မြန်မာနိုင်ငံအနေဖြင့် အာရှကျားနိုင်ငံများကဲ့သို့ ပြည်ပပို့ကုန်ထုတ်လုပ်ရေးကို အခြေခံသည့် စီးပွားရေးစနစ်ကို ပြောင်းလဲရန် အရေးပေါ်လိုအပ်နေပြီး အလုပ်အကိုင်သစ်များကို ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မှသာ နိုင်ငံ့စီးပွား ခေါင်းထောင်နိုင်မည်ဟု ထိပ်တန်း အမေရိကန်မဂ္ဂဇင်း Foreign Policy ၏ ဆောင်းပါးတစောင်က တိုက်တွန်းရေးသားလိုက်သည်။
ဩစတြေးလျ မက်ကွာရီ တက္ကသိုလ်တွင် စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ယူ စာတမ်းအတွက် မြန်မာပြည် စီးပွားရေးကို လေ့လာနေသူ ဂျဲရက်ဘစ္စင်းဂါးက Think Again: Burma’s Economy ဆောင်းပါးတွင် မြန်မာ့စီးပွားရေးကို သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ သစ်၊ ကျောက်စိမ်းနှင့် သယံဇာတ ရောင်းရငွေများပေါ်တွင်သာ တည်မှီနေကြောင်း၊ မြန်မာ့ပို့ကုန် ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၉၀ ရာခိုင်နှုန်းမှာ ယင်းကဏ္ဍများတွင်သာ ဖြစ်ကြောင်း၊ ယင်းမှာ အလုပ်အကိုင်သစ်များကို မဖန်တီးပေးနိုင်ကြောင်း၊ အဆိုပါ ဝင်ငွေများမှာ အစိုးရအတွက် ကောင်းမွန်သော်လည်း အစိုးရမှာ ယင်းဝင်ငွေကို ကုန်ထုတ်လုပ်မှုတွင် ပြန်လည်ရင်းနှီးရန် မစွမ်းဆောင်နိုင်ကြောင်း ရေးသားထားသည်။
“ဤသို့ ဖြစ်နေသော်ငြား နေပြည်တော်တွင် ပြန့်နှံ့နေသော အမြင်သဘောမှာ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ညီမျှခြင်း ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်ပုံရသည်။ ထိုအယူအဆ မှားသည်။ ရင်းနှီးမြှုပ်နှံမှု ပုံစံ အမျိုးမျိုးသည် တိုင်းပြည် စီးပွားရေးအပေါ် အခြေခံကျကျ သက်ရောက်မှု အမျိုးမျိုး ဖြစ်စေသည်။ နည်းပညာနှင့် ကျွမ်းကျင်မှု အတတ်တို့ကို သယ်ဆောင်လာသည့် ရင်းနှီးမြှုပ်နှံမှုသည် အကျိုးရှိသည်။ သို့သော် သယံဇာတ ရင်းနှီးမြှုပ်နှံမှုမှာ အန္တရာယ်ရှိနိုင်သည်။ အကြောင်းမှာ ပြန်လည် အသုံးမချနိုင်သည့် ပိုင်ဆိုင်မှုများကို ရောင်းချခြင်းဖြင့်သာ ဝင်ငွေကို ဖန်တီးခြင်းကြောင့်ပင်” ဟု ထောက်ပြဝေဖန်ထားသည်။
ထို့အပြင် အရင်းခံ ပြဿနာမှာ အရင်းအနှီး မရှိ၍ မဟုတ်ဘဲ ကုန်ထုတ်လုပ်ရေးအတွက် စီးပွားရေးစနစ် ကိုယ်နှိုက်ကပင် အစွမ်းမထက်၍ ဖြစ်ကြောင်းလည်း ဆိုသည်။
ဥပမာအားဖြင့် ခြံ မြေ ဈေးများ ခေါင်ခိုက်အောင် မြင့်နေကြောင်း၊ မြေတဧက အမေရိကန်ဒေါ်လာ တသန်းကျော် ပေါက်နေကာ ဘန်ကောက်ထက်ပင် မြင့်ကြောင်း၊ တခြား အကြောင်းများကြောင့်လည်း ဈေးနှုန်းမြင့်လာရသော်ငြား အဓိက အကြောင်းတခုမှာ ရင်းနှီးမြှုပ်နှံရန် အခွင့်မရှိ၍၎င်း ဘဏ်များ၌လည်း အလုပ်မဖြစ်၍၎င်း တိုက် ခြံမြေ၊ ရွှေ၊ ကျောက်မျက် ဈေးကွက်များတွင်သာ ဝင်ရောက် ရင်းနှီးကြသောကြောင့်ဟု ရေးသားထားသည်။
တချိန်တည်းတွင် ကျေးလက်ဒေသများတွင် ငွေချေးနိုင်မှု လုံးဝကင်းမဲ့နေကြောင်း၊ အစိုးရ စိုက်ပျိုးရေး ဘဏ်များသည် တောင်သူများ လိုအပ်ချက်၏ သုံးပုံတပုံသာ ငွေထုတ်ချေးနိုင်ပြီး ပုဂ္ဂလိကဘဏ်များကို ငွေထုတ်မချေးရန် ပိတ်ပင်ထားကြောင်း၊ ထို့ကြောင့် ပြင်ပငွေချေးသူများထံတွင် တလ ၁၀ ရာခိုင်နှုန်း အတိုးဖြင့် ငွေချေးနေရ၍ လယ်သမားများ အကြွေးသံသရာလည်ကာ ဆင်းရဲတွင်းမှ ရုန်းမလွတ်နိုင်ဟုလည်း ဝေဖန်ရေးသားထားသည်။
စီးပွားရေးပိတ်ဆို့မှုမှာ တိုင်းပြည်စီးပွားရေးကို ထိခိုက်ခဲ့သော်လည်း ပုဂ္ဂလိကကဏ္ဍအတွက် အကြီးဆုံးပြဿနာ မဟုတ်ဟုလည်း ရန်ကုန်နှင့် မန္တလေးရှိ စီးပွားရေးသမားများကို ကိုးကား၍ဆိုသည်။ နှစ်ပေါင်းများစွာကြာ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍကို ဒုက္ခပေးနေသည်မှာ လျှပ်စစ်မီး မလုံလောက်ခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်း၊ လာဘ်စားခြင်းတို့ဖြစ်ပြီး ပြဿနာများမှာ အစိုးရ၏ လက်တွင်း၌သာရှိကြောင်း၊ စီးပွားရေးပိတ်ဆို့မှုမှာ ကြီးမားသော အမေရိကန်ဈေးကွက်ကို လက်လွှတ်ရခြင်းနှင့် အမေရိကန် ငွေကြေးဝန်ဆောင်မှုကို သုံးမရခြင်းတို့ကြောင့် နောက်ထပ် အကြီးဆုံး အခက်အခဲဖြစ်သည်ဟု ရေးသားသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ အမျိုးမျိုး ပြောင်းနေသည့် မူဝါဒ၊ ဘက်မလိုက်သည့် တရားစီရင်ရေး ကင်းမဲ့မှုစသည့် များမြှောင်သော အခြားအကြောင်းများကလည်း စီးပွားရေးလုပ်ငန်းများကို စရိတ် ပိုထောင်းစေကြောင်းလည်း ဆိုသည်။
ဆောင်းပါးရှင်က စီးပွားရေးပိတ်ဆို့မှုခံရသော ခရိုနီနှင့် စစ်တပ်ပိုင် ကုမ္ပဏီများအဖို့ ပိတ်ဆို့မှုကို ကျော်လွှားရန် ငွေကြေး အရင်းအမြစ်များနှင့် နိုင်ငံတကာ အဆက်အသွယ်ကောင်းများကို ရရှိထားပြီဖြစ်သော်လည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်သော အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်တို့က ပိတ်ဆို့မှုကြောင့် ခါးစည်း အခံရဆုံး ဖြစ်နေတော့သည်ဟု ဆိုထားသည်။
“စီးပွားရေး ဆက်လက် ပိတ်ဆို့ထားခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှု စိုးရိမ်ချက်များ ဖော်ထုတ်ခြင်းကို မကူညီနိုင်သလို ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးရေး တို့ကိုလည်း နှောင့်နှေးစေလိမ့်မည်” ဟု မှတ်ချက်ပေးထားသည်။
မြန်မာပြည် နိုင်ငံရေးဖွဲ့စည်းပုံ ပြောင်းလဲနေသော်လည်း စီးပွားရေး ချုပ်ကိုင်မှုက မပြောင်းလဲဘဲ ပုဂ္ဂိုလ်ရေး နီးစပ်မှုဖြင့်သာ စခန်းဆက်သွားနေကြောင်းလည်း ဆိုသည်။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုရာ၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အဆက်အသွယ်ကောင်းနှင့် ငွေရှိသူများသာ အခွင့်ထူး ခံစားကြရကြောင်း ထောက်ပြထားသည်။
မြန်မာပြည်အနေဖြင့် ခိုင်မာတောင့်တင်းသည့် အခွန်စည်းကြပ်မှုစနစ် ကင်းမဲ့နေပြီး အသစ်ပြုလုပ်ထားသော ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ ထပ်မံဝင်လာသော အခွန်အတုပ် များကိုလည်း မြန်မာပြည်သူတို့ မခံစားရကြောင်းလည်း ဆိုသည်။ (တပ်ပိုင် စီးပွားရေး လုပ်ငန်းများကလည်း အခွန်ပေးစရာ မလိုပေ။) “တိုင်းပြည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် ဆန့်ကျင်စွာ ပြုပြင်ပြောင်းလဲမှု အများအပြားသည် လက်တဆုပ်စာ လူနည်းစု ကောင်းစားရေးသို့သာ ဦးတည်နေတော့သည်” ဟု ဆောင်းပါးရှင်က မှတ်ချက်ပြုထားသေးသည်။
စီးပွားရေးနှင့် ပတ်သက်၍ အချင်းပွားနေသည်မှာ “ခေါင်းမာဂိုဏ်း” နှင့် “ပြုပြင်ရေးဂိုဏ်း” မဟုတ်ဟုလည်း ဆိုသည်။ အတိတ်ကို လွမ်းနေသူမှာ အနည်းငယ်မျှသာဟု ဆိုပြီး စီးပွားရေးစနစ်သစ်ကို မည်သို့ ပုံဖော်မည်ဆိုသည့်အပေါ် လွန်ဆွဲနေကြောင်းသာ ဖြစ်သည်ဟု ဆိုသည်။ တဘက်တွင် နိုင်ငံတကာဈေးကွက်သို့ တံခါးဖွင့်လိုက်သောကြောင့် အကျိုးအမြတ် ရရှိလာသော လုပ်ငန်းများနှင့် အဆင့်မှီ ကုန်ပစ္စည်းများအတွက် အမြဲ ဈေးပိုပေးနေရသော စားသုံးသူများရှိပြီး တခြားတဘက်တွင် စီးပွားရေး စနစ်ဟောင်းအောက်တွင် လုပ်ငန်း တည်ထောင်ခဲ့သူများနှင့် အကယ်၍ တိုင်းပြည်ကို တံခါးဖွင့်ရာတွင် အလွန်မြန် အရမ်းဖွင့်ပါက လုပ်ငန်း ဆုံးရှုံးသွားနိုင်သူများ ရှိကြောင်း ဆိုသည်။
ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအပေါ် ငြင်းခုံနေကြသော်လည်း တိုင်းပြည်၏ ၇၀ ရာခိုင်နှုန်း အလုပ်လုပ်နေကြသော စိုက်ပျိုးရေး ကဏ္ဍကဲ့သို့ အရေးပေါ် လိုအပ်နေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကိုမူ မေ့ထားကြကြောင်း ပြောသည်။ မြေယာများ သိမ်းယူမှုနှင့် မြေယာစီမံခန့်ခွဲရေးများမှာ လယ်သမားများအတွက် အကျိုးမရှိသလောက် ဖြစ်ကြောင်းလည်း ဆိုသည်။ လယ်စိုက်သူများ ငွေမဖြစ်ဟု ဆိုလိုက်ပြီး (စရိတ်ထောင်း သောကြောင့်) ငွေဖောင်းပွနှုန်း မြင့်နေပြီး (နိုင်ငံခြားငွေလဲနှုန်းကြောင့်) စပါးဈေးကျနေ၍ အကြွေးတင်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ဟု ဆိုထားသည်။ ချေးငွေနှင့် လက်လှမ်းမှီသော ကုမ္ပဏီများ၏ ကန်ထရိုက်စိုက်ပျိုးရေး လုပ်ငန်းသာ တွင်ကျယ်လာနေပြီး တောင်သူများ ကျောမွဲဘဝက လွတ်ဖွယ်မမြင်၍ ပုံဖျက်ထားသော မြန်မာ့စီးပွားရေးပင်ဟု နိဂုံးချုပ်ထားသည်။
ဆောင်းပါးရှင်က နောက်ဆုံးအကြံပြုချက်မှာ ကျေးလက်စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် ရေရှည်နည်းနာရှိမှ ဟူ၍ပင်။ အခွန်ကင်းလွတ်ခွင့် ပြုထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အဖြေမဟုတ်။ လယ်ယာ အလုပ်သမားများ၏ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးရန်၊ အမှန်တကယ် တိုင်းတာ တွက်ချက်နိုင်မည့် လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍ တည်ထောင်ရန်နှင့် သယံဇာတရောင်းရငွေများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အခြေခံ အဆောက်အဦများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှသာ တိုင်းပြည်စီးပွားရေး အစစ်အမှန် ဖွံ့ဖြိုးနိုင်မည်ဟု အကြံပြုထားသည်။