ကမ္ဘာကျာ် နာမည်ကြီးကော်ဖီဆိုင် Starbucks Coffee ကို ရန်ကုန်မြို့တွင် လာမည့်အပတ်အတွင်း ရောင်းချ သွားရန်ရှိကြောင်း Kyaw Business Group မှ ဧရာဝတီကို ပြောဆိုသော်လည်း မည်သို့ကတိကဝတ် စာချုပ်များနှင့် ဖွင့်လှစ်မည်ကိုမူ အသေးစိတ် ပြောကြားခြင်း မရှိပေ။
ဇန်နဝါရီ ၂၅ ရက် သောင်္ကြာနေ့ မနက်ပိုင်းက Starbucks Coffee ဆိုသည့် နာမည်နှင့် လိုဂို ပါဝင်သည့် ဗီနိုင်းတခုကို Kyaw Business Group က ရန်ကုန်မြို့ ချယ်ထရီယံ ဟိုတယ်ဘေးရှိ K စားသောက်ဆိုင်တွင် တပ်ဆင်ခဲ့ကြောင်း အင်တာနက် လူမှူကွန်ယက် facebook စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည်။
အဆိုပါ ဆိုင်ဖွင့်မည်ကို သတင်းထောက်အချို့က သွားရောက်မေးမြန်းခဲ့ပြီးနောက် ကုမ္ပဏီက ယင်းနာမည်နှင့် လိုဂိုကို ညနေ၃ နာရီခန့်တွင် ပြန်လည်ဖြုတ်ပစ်ခဲ့သည်။
ထို့ကြောင့် ဧရာဝတီက စုံစမ်းမေးမြန်းရာ Kyaw Business Group မှ မန်နေးဂျာ မဇင်မာက လက်ရှိအချိန်ထိ အကျိူးတူပူးပေါင်းရန် ညှိနှိုင်းဆဲဟု ပြောသည်။
“ အမတို့ဘက်က ကန်ထရိုက်နဲ့ အမေရိက က Starbucks က ညှိနှိုင်းဆဲပဲ၊ ဘာမှတော့မသိဘူး၊ ဆိုင်ဖွင့်တာတော့ ဖွင့်တာပဲလေ၊ လိုဂို တပ်သေးတာမှ မဟုတ်တာ၊ အမတို့က K Shop ဆိုတဲ့ နာမည်နဲ့ဆိုင်ဖွင့်မှာလေ ” ဟု မဇင်မာက ပြောသည်။
Kyaw Business Group အနေဖြင့် Starbucks Coffee နာမည်နှင့် လိုဂိုကို ကူးယူ သုံးစွဲမှု မရှိဘဲ လက်ရှိအချိန်အထိ Starbucks ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းရန် ညှိနှိုင်းဆဲ ဖြစ်သော်လည်း ဆိုင်စတင် ဖွင့်လှစ်ချိန်မှ စတင်ကာ ယင်းတံဆိပ်ဖြင့် ထုတ်ထားသော ကော်ဖီမှုန့်ထုတ်မှ ကော်ဖီကို အခြားကော်ဖီများနည်းတူ ရောင်းချပေးသွားမည်ဟု မန်နေဂျာ မဇင်မာက ဆိုသည်။
ကမ္ဘာ့အကြီးဆုံး ကော်ဖီကုမ္ပဏီ Starbucks Coffee သည် ၁၉၇၁ခုနှစ်မှစတင်ကာ အမေရိကန်လူမျိုး Jerry Baldwin၊ Gordon Bowkerနှင့် Zev Siegl တို့က တည်ထောင်ခဲ့ပြီး လက်ရှိတွင် ယူအက်စ်၊ ယူကေ၊ ဂျပန်၊ တောင်ကိုရီး ယား၊ ကနေဒါ၊ တရုတ်၊ ထိုင်ဝမ်၊ မက်ဆီကိုစသည့် နိုင်ငံပေါင်း ၆၁ နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၂၀၃၆၆ ဆိုင်ရှိကြောင်း ကုမ္ပဏီ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့ပြင် Starbucks Coffee ကုမ္ပဏီအနေဖြင့် အခြား နာမည်ကြီး အမေရိကန် အစားအစာ ကုမ္ပဏီများကဲ့သို့ ဒေသခံကုမ္ပဏီများထံ ဖရမ်ချိုက်စ်ဟု ခေါ်သည့် လိုဂိုတံဆိပ်နှင့် ကုန်ပစ္စည်း ဖြန့်ချိရောင်းချခွင့်ကို မပေးကြောင်းလည်း ဖော်ပြထားသည်။ သို့သော် ကုမ္ပဏီ စိတ်ကြိုက်ဖြစ်ပါက လိုဂိုတံဆိပ်၊ နည်းပညာနှင့် စက်ပစ္စည်းများ၊ စိတ်ကြိုက်ဝယ်ယူထားသော ဒေသထွက် ကော်ဖီစေ့နှင့် အခြားလိုအပ်သော ဒီဇိုင်းအပြင်အဆင်တို့ကို အသုံးပြုခွင့် လိုင်စင်ထုတ်ပေးသည်။
Starbucks Coffee ကုမ္ပဏီသည် ဒေသခံ ကော်ဖီတောင်သူများနှင့် ဆက်သွယ်ပြီး ကော်ဖီစေ့ ထောက်ပို့လမ်းကြောင်း စဉ်ဆက်မပြတ်စေရုံမက ကုမ္ပဏီပိုင် နည်းပညာဖြင့် ကော်ဖီမှုန့်ကြိတ်ခြင်း၊ ကော်ဖီဖျော်ခြင်းနှင့် ကော်ဖီဆိုင်အားလုံးကို စီမံကွပ်ကဲခြင်းတို့ ပြုလုပ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာမူပိုင်ခွင့်ဥပဒေတွင် လက်မှတ်ထိုးထားခြင်း မရှိသဖြင့် ပြည်တွင်းကုမ္ပဏီအချို့အနေဖြင့် ပြည်ပနိုင်ငံများမှ ကုန်အမှတ် တံဆိပ်များ၊ အစားအသောက်များကို ဆင်တူ ရိုးမှားပြုလုပ်ခြင်း၊ ရောင်းချခြင်းများ ရှိပါက ယင်းနိုင်ငံမှ မူပိုင်ကုမ္ပဏီအနေဖြင့် တရားစွဲဆိုနိုင်ခြင်းမရှိကြောင်း တရားလွှတ်တော်ချုပ်ရှေ့နေ ဦးမျိုးအောင်က ပြောသည်။
“ နိုင်ငံတကာ မူပိုင်ခွင့် ဥပဒေဆိုင်ရာမှာ မြန်မာက လက်မှတ်ထိုးထားတာ မရှိဘူး။ ရှိရင်တော့ ဥပဒေနဲ့ ငြိတယ်။ ဒီတော့ အတုအပ လုပ်တာ များလာတယ်။ နိုင်ငံရဲ့မူပိုင်ခွင့်ဆိုင်ရာ ဥပဒေကလည်း အားနည်းတာ ပါတယ်” ဟု သုံးသပ်သည်။
ထိုသို့ ဥပဒေ စိုးမိုးမှု အားနည်းသည့်အတွက် အမှု တစုံတရာ ဖြစ်လျှင် ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးရမည်ကို နိုင်ငံတကာ စီးပွားရေးကုမ္ပဏီများက စိုးရိမ်နေ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထင်သလောက် မလာဟု စီးပွားရေးလေ့လာသုံးသပ်သူတို့က ဆိုကြသည်။