ငွေလဲလှယ်ခြင်းက ကမ္ဘာလှည့်ခရီးသွားတွေအဖို့ ဟိုတယ်တွေမှာ မထူးခြားသည့် အရာတခုသာဖြစ်သော်လည်း ရန်ကုန်မြို့လမ်းများတလျှောက်ပေါ်မှာတော့ ချွေးပြန်စရာ ဖြစ်သည်။ ဒေသခံ မှောင်ခိုငွေလဲသူတွေက ဒေါ်လာငွေတွေယူလာသည့် ခရီးသွားတွေကို တရားဝင်ဘဏ်တွေက ပေးသည့်ဈေးနှုန်းထက်ပိုပြီး ပေးလေ့ရှိသည်။ သို့သော် ရန်ကုန်မြို့ အနှံ့အပြားတွင် ATM စက်တွေ တပ်ဆင်လိုက်ပြီး Visa နှင့် Master ကဒ်တွေကို စက်အချို့တွင် အသုံးပြုခွင့်ရလာသည့်အခါ မြန်မာကျပ်ငွေနှင့် လဲလှယ်ရန်အတွက် အမေရိကန်ဒေါ်လာငွေ စက္ကူသစ်တွေ လုံလုံလောက်လောက် ရှာဖွေပြီး သယ်ဆောင်လာရခြင်းလိုမျိုး ဒုက္ခတွေကြုံတွေ့ရန် အကြောင်းမရှိတော့ပေ။
သူ၏နာမည်ကို အပြည်အစုံ မဖေါ်ပြရန် မေတ္တာရပ်ခံခဲ့သော “ဟာရမ်” သည် ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှ လမ်းများပေါ်တွင် ဒေါ်လာနှင့် မြန်မာကျပ်ငွေ တရားမဝင် ငွေလဲလှယ်ပေးသည့် လုပ်ငန်းဖြင့် အသက်မွေးနေသော လူ ၁၀၀ကျော် ၂၀၀ နီးပါးထဲက တယောက်ဖြစ်သည်။
“ဟုတ်တယ်၊ လုပ်ငန်းကတော့ ကျနေတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ATM စက်တွေကြောင့်လို့တော့ မထင်မိသေး ပါဘူး” ဟု ဟာရမ် ကပြောသည်။
ယခုအချိန်သည် စိုစွတ်သော မိုးရာသီရောက်နေသောကြောင့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်က ခြောက်သွေ့သောရာသီများလို မဟုတ်ဘဲ ကျဆင်းနေသည်။ ထို့ကြောင့် ဟာရမ်တို့လို ကမ္ဘာလှည့် ခရီးသွားများထံမှ မှောင်ခို ငွေလဲလှယ်သူတွေက လုပ်ငန်းတွေ ကျဆင်းနေခြင်းသည် လွန်ခဲ့သော နှစ်ဝက်ကမှ မြန်မာနိုင်ငံတွင် စတင်တပ်ဆင်ခဲ့သည့် ATM စက်တွေ၏ အကျိုးသက်ရောက်မှုတခုအဖြစ် အခုထိ လက်မခံနိုင်ကြသေးပါ။ “အခုရက်တွေထဲမှာ တရက်ကို တကြိမ်လောက်ပဲ အရောင်းအဝယ်ဖြစ်တယ်။ မိုးမကျခင်ကဆိုရင် အနည်းဆုံး တနေ့ကို ခုနစ်ကြိမ် ရှစ်ကြိမ်လောက်တော့ အရောင်းအဝယ် ဖြစ်တယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံမှ ATM စက် ၁၅၀ ကျော်တွင် ၎င်းတို့ ကဒ်များဖြင့် ငွေထုတ်ယူနိုင်ပြီး အရောင်းဆိုင်၊ စားသောက်ဆိုင်နှင့် ဟိုတယ် စသည့် အရောင်းနေရာ (point-of-sale) ၂၀၀ ကျော်တွင် အသုံးပြုနိုင်သည် ဟု Visa ကဆိုသည်။ Master ကဒ် အသုံးပြုသူများသည်လည်း ATM စက် ၁၄၀ ကျော်နှင့် ရန်ကုန်နှင့် နေပြည်တော်ရှိ အရောင်းနေရာ ၇၂ ခုတွင် အသုံးပြု နိုင်ပြီဖြစ်သည်။
“Visa အနေနဲ့ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်တွေနဲ့ ငွေပေးချေမှု ကွန်ယက်ချိတ်ဆက်ပြီး Visa ကဒ် အသုံးပြုနိုင်တဲ့ point-of-sale (POS) တွေတိုးချဲ့နိုင်ဖို့ အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် အကြောင်းကို မကြာသေးခင်ကမှ သတင်းထုတ်ပြန်ခဲ့ပြီးပါပြီ” ဟု Visa ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဧရာဝတီသို့ e-mail မှ တဆင့် ဖြေကြားခဲ့သည်။
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှ လတ်တလောတွင်ရောက်ရှိလာကြသည့် Esther March နှင့် Jaume Pedros တို့ကလည်း ခရီးထွက်မလာခင် ကထဲက မြန်မာနိုင်ငံတွင် ၎င်းတို့၏ အကြွေးဝယ်ကဒ်များ အသုံးပြု၍ရသည်ကို သိခဲ့သည် ဟု ပြောသည်။ ထိုဝန်ဆောင်မှုပေးခြင်းများသည် အသစ်ဖြစ်နေသည့်အတွက် သူတို့က လဲလှယ်ဖို့ ဒေါ်လာငွေ ယူလာသော်လည်း လမ်း ပေါ်မှာလဲမည့်အစား ရန်ကုန်ရှိဘဏ်များမှာပဲ ငွေလဲဖို့ စီစဉ်ခဲ့ကြသည်။ “ကျနော်တို့အတွက် မသေချာက ဒီမှာ ATM စက် ဘယ်နှစ်လုံးရှိတယ်၊ အဲဒါတွေကို ဘယ်လောက် အားထားလို့ ရနိုင်မယ် ဆိုတာကို မသိနိုင်တာပဲ” ဟု Esther March ကပြောသည်။
ကော်ဖီဆိုင် စားပွဲပေါ်မှာ မြန်မာပြည်မြေပုံကို ဖြန့်ခင်းလေ့လာကြည့်ရင်း သူတို့၏ တလတာ အားလပ်ရက် ခရီးစဉ် အတွင်းတွင် ရန်ကုန်၌ ရက်အနည်းငယ်သာ နေဖို့ March နှင့် Pedros တို့ ဆုံးဖြတ်လိုက်ကြသည်။ “ကျနော်တို့ နယ် ဖက်တွေမှာပဲ အချိန်ယူပြီး လျှောက်သွားမယ်။ ကျိုက်ထီးရိုး၊ အင်းလေးကန်၊ မန္တလေးနဲ့ ပုဂံကိုသွားမယ်”ဟု မြန်မာနိုင်ငံကို လာသည့် ခရီးသွားများ သွားလေ့ရှိသည့် ခရီးစဉ်အတိုင်း ပြောပြသည်။ “ရန်ကုန်မှာ ရှိတဲ့ စနစ်တွေက ကောင်းပေမယ့် ရန်ကုန် အပြင်ဖက်ရောက်သွားရင် ATM စက်တွေရှိမှာလား ဆိုတာကို မသိနိုင်ဘူး ဖြစ်နေတယ်” ဟုလည်း သူတို့ကပြောသည်။
ရန်ကုန်တွင် ATM စက်များနှင့် အကြွေးဝယ်ကဒ် အသုံးပြုနိုင်သော ဈေးဆိုင်များ၊ စားသောက်ဆိုင်များက ဟိုတနေရာ၊ ဒီတနေရာ ပြန့်ကျဲနေသည့်အတွက် ခရီးသွားများသည် သူတို့ သိသည့် အနီးဆုံးတခုကိုရောက်ဖို့အတွက် လမ်းလျှောက်၍ ဖြစ်စေ၊ အငှားကားနှင့် ဖြစ်စေ မိုင်အနည်းငယ်တော့ သွားကြရသည်။ ဧည့်သည်များကို လမ်းညွှန် ပေးနေကျ ဖြစ်သော ဟိုတယ်ဝန်ထမ်းများထံတွင် စုံစမ်း၍လည်း အဆင်မပြေပါ။ အကြွေးဝယ်ကဒ်နှင့် ငွေထုတ်နိုင်သော ATM စက်ရှိရာကို ညွှန်ပြပေးပါရန် Traders နှင့် Central ဟိုတယ်မှ ဝန်ထမ်းများကို ဧရာဝတီက မေးကြည့်ရာ အဆိုပါ ဟိုတယ်များမှ ၅ မိနစ်ခန့် လမ်း လျှောက်သွားလျှင်ရောက်နိုင်သော နေရာ၌ ATM စက်တလုံးရှိနေသော်လည်း ၎င်းတို့က ရန်ကုန်ရှိ အကြီးဆုံး ဈေးဝယ် စန်တာကြီးများ ဖြစ်သော Junction Mawtin သို့မဟုတ် Yuzana Plaza သို့သွားရန် ပြောကြသည်။
ဦးအဲလ်ဘတ်အောင်သည် ရန်ကုန်မြို့ ဆူးလေဘုရားနှင့် မြို့တော်ခန်းမ အနီးတွင်ရှိသည့် သမဝါယမ ဘဏ်ခွဲ၏ မန်နေဂျာ ဖြစ်သည်။ သူ၏ ဘဏ်အပြင်ဖက်နံရံတွင်ရှိနေသော ATM စက်သည် ရန်ကုန်မြို့မှာ အနည်းငယ်သာရှိသော Visa ကဒ်ဖြင့် ငွေထုတ်ယူနိုင်သည့် စက်တွေထဲက တခုဖြစ်သည်။ သို့သော်လည်း ATM စက်ကြောင့် ဘဏ်၏ တရားဝင် တည်ထောင် ထားသည့် ငွေလဲလှယ်မှုလုပ်ငန်းကို ထိခိုက်မှု မရှိပါဟု သူကဆိုသည်။ “မြန်မာနိုင်ငံမှာ ATM စက်တွေရှိလာပြီဆိုတာကို နိုင်ငံခြားသား အများစုက မသိကြသေးပါဘူး၊ မြန်မာငွေနဲ့ လဲဖို့ ဒေါ်လာ တွေယူလာရမယ်လို့ ထင်နေကြတုန်းပါပဲ” ဟု ဦးအဲလ်ဘတ်အောင်က ပြောပြသည်။
ယခုအချိန်တွင် ၎င်းဘဏ်ခွဲ၏ နိုင်ငံခြားငွေလဲလှယ်မှု လုပ်ငန်း နှေးကွေးနေရခြင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာနေခြင်းကြောင့် ဖြစ်သည်။ ကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် အကောင်အထည်ဖော်နေဆဲ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် တိုးပွားလာနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ ကြားတွင် အသင့်တော်ဆုံးဖြစ်မည့် ဈေးကွက်တန်ဖိုး ရောက်သည်အထိ ကျဆင်းသွားဖွယ်ရှိနေသည်။
“ငွေလဲနှုန်းက အခု ကျနော်တို့ တရားမဝင်ဈေးနှုန်းလို့ ခေါ်နေတဲ့ မှောင်ခိုဈေးနှုန်းထက် များချင်လဲများမယ်၊ နည်းချင်လဲ နည်းသွားနိုင်တယ်” ဟု မြန်မာနိုင်ငံ အနှံ့အပြားတွင် ATM စက် ၅၅ လုံး ထားရှိသော ကမ္ဘောဇဘဏ်၏ ဒုတိယ ဥက္ကဌ ဦးသန်းလွင်က ဧရာဝတီ သို့ပြောသည်။
ဦးအဲလ်ဘတ်အောင်ကမူ မြန်မာငွေတန်ဖိုးသည် ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ နှုန်းရှင်သတ်မှတ်လိုက်ပြီး နောက်တွင် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားသည် ဟုဆိုသည်။ ဒေါ်လာငွေစက္ကူက မြန်မာငွေထက် ပိုမိုခိုင်မာနေသည့် အတွက် ယခုရက်များတွင် သူ၏ ဘဏ်ခွဲ၌ ဒေါ်လာ အနည်းငယ်မျှသာ လဲပေးနေရသည်ဟုလည်းသိရသည်။ “လူတွေက ဒေါ်လာတွေသိမ်းထားပြီးတော့ ပြန်လဲဖို့ အကောင်းဆုံးအချိန်ကို စောင့်နေကြတယ်” ဟုသူကပြောသည်။ တရားမဝင်ရောင်းဝယ်သူတွေကလည်း အရောင်းအဝယ်ဖြစ်အောင် ဈေးပိုပေးနိုင်ဖို့ အတွက် ဘဏ်၏ ငွေလဲနှုန်းကို လာစောင့်ကြည့်ကြသည်။ ဘဏ်၏ အပြင်ဖက်တွင် လမ်းလျှောက်ငွေလဲသမားတွေက သမဘဏ်၏ ATM စက်မှာ ငွေထုတ်ဖို့ ရောက်လာတတ်သည့် နိုင်ငံခြားသားတွေနားမှာ တရစ်ဝဲ၀ဲ လုပ်ရင်း “ငွေလဲမှာလား၊ ငွေလဲမှာလား” ဟု ဂါထာရွတ်သလို တဖွဖွ မေးကြသည်။
ရန်ကုန်မှာ အခြေစိုက်သည့် ကိုရီးယားလူမျိုး စီးပွားရေးလုပ်ငန်းရှင် Woo Young-Seok က မြန်မာနိုင်ငံ၏ ဘဏ်စနစ်သည် တိုးတက်လာသော်လည်း နိုင်ငံ၏ တံခါးဖွင့်စီးပွားရေးအသစ်ကြောင့် လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်လိုသည့် နိုင်ငံခြားသားများ အဆင်ပြေလက်ခံနိုင်လောက်သည့် အဆင့်အထိတော့ မရောက်သေးကြောင်း ပြောသည်။
သူက ပိုက်ဆံအိတ်ထဲမှ ကိုရီးယားနိုင်ငံမှာထုတ်ပေးသည့် Visa ကဒ်ကို ထုတ်ပြရင်း “ အခု ဒီမှာ ATM စက်တွေရှိလာတာ ကတော့ ကောင်းပါတယ်၊ ဒါပေမယ့် အဲဒါတွေကို လုံးလုံး အားထားလို့မရသေးဘူး၊ ကျနော် ဒီကိုလာမယ်ဆိုရင် ဒေါ်လာတွေ ယူလာရတုန်းပဲ” ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံသားများသည်လည်း ပြည်တွင်းဘဏ်များမှ အကြွေးဝယ်ကဒ်များ ကိုင်ဆောင်နိုင်ခြင်းမရှိသေးပေ။
သို့သော် ခေတ်သစ်ကို ကူးပြောင်းခါစ ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုနည်းစနစ်သည် နိုင်ငံခြားသား ဖောက်သည်များကို မှီ ခိုနေရသော မြန်မာစီးပွားရေးလုပ်ငန်းများကို အဆင်ပြေစေခဲ့သည်။
Unique Asia Travel and Tours မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးလင်းဇော်ဝေမန်က ATM စက်များ မရှိမီက မြန်မာ နိုင်ငံသို့ လာရောက်ကြသည့် နိုင်ငံခြားဧည့်သည်များ ကြုံတွေခဲ့ရသော ကမောက်ကမ အဖြစ်အပျက်များကို ပြန်ပြော ပြ သည်။ “ကျနော့်ရဲ့ ရုံးခန်းထဲကို အားလပ်ရက်ခရီးစဉ် မကုန်ခင် ယူလာတဲ့ ဒေါ်လာငွေတွေ ကုန်သွားတဲ့ နိုင်ငံခြားသားတွေ ရောက် ရောက် လာကြတယ်။ တခါတလေလည်း သူတို့ တညတာ အိပ်ဖို့ ၆၀၀၀-၇၀၀၀ကျပ်လောက် ပေးရတဲ့ အခန်းမျိုး အိတ်ထဲက စိုက်ပြီး ငှားပေးလိုက်ရတယ်။ သူတို့က ရောက်လာတာနဲ့ ပိုက်ဆံကုန်သွားပြီ၊ ကဒ်နဲ့ ပိုက်ဆံထုတ်လို့ ရမယ့် နေရာ ရှိသလားလို့ မေးကြတော့တာပဲ” ဟု သူက ပြန်ပြောပြသည်။
ယခုအခါတွင် နိုင်ငံခြားသားများ ATM စက်တွင် ငွေထုတ်နိုင်ပြီဖြစ်၍ အကျိုးဆက်အနေဖြင့် သူ၏လုပ်ငန်းသည်လည်း တဖြည်းဖြည်း တိုးတက်လာနေသည်ဟု ဦးလင်းဇော်ဝေမန် ကပြောသည်။ “တကယ်လို့ ဒီမှာ ပိုက်ဆံထုတ်လို့ရပြီဆိုတာ သိရင် သူတို့ ဘတ်စ်ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဒါမှမဟုတ် ဟိုတယ်အခန်းခ ကအစ ပိုသုံးနိုင်လာကြတော့မယ်။ ဟို အရင်က သူတို့ ပါလာတဲ့ ပိုက်ဆံရှိသလောက်ပဲ သုံးနိုင်ကြ ဝယ်နိုင်ကြတယ်။ မူလ အစီအစဉ်က ပြောင်းဖို့လည်း မလုပ်နိုင်ကြဘူး။ ဒီထက် ပိုပြီး မသုံးနိုင်ကြဘူး။ အခုဆိုရင် သူတို့ အစီအစဉ် ပြောင်းမယ်ဆိုရင်လဲ ပြောင်းနိုင်ပြီ၊ ကားငှား တာက အစပေါ့။ ခရီးစဉ်မှာ ငွေရေးကြေးရေး အတွက်လည်း စိတ်ချသွားရပြီလေ” ဟု သူကဆိုသည်။
ဦးလင်းဇော်ဝေမန်၏ လုပ်ငန်းနှင့် ၎င်းကဲ့သို့သော ခရီးသွားလုပ်ငန်းကဏ္ဍမှ သူများက နောက်ထပ်ခြေလှမ်းတခု အဖြစ် အကြွေးဝယ်ကဒ် အသုံးပြုသူ နိုင်ငံခြားသားများအတွက် ရုံးတွင်း အရောင်းနေရာ (POS) ဖွင့်လှစ်နိုင်ရန် ကြိုးစား နေကြသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် လေယာဉ်လက်မှတ်နှင့် ဟိုတယ်ခန်းများကိုပါ ရောင်းချပေးနိုင်တော့မည် ဖြစ် သည်။ “ဒီအတွက် ကျနော်တို့ သမဝါယမဘဏ် နဲ့ ညှိနေပါတယ်၊ အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလမှာ တော့ (POS) လုပ်ခွင့်ရမယ် လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
နောက်ထပ် တရားမဝင်ငွေလဲလှယ်သည့် လုပ်ငန်းလုပ်ကိုင်သူ တဦး ဖြစ်သည့် ဦးစန်းဝင်းက ရန်ကုန်မြို့မှာ သူ့လိုမျိုး လုပ် ကိုင် အသက်မွေးနေသူ ၁၅၀ ခန့်ရှိသည်ဟု ပြောသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အသွင်ပြောင်းမှု ကျယ်ပြန့်လာသည်နှင့် အမျှ နောက် ၂ နှစ်မှ ၃ နှစ်အတွင်းတွင် တရားမဝင်ငွေလဲလှယ်သည့်ဈေးကွက် တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်ဟု သူက ယုံကြည်နေသည်။ “အစိုးရက ဗဟိုဘဏ်ဥပဒေသစ် အတိုင်း အကောင်အထည်ဖော်လာပြီဆိုရင် မှောင်ခိုဈေးကွက်ရဲ့ အခြေအနေကလည်း ပြောင်းသွားလိမ့်မယ် လို့ ကျနော် ထင်ပါတယ်” ဟု သူကပြောသည်။
ဗဟိုဘဏ် ဥပဒေသစ်သည် လာမည့်လများ အတွင်း မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာတော့မည့် စီးပွားရေးနှင့် ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမူတွေထဲက တခုဖြစ်သည်။
သို့သော်လည်း အဆိုပါ ဥပဒေကို ဥပဒေပြုလွှတ်တော်က အတည်ပြုလိုက်ပြီးသည့်တိုင်အောင် အကောင်အထည်ဖော်နိုင်ဖို့ အချိန်ယူရဦးမည်ဟု ကမ္ဘောဇဘဏ်၏ ဒုတိယဥက္ကဌ ဦးသန်းလွင်က ပြောသည်။ “ဗဟိုဘဏ်အတွက် နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်း တွေကိုရေးဆွဲဖို့ကလည်း ကြာဦးမယ်၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို တည်ဆောက် ယူရမယ့် အချိန်လည်း ရှိသေးတယ်” ဟု ဦးသန်းလွင်ကပြောသည်။
ဦးသန်းလွင်က မြန်မာနိုင်ငံသည် ခေတ်သစ် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး စနစ်ဆီသို့ ကူးပြောင်းရာတွင် တိုးတက်မှု နှေးကွေးနေသည့်အတွက် မှောင်ခိုဈေးကွက် သို့မဟုတ် တရားမဝင်ဈေးကွက်သည် ဆက်လက်နေရာ ယူနေဦးမည်ဟု ယုံကြည်နေသည်။
“ကျနော်တို့ဆီမှာ မှောင်ခိုဈေးကွက်က နှစ် ၅၀ လောက်ရှိခဲ့တယ်။ အချို့နေရာတွေမှာ အကြာကြီး ဆက်ပြီးရှိနေဦးမှာပဲ၊ တိတိကျကျ ပြောရရင် ဟွန်ဒီ စနစ်လိုမျိုးပေါ့၊ ဘဏ်တွေ အနေနဲ့ သူတို့နဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲနေပါသေးတယ်” ဟု ပြည်ပ ရောက် မြန်မာများက ငွေပို့ရန် အသုံးပြုကြသည့် တရားမဝင် ငွေလွှဲသည့် စနစ်တမျိုး ကို ရည်ညွှန်း၍ ဦးသန်းလွင်က ပြောသည်။
စင်္ကာပူ၊ မလေးရှားနှင့် ဘန်ကောက်ရှိ ဟွန်ဒီများထံမှ လွှဲငွေများသည် တရားဝင် ပို့ကုန်သွင်းကုန်အတွက် ငွေလွှဲပြောင်းရသော နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ငွေလွှဲပြောင်းထက် အဆပေါင်းများစွာ ပိုသည်။ မည်သို့ပင်ဖြစ်စေ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် ကမ္ဘာ့ငွေကြေးစနစ်နှင့် ဝေးကွာခဲ့ရသည့် မြန်မာ့ငွေကြေးနှင့် ဘဏ်စနစ်သည် ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးများမှ ယူဆောင်လာမည့် အလားအလာများကို မျှော်နေကြပြီ ဖြစ်သည်။
ရန်ကုန်မြို့ထဲရှိ မုန့်ဆိုင်တဆိုင်၏ စားပွဲပေါ်က ဒင်္ဂါးပြားတပြားကို ဖွဖွလေး ခေါက်ရင်း “တခြားစီးပွားရေး လုပ်ငန်းတွေလုပ်ဖို့ ကျနော် စီစဉ်နေတယ်၊ ၂၀၁၅ ရောက်ရင် ဒီမှာ စတော့အိတ်ချိန်းတခု ရှိလာတော့ မယ်လေ၊ အဲဒီအခါ ကျရင် ဘယ်လို စီးပွားရေးမျိုး လုပ်လို့ရနိုင်မလဲ ဆိုတာကို ကျနော် အခုလေ့လာနေတယ်” ဟု ဦးစန်းဝင်းက တွေးတွေးဆဆ ပြောဆိုသည်။
( Simon Roughneen ၏ From Black Market to Stock Market: Changing Time for Money Changers and Tourists in Rangoon ကို နိုင်မင်းသွင် ဘာသာပြန်သည်။)