ပြည်ပ၌ အမည်မသိဖွင့်လှစ်ထားသော ဘဏ်အကောင့်များထဲတွင် ဒေါ်လာဘီလျံချီရှိနေကြောင်း သတင်းများပေါ်ထွက်နေမှုကို တုန့်ပြန်သည့်အနေဖြင့် မြန်မာအစိုးရဘဏ်များနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက နိုင်ငံတကာဘဏ်များတွင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ အပ်နှံထားသည်ဟု ယနေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဥက္ကဌက ဝန်ခံပြောကြားသည်။ သို့ရာတွင် အသေးစိတ်အချက်အလက်များ ထုတ်ဖော်ရှင်းလင်းခြင်း မရှိပေ။
ယနေ့ နေပြည်တော်တွင် သမ္မတရုံး ဝန်ကြီးဦးစိုးသိန်း အပါအဝင် အစိုးရဝန်ကြီးများ ပါဝင်သော မီဒီယာတွေ့ဆုံပွဲတွင် ဧရာဝတီ သတင်းဌာနက နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းမြောက်မြားစွာ အပ်နှံထားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုကြောင်း မေးမြန်းရာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍက အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ နိုင်ငံခြားဘဏ်များတွင် အပ်နှံထားပါကြောင်း ပြောဆိုလိုက်ခြင်း ဖြစ် သည်။
“ကျနော်တို့မှာ တရားဝင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံပဲ ရှိပါတယ်။ ၁၁ ဘီလျံရှိတယ်ဆိုပြီး ပြောနေတာက ကျနော်တို့ လည်း မသိပါဘူး။ ကျနော်တို့ရဲ့ Foreign Exchange Reserve ပါ။ နိုင်ငံတော်ငွေ လည်း ပါပါ တယ်။ ပုဂ္ဂလိက ငွေလည်း ပါပါတယ်။ နိုင်ငံတကာဘဏ် တွေလည်း ထားပါတယ်။ သုံးစရာ ရှိရင် အဲဒီက ယူသုံးတယ်”ဟု ဦးကျော်ကျော်မောင်က ပြောသည်။
ဧရာဝတီသတင်းဌာနက အစိုးရ ယခု ထုတ်ပြန်ပြောဆိုသော ဒေါ်လာ ၇ ဘီလျံ မည်သို့ ရရှိခဲ့ပါသနည်း၊ မည်သည့် ဘဏ်များတွင် အပ်နှံထားပါသနည်း၊ မည်သည့် ပုဂ္ဂလိကဘဏ်များ ပါဝင်သနည်း၊ ယင်းငွေကြေးများသည် တရားဝင် အခွန်ဘဏ္ဍာ ရရှိထားပြီး သော ငွေကြေးများ ဟုတ် မဟုတ်၊ ယင်းငွေကြေးများကို မြန်မာပြည်သူများ အတွက် မည်သို့ မည်ပုံ သုံးစွဲရန် ရှိပါသနည်း ဟု အသေးစိတ် မေးခွန်းများ ထပ်မံမေးမြန်းသော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ဖြေဆိုရန် ငြင်းဆိုသည်။
သို့ရာတွင် အစိုးရက နိုင်ငံခြားဘဏ်များတွင် ငွေအပ်နှံထားရာ၌ ဗဟိုဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုဘဏ် (MFTB)၊ မြန်မာ့ ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြုပ်နှံရေး ဘဏ် (MICB)၊ ဗဟိုဘဏ် အနေဖြင့် ငွေအပ်နှံထားခြင်းဖြစ်ပြီး ပုဂ္ဂလိကဘဏ် များက လည်း နိုင်ငံခြားဘဏ်များတွင် ငွေစာရင်းဖွင့်ပြီး အပ်နှံထားကြောင်း၊ နိုင်ငံခြားဘဏ်များတွင် စုစုပေါင်း အပ်နှံထားမှု ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များ၏ ပိုင်ဆိုင်မှု ရာခိုင်နှုန်း ကို ထုတ်ဖော်မပြောဆိုနိုင်ကြောင်း ဦးကျော်ကျော်မောင်က ဆိုသည်။
ယခင်အပတ်က မြန်မာနိုင်ငံမှ အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ သိမ်းဆည်းထားသောကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအပေါ် တင်ရှိနေသော ကြွေးကျန်များ လျှော်မပစ်ခြင်းဖြစ်သည်ဟူသော သတင်းရေးသားချက်များကြောင့် စာဖတ်သူများကြား အတော်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။
ယင်းသတင်းကို စတင်ပြောဆိုခဲ့သူ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီအခြေစိုက် သုတေသန အဖွဲ့အစည်းလုပ်နေသည့် အစိုးရမဟုတ်သည့် NGO တခု ဖြစ်သော Bank Information Centre (BIC) မှ အာရှ ဒေသဆိုင်ရာ ပရိုဂရမ် မန်နေဂျာ မစ္စတာ ဂျဲလ်ဆန် ဂါဆီယာကလည်း အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ပြီး ဘီလျံပေါင်းများစွာ သိမ်းဆည်းထားသည် ဆိုခြင်းမှာ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့ဘဏ်(World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) မှ အရာရှိများနှင့် တွေ့ဆုံခဲ့မှုများကို အခြေပြုပြောဆိုခြင်းဟု ပြောသည်။
၂၀၀၉ ခုနှစ်ကလည်း အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့ ERI (Earth Right International ) က အမေရိကန် ဒေါ်လာ ၄ ဒဿမ ၈ ဘီလျံမှာ စင်္ကာပူနိုင်ငံရှိ Overseas Chinese Banking Corporation (OCBC) နှင့် DBS Group တို့တွင် အပ်နှံထားပြီး ယင်းငွေများမှာ သဘာဝဓာတ်ငွေ့ ရောင်းရငွေများ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ဖူးသည်။ သို့ရာတွင် အဆိုပါဘဏ်များက မမှန်ကြောင်း ထိုစဉ်က ငြင်းဆိုခဲ့ကြသည်။
ယနေ့သတင်းစာရှင်းလင်းပွဲတွင်လည်း စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်က သဘာဝဓာတ်ငွေ့ရောင်းရငွေများကို စင်္ကာပူဘဏ်များတွင် အပ်နှံထားသည်ဆိုသော သတင်းမှာလည်း လုံးဝမဟုတ်မှန်ကြောင်း ပြောဆိုသည်။
သို့သော် အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာကွယ်ရေးအဖွဲ့ERI ၏ ဒါရိုက်တာ မစ္စတာ ပေါလ်ဒိုနိုဝဇ်က မြန်မာစစ်အစိုးရသည် သဘာဝဓာတ်ငွေ့ရောင်းချရာမှ ရရှိသော ဝင်ငွေ ၉၉ ရာခိုင်နှုန်း ကို နိုင်ငံခြားအရံငွေကြေးအဖြစ် စင်ကာပူအပါအဝင် နိုင်ငံတကာဘဏ်များတွင် အပ်နှံထားသည့် အပြင် ယင်းငွေကြေး များကို နိုင်ငံတော်ဘဏ္ဍာ စာရင်းအတွင်းသို့ ထည့်သွင်းခြင်း မပြုဟု နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF) က အတည်ပြု ကြောင်း ဧရာဝတီသို့ ဆက်သွယ်ပြောဆိုခဲ့သည်။
မည်သို့ပင်ဆိုစေ ယင်းပြည်ပတွင်ရှိနေသော ငွေများကို မြန်မာနိုင်ငံက နိုင်ငံတကာသို့ ပေးဆပ်ရန်ရှိသော အကြွေး ဒေါ်လာ ၁၁ ဘီလျံအား ပြန်ဆပ်ရန် အသုံးမပြုခဲ့ပေ။ အကြောင်းမှာ အကြွေးအများစုကို ဂျပန်က ဝင်ဆပ်ပေးခဲ့သည်။
ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က မြန်မာနိုင်ငံက နိုင်ငံတကာသို့ ပေးဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိခဲ့ပြီး အကြွေးဆပ် နိုင်ရေးအတွက် ကမ္ဘာ့ဘဏ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပေးဆပ်ရမည့် ကြွေးမြီများမှာ ၁၉၈၈ ခုနှစ် မတိုင်မီက ချေးယူခဲ့သော ကြွေးမြီများဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ယူထားသော အကြွေးများကို ဆပ်နိုင်ခဲ့ပြီဟု ဆိုသည်။
၁၉၈၈ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် Paris Club နိုင်ငံများသို့ ပေးဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင်ကျော် (၈၄၀၈ ဒသမ ၃၄) ရှိခဲ့ပြီး ဂျပန်နိုင်ငံအား သန်းပေါင်း ၆ ထောင် အထိ အများဆုံး ပေးဆပ်ရမည် ဖြစ်ကြောင်း၊ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ဒေါ်လာ သန်းပေါင်း ၂ ထောင်ကျော် (၂၆၁၄ ဒသမ ၉၅၀) ရှိကာ တရုတ်နိုင်ငံသို့ သန်းပေါင်း ၂၁၀၀ ကျော်ပေးဆပ်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မြန်မာနိုင်ငံမှ တရားမဝင်ငွေကြေးများ စီးဆင်းမှုကို စောင့်ကြည့်နေသူများကမူ နိုင်ငံခြားဘဏ်များတွင် ငွေစာရင်း ဖွင့်လှစ် ယခင် စစ်အစိုးရခေါင်းဆောင်များနှင့် နီးစပ်သူများ၊ လက်ရှိတပ်မတော်ခေါင်းဆောင်များနှင့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် မပါဝင်သူများက ဖွင့်လှစ်ထားကြခြင်းဖြစ်ပြီး ဇူလိုင်လ အစောပိုင်းတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာန အကြီးအကဲ ဒု- ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခဲ့ရခြင်းသည် မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်ရာတွင် ပတ်သက်သော ဘဏ်စာရင်း ကို စင်္ကာပူတွင် ဖွင့်လှစ်ထားမှုနှင့် ပတ်သက်နေနိုင်သည်ဟု ထောက်ပြပြောဆိုသည်။