းကို ကျနော်တို့ လိုက်နာနိုင်တယ်။ ဒါပေမယ့် တခြား ကျနော်တို့ လွတ်လပ်ခွင့်တွေဖြစ်တဲ့ ဆံပင်ဆေးဆိုးတာ၊ ဆံပင်ထောင်တာတွေကျ မလုပ်ရလို့ ပြောထားတယ်။ ကျနော်တို့က အလုပ်သမားတွေ၊ အလုပ်လုပ်နေတာ၊ ယဉ်ကျေးမှုသင်တန်း လာတက်နေတာမှ မဟုတ်တာ” ဟု သူက ဆက်ပြောသည်။
လုပ်သက် ၁၂ နှစ်ရှိပြီဖြစ်သည့် မသီတာအောင်က စက်ရုံတွင် အလုပ်သမား အခွင့်အရေးများ တောင်းဆိုသည့် အလုပ်သမားသမဂ္ဂ စတင်ဖွဲ့စည်းကတည်းက သမဂ္ဂတွင် ပါဝင်သူများကို ပြင်ပ အလုပ်ဆိုက်များသို့ စေလွှတ်ပြီး ဖိအားအမျိုးမျိုး ပေးခံရသည်ဟု ဆိုသည်။
“ကျမကတော့ ပြင်ပ အလုပ်ဆိုက်တွေကို အပို့ခံရတဲ့အထဲ မပါပါဘူး။ ဒါပေမယ့် ကျမတို့ အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ကျမလည်း အလုပ်သမား တဦးဖြစ်တဲ့အတွက် အလုပ်သမားတွေဘက် မခံချင်လွန်းလို့ ထွက်လာတာ။ မရမချင်းတော့ ကျမတို့ ဆက်ပြီး ကြိုးစားမယ်” ဟု ဆိုသည်။
စားပွဲ၊ ကုလားထိုင်၊ ဗီရို စသည့် ပရိဘောဂများ ထုတ်လုပ်သည့် သစ်အချောထည်စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု အများအပြားခံကြရကြောင်း အလုပ်သမားများက ပြောဆိုကြသည်။ ၁၀ နှစ်ကျော်ကြာ လုပ်သက်ရှိသည့် အလုပ်သမားများသည်ပင် နေ့စားအလုပ်သမားဟုပင် သတ်မှတ်ခံရပြီး အခွင့်အရေး ရပိုင်ခွင့် လုံး၀ မရရှိကြဟု ဆိုသည်။
“သူတို့က ကျမတို့ကို ဝန်ထမ်းလို့ သတ်မှတ်တာ မဟုတ်ဘူး။ ကျမတို့ ဒီမှာ လုပ်လာတာ ၁၂ နှစ်ကျော်ပြီ။ တချို့ ၁၈ နှစ်လောက်တောင် ကြာပြီ။ ကျွမ်းကျင်မှု ရှိရှိ မရှိရှိ လုပ်ခကလည်း အတူတူပဲ၊ တိုးလာတယ်ဆိုတာ မရှိဘူး” ဟု မသီတာအောင်က ဆိုသည်။ တော်ဝင် သစ်စက်ရုံတွင် အမျိုးသမီးတဦးအတွက် လုပ်ခ ကျပ် ၂၀၀၀ ရရှိပြီး အမျိုးသားတဦးလုပ်ခမှာ ၂၅၀၀-၃၀၀၀ ကျပ် ရရှိကြသည်။
“အလုပ်ရှင်ဘက်က ကျမတို့ကို အမျိုးမျိုး နှောင့်ယှက်တယ်။ ပြီးခဲ့တဲ့ စနေနေ့က ည ၈ နာရီလောက်က ကျမတို့ ဆန္ဒပြတဲ့ လူထုထဲကို ဓားထိုးခံရလို့ ဆိုပြီး ကျမတို့လူအုပ်ထဲကို တိုးပြီး ဝင်လာတယ်။ လူအုပ်ထဲကို ဝင်ပြေးလာပြီး ကျနော်ကို ဓားနဲ့ ထိုးလို့ပါဆိုပြီး မိန်းကလေးတွေကြားထဲ ဝင်ပြေးလာတယ်။ မိန်းကလေးတွေက ၄-၅-၆ ရက်လောက် ဆန္ဒပြနေတာ။ အားတွေက ပြတ်နေကြပြီ လူကသာ စိတ်က မာနေကြတာ။ သိပ်ပြီးတော့ မကျန်းမာဘူး။ အဲလို အော်သံကြားတော့ အကုန်လုံး မိန်းကလေးတွေ အယောက် ၃၀ လောက်ရှိတယ်။ မေ့လဲတဲ့လူနဲ့ သတိလစ်သွားတဲ့လူနဲ့။ မောပြီးတော့ နေတဲ့လူနဲ့။ အကုန်လုံး ကျမတို့ ဆေးရုံကို ပို့ရတယ်” ဟု အလုပ်သမ တဦးက ပြောသည်။
“ဒါကလည်း သူတို့ဘက်က လုပ်ကြံမှုလို့ ကျမတို့ မြင်တယ်။ ဒီပြင့်နေရာ မှာ ရန်ဖြစ်တဲ့လူက ကျမတို့ အနားရောက်ခါမှ ဓားနဲ့ ထိုးခံရတယ်ဆိုပြီး အော်ပြီးပြေးတယ်။ ဘာမှလည်း ဟုတ်တာမဟုတ်ဘူး။ ဒီမှာ မိန်းကလေးတွေ သတိရနေတဲ့ အချိန်မှာပဲ။ သတင်းက ဒိုင်းဆို ရွာက မိန်းကလေးတွေရဲ့ မိဘတွေဆီ ရောက်သွားတယ်။ ဒီမှာ ဖြစ်လို့မပြီးသေးဘူး။ ဟိုက မိဘတွေကို ခေါ်ချလာတယ်။ ဆန္ဒပြတဲ့အထဲမှာ ဓားထိုးခံရတယ်ဆိုပြီးတော့။ အဲဒါကလည်း ကျမတို့စက်ရုံဘက်က အကွက်ကျကျချပြီး ကျမတို့ကို နှောင့်ယှက်တာ” ဟု သူက ဆိုသည်။
တော်ဝင် သစ်အချောထည်စက်ရုံ အလုပ်သမား ၃၀၀ ခန့်သည် အောက်တိုဘာလတွင် တော်ဝင်ကုမ္ပဏီရှေ့သို့ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြသေးသည်။ အလုပ်သမားများထဲမှ ကိုယ်စားလှယ် ၇ ဦးကို အလုပ်ရှင် ဦးကိုကိုထွေးက လက်ခံတွေ့ဆုံခဲ့ပြီး အလုပ်သမား အခွင့်အရေးများအတွက် တင်ပြ ဆွေးနွေးခဲ့သော်လည်း တိုးတက်မှု တစုံတရာ မရှိခဲ့ဟု အလုပ်သမားများက ပြောဆိုသည်။
ထိုသို့ အလုပ်သမားကိုယ်စားလှယ်များ ညှိနှိုင်းနေချိန်တွင် ကျန် အလုပ်သမားများက တော်ဝင်ကုမဏီရှေ့တွင် စုရုံးစောင့်နေခဲ့ကြသည်။ ထိုသို့ အလုပ်သမားများ စုရုံးခဲ့သည့်အတွက် အလုပ်သမားကိုယ်စားလှယ် ၇ ဦးကို ခွင့်ပြုချက် မယူဘဲ လူစုလူဝေး ပြုလုပ်ခဲ့သည်ဟု ဆိုကာ စမ်းချောင်းမြို့နယ် တရားရုံး၌ တရားစွဲဆိုခံထားရကြောင်း မသီတာအောင်က ဆိုသည်။
“မနက်ဖြန် နိုဝင်ဘာ ၆ ရက်နေ့ တရားရုံး ရုံးချိန်း တက်ရမယ်” ဟု သူက ပြောသည်။
ဆန္ဒပြအလုပ်သမားများအား အလုပ်သမားအခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက စားသောက်ရေး အကူအညီ ပေးနေသော်လည်း နှစ်ပတ်နီးပါး ကြာလာသည့်အတွက် စားသောက်ရေး လိုအပ်မှုများ ရှိနေသည်ဟု အလုပ်သမားများက ဆိုသည်။