မန္တလေးမြို့ ကျွဲဆည်ကန်မှ ကားဂိတ်များကို ၇ မိုင်ခန့်ဝေးသည့် ပြည်ကြီးမင်္ဂလာ ကုန်တင် ယာဉ်ရပ်နား စခန်းသစ်သို့ ပြောင်းရွေ့ခိုင်းမှုနှင့် ပတ်သက်၍ အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များ အသင်းက သမ္မတ ဦးသိန်းစိန်ထံသို့ ယနေ့တိုင်ကြားလိုက်သည်။
ကားကွင်းအသစ်၏ အဆောက်အဦးများကို မန္တလေး စည်ပင်သာယာမှ တခန်းလျှင် သိန်း ၁၃၅၀ နှင့် သိန်း ၇၀၀ ကျပ်ဟု သတ်မှတ် ထားကြောင်း၊ ငွေကြေး မတတ်နိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ကားဂိတ်လုပ်ငန်းရှင်များက တောင်းဆိုခြင်းဖြစ်သည်ဟု အသင်း ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
“နိုင်ငံတော်စီမံကိန်းကြောင့် ပြောင်းပါဆိုရင်တော့ ပြောင်းပေးမှာပါ၊ ဒါပေမယ့် ပြောင်းရွှေ့ဖြစ်အောင် ဈေးသက်သက်သာနဲ့ လုပ်ဆောင်ပေးဖို့ သမ္မတထံကို တင်ပြတာပါ။ အဆောက်အဦး ဈေးနှုန်းတွေကလည်း ကျသင့်တာထက် ပိုများတယ်” ဟု ၎င်းက ဆိုသည်။
ကားဂိတ်လုပ်ငန်းရှင်များ အနေဖြင့် အခန်းတန်ဖိုးကို ကျပ်သိန်း ၃၀၀ ခန့်သာ သတ်မှတ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်၊ ငှားရမ်းမည် ဆိုပါကလည်း တလလျှင် ကျပ် ၁ သိန်းခန့်ဖြင့် ငှားရခွင့်ရရန် လိုလားကြောင်း ၎င်းက ဆက်ပြောသည်။
အဝေးပြေးကားဂိတ် လုပ်ငန်းများအနေဖြင့် တောင်းဆိုချက်များကို သမ္မတထံသာမက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ စီးပွားကူးသန်း ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အပါအဝင် နိုင်ငံတဝန်းရှိ အဝေးပြေးကားဂိတ် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ လိုလားချက်များကို မရရှိပါက အသင်းသားများဖြင့် တိုင်ပင်ပြီး တောင်းဆိုမှုများ လုပ်သွားမည် ဖြစ်သည်ဟု ဦးဝင်းမြင့်က ရှင်းပြသည်။
ယခု စွယ်တော် (ပြည်ကြီးမင်္ဂလာ) ကားကွင်းသစ်သည် ၆၀.၀၈ ဧက ကျယ်ဝန်းပြီး အခန်းပေါင်း ၁၃၅ ခန်း ဆောက်လုပ်ထားသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က မန္တလေးမြို့တော်ဝန်မှ ကားဂိတ်လုပ်ငန်းရှင်များကို ခေါ်ယူကာ လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကျွဲဆည်ကန်မှ ကားဂိတ်များကို ပြည်ကြီးမင်္ဂလာ ကားကွင်းအတွင်း အပြီးပြောင်းရွေ့ရန် ပြောဆိုထားကြောင်း သိရသည်။
မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက မြို့တွင်းယာဉ်ကြော ပိတ်ဆို့ခြင်း၊ ပွင့်လင်းလာမည် အာဆီယံ- တရုတ် ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါခြင်းတို့ကြောင့် ပြည်ကြီးမင်္ဂလာ ကုန်တင်ကုန်ချယာဉ်များ ရပ်နားစခန်းသစ်ကို ၂၀၀၉ ခုနှစ်က မန္တလေး-လားရှိုး ကားလမ်းဘေး စွယ်တော် ဘုရားအနီးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယခုပြောင်းရွေ့သည့် နေရာသစ်မှာ စီးပွားရေး အချက်အချာကျသည့် ဈေးချိုတော်ဖြင့် ၁၄ မိုင်ခန့် ဝေးလံသည့်အတွက် မြို့တွင်း ကုန်စည်ဖြန့်ချိရေး၌ သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများ မြင့်တက်ပြီး ကုန်ဈေးနှုန်းမှာလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ ထို့အပြင် ကားဂိတ်ကိုမှီ၍ အသက်မွေးဝမ်းကျောင်း ပြုသူများအနေဖြင့်လည်း ခက်ခဲမှုများ ရှိလာနိုင်ကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။
၁၉၉၂ ခုနှစ် စစ်အစိုးရ လက်ထက်ကလည်း ကုန်တင်ကုန်ချနှင့် အဝေးပြေးကားများကို ယာဉ်ကြောပိတ်ဆို့သည်ဟု ဆိုကာ ရတနာပုံရပ်မှ ကျွဲဆည်ကန်သို့ ပြောင်းရွေ့စေခဲ့သေးသည်။
ယခုအခါ ကျွဲဆည်ကန်ကားကွင်းတွင် ကားဂိတ်ပေါင်း ၆၈ ဂိတ်ရှိပြီး၊ တခြားသော ဈေးဆိုင်ခန်းများနှင့် ပွဲရုံများလည်း ရှိသည်။
မြန်မာပြည်၏ အလယ်ဗဟိုချက် မန္တလေးမြို့သည် ကုန်စည်စီးဆင်းမှုတွင် အရေးပါပြီး ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့နှင့်လည်း ဆက်သွယ်မှုရှိသည်။