အစိုးရက အိုမင်းဟောင်းနွမ်းသော ကားဟောင်းများကို အပ်နှံခွင့်ပြုပြီး ကားသစ်များ တင်သွင်းခွင့်ပြုနေရှိ သော်လည်း လတ်တလော ကားဟောင်းအပ်နှံခွင့်ပြုမှု လုပ်ငန်းစဉ်များ နှောင့်နှေးနေသဖြင့် ကားဟောင်းအပ် စလစ် ဈေးနှုန်းမှာ ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လာကြောင်း သတင်းရရှိသည်။
အစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး သက်တမ်းနှစ် ၂၀ ကျော် မှ ၃၀ ကျော် အကြား ကားဟောင်းများကို ကားနံပါတ် အက္ခရာစဉ်အတိုင်း အပ်နှံခွင့်ပြုပြီး ကားသစ်များ တင်သွင်းခွင့်ပြုလျှက်ရှိရာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၈ ရက်နေ့တွင် “လ” အက္ခရာ ကားဟောင်းများကို စတင်အပ်နှံခွင့်ပြုခဲ့ကြောင်း၊ ယခု ၄ လကျော် ကြာမြင့်လာချိန်တွင် “သ” အက္ခရာ ကားဟောင်း အပ်နှံခွင့် မပြုသေးသည့်အတွက် ဈေးကွက်တွင် အပ်ကား ရှားပါးလာပြီး ကားဟောင်းအပ် စလစ် ဈေးနှုန်းများ မြင့်တက်သွားခြင်း ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ကားဟောင်းအပ် စလစ်ဈေးနှုန်းသည် သိန်း ၈၀ ဝန်းကျင်တွင် ရှိသော်လည်း အစိုးရ၏ ကားဟောင်းအပ်နှံခွင့် လုပ်ငန်းစဉ်များ နှောင့်နှေးမှုကြောင့် ဈေးကွက်တွင် ကားဟောင်းအပ် စလစ် တစောင်လျှင် ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
“ပုံမှန်ဆိုရင် ကားဟောင်း အက္ခရာစဉ်တခုကို အပ်နှံခွင့်ပြုကာလ ၂ လ လောက်ပဲ ကြာတယ်။ ၂ လလောက် ပြီးတာနဲ့ နောက်ထပ် အက္ခရာစဉ် တခုကို ထပ်ပြီး အပ်ခွင့်ပြုတယ်။ အခု “လ” အက္ခရာ ကားဟောင်းတွေ အပ်နှံခွင့်ပြုထားတာ ၄ လထဲ ဝင်လာပြီ။ အပ်ဖို့ ကားလည်း မရှိတော့ဘူး။ အဲဒါကို “သ” အက္ခရာ ကားဟောင်းအပ်နှံခွင့် အခုအချိန်အထိ ခွင့်မပြုသေးဘူး။ အဲဒီတော့ အရင်က ကားဟောင်းအပ် စလစ်က သိန်း ၈၀ ကျော်လောက်ပဲရှိတာ။ အခု သိန်း ၁၀၀ လောက် ထိုးတက် သွားတယ်။ “သ” အက္ခရာ ကားဟောင်းတွေ ထပ်အပ်ခွင့်နှံခွင့် မခေါ်မချင်း စလစ်ဈေး တက်နေဦးမယ်” ဟု ဟံသာဝတီ ကားပွဲစားတန်းမှ ကားဝယ်ရောင်း ဦးမြင့်နောင်က ပြောသည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) က ကားဟောင်းအပ်နှံခွင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေခြင်းသည် ကားဟောင်းအပ် စလစ်ဈေးနှုန်းကို တမင် မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်ပြီး “သ” အက္ခရာ ကားဟောင်းများ အပ်နှံခွင့် မည်သည့်အတွက်ကြောင့် နှောင့်နှေး ကြန့်ကြာ နေသည်ကို အစိုးရက တရားဝင် ရှင်းလင်းထုတ်ဖော်ခြင်း မပြုဟု ကားဝယ်ရောင်းအများစုနှင့် ကားပွဲစားများက သုံးသပ် ပြောဆို ကြသည်။
“ကားဟောင်းတွေကို အက္ခရာတွေ အစဉ်လိုက် အပ်နှံခွင့်ပေးရမှာ သူတို့တာဝန်ပဲ။ ၄ လကျော်ကြာတဲ့အထိ “သ” အက္ခရာ လက်မခံသေးတာက ကားဟောင်းအပ် စလစ် ဈေးဆွဲတင်ချင်လို့လို့တော့ ထင်တယ်။ အခုတော့ စလစ်က ရှားလာပြီး ဈေးတွေ တရိပ်ရိပ် တက်လာတယ်။ “သ” အက္ခရာကို အအပ် မခံသေးတာ ဘာအတွက်ကြောင့်လဲ ပြောသင့်တယ်။ အခုလို သူတို့က ဘာမှမပြောတော့ သူတို့ ကညန က တမင်ဈေးတက်အောင် လုပ်ပြီး သက်သက် လုပ်စားနေတယ် လို့ပဲ မြင်တယ်” ဟု ကားဝယ်ရောင်း အကျိုးဆောင်တဦးဖြစ်သူ ကိုနေမျိုးအောင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး ကညန ရုံးသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်းရာ “သ” အက္ခရာ ကားဟောင်းများ လက်မခံရခြင်းသည် ကားဟောင်းအပ်နှံ စာရင်းများ ပြုစုနေခြင်း၊ ယခင် အပ်နှံ ခွင့်ပြုခဲ့သော ကားဟောင်းများအနက် မအပ်ဘဲ ကျန်နေသည့် ကားများ ရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ “သ” အက္ခရာ ကားဟောင်းကို မည်သည့် အချိန်တွင် လက်ခံမည်ကို ထုတ်ဖော် မပြောနိုင်သေးဘဲ စာရင်းချုပ် ပြီးစီးလျှင် လက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ဖြေဆိုသည်။
ဂျပန်နိုင်ငံမှ ကားတင်သွင်း ရောင်းချနေသော ကားကုမ္ပဏီအများစုကလည်း အစိုးရအနေဖြင့် ကားဟောင်းအပ်နှံမှုများ လက်ခံရာတွင် ပွင့်လင်းမှုရှိရှိ သတင်းထုတ်ပြန်မှုများ လိုအပ်ပြီး ယင်းသို့ လုပ်ဆောင်မှသာလျှင် ဈေးကွက်တွင် ကားဈေးနှုန်းမြင့်တက်ခြင်းနှင့် ကားဟောင်းအပ် စလစ် ဈေးနှုန်းမြင့်တက်ခြင်းများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုကြသည်။
“အစိုးရရဲ့ ပေါ်လစီက ကားဈေး ကျဈေချင်တယ်။ ကားဈေးကို နိုင်ငံတကာနည်းတူ ဖြစ်စေချင်တယ်။ ဒါပေမယ့် အစိုးရပိုင်းမှာ ပွင့်လင်း မြင်သာမှု တော်တော် အားနည်းတာမျိုးရှိနေတယ်။ ဥပမာ အခု ကားဟောင်းစလစ် ဈေးတွေ ထိုးတက်နေတာပဲ။ ကုမ္ပဏီတွေဘက်က ကားတွေ သွင်းထားတယ်။ စလစ်မရှိဘူး။ ဘာလုပ်ရမှန်းမသိဘူး။ သိချင်လို့ မေးရင် ကညန က မသိဘူး။ စီးပွား/ ကူးသန်းကလည်း မသိဘူးပဲ ဖြေကြတယ်။ ဈေးကွက်ဆိုတာ သတင်းအချက်အလက် အရနည်းလာရင် ဈေးကစား ကြတာ ထုံးစံပဲ။ အစိုးရဘက်က လုပ်ငန်း နှောင့်နှေးတယ်ဆိုရင် ဘာကြောင့် နှောင့်နှေးတယ်၊ ဘယ်တော့ လက်ခံမယ် ဆိုတာမျိုးတွေ သတင်းထုတ်ပြန်ဖို့ လိုတယ်” ဟု ရန်ကုန်အခြေစိုက် ကားတင်သွင်းသော ကုမ္ပဏီပိုင်ရှင်တဦးက ရှင်းပြသည်။
ကားဟောင်းအပ်နှံထားသူ များသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်ထားသော တပတ်ရစ်ကားသစ်များ တင်သွင်းခွင့်ရှိပြီး ၂၀၀၈ ခုနှစ်မှ အထက် ကားသစ်များကိုမူ အသက် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆို နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်၍ လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်း အချက်အလက်များအရ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုအပြီး တင်သွင်းခွင့် ပြုထားသော ကားသစ်စီးရေ ၇၂၇၉၆ စီး ရှိပြီး ၂၀၀၈ ခုနှစ် မိုဒယ်နှင့်အထက် ကားသစ်တင်သွင်းမှု ၆၇၉၃၆ စီး ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရှိရသည်။