အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လူငယ်များ အတွက် အသက်မွေး ဝမ်းကျောင်း ပညာ သင်ကြားနိုင်ရန် မြို့နယ်၊ ဒေသ များ အလိုက် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဟု သိရသည်။
ထိုကျောင်း ဖွင့်ရသည့် အဓိကရည်ရွယ်ချက်သည် မျှော်လင့်ချက်ပျောက်နေသည့် လူငယ်များ၊ အလုပ်လက်မဲ့ ဖြစ်နေသည့် လူငယ် များ မဖြစ်စေရန်၊ အသက်မွေးဝမ်းကျောင်း တခုအဖြစ် ရပ်တည်နိုင်စေရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ရန်ကုန်တိုင်း သုံးခွ မြို့နယ် ပြည်သူများကို ယနေ့ ပြောကြားသည်။
“အခု လောလောဆယ်တော့ ကော့မှူးမှာ မကြာမီ ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါတယ်။ ကျောင်းမနေတော့တဲ့ လူငယ်တွေရဲ့ ရှေ့ရေး အတွက် စဉ်းစားရပါမယ်။ လူငယ်တွေ မျှော်လင့်ချက်မဲ့နေတာကို စိုးရိမ်လို့ပါ။ စိတ်ဓာတ် မကျပါနဲ့”ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောဆိုသည်။
ကော့မှူး ဒေသ လူငယ်များအတွက်သာ မဟုတ်ဘဲ ပြည်နယ်နှင့် တိုင်း အလိုက် ဖွင့်နိုင်ရန်လည်း ကြိုးစားသွားမည် ဖြစ်ကြောင်း၊ စီမံ ကိန်း အရ ဆောင်ရွက်သည့်အတွက် လူဦးရေ အများအပြား လက်ခံနိုင်ဦးမည် မဟုတ်သေးကြောင်း၊ ထို သင်တန်းသို့ တက်ရောက် သူတိုင်းကိုလည်း အလုပ်အကိုင်များ ရသွားသည်အထိ စီစဉ်ပေးသွားရန် ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ပညာသင်ကြားရေးနှင့် ပတ်သက်၍လည်း“မြန်မာနိုင်ငံ ပညာရေးမြှင့်တင်ဖို့ ကိစ္စ၊ ပညာရေး အကူအညီ ပေးချင်တဲ့ နိုင်ငံက တော်တော် များတယ်။ ကူညီတဲ့ အဖွဲ့အစည်းတွေရဲ့ စေတနာကိုတော့ ကျောင်းသားနဲ့ပြည်သူတွေက လုံ့လ ဝီရိယ စိုက်ပြီးတော့ ကြိုးစားသင့်တယ်”ဟု ပြောကြားသည်။
သုံးခွ တွင် အဓိကလိုအပ်နေသည့် ရေပြဿနာ၊ ဆည်မြောင်း တာတမံ ပြဿနာများကို အမြန်ဆုံးဖြေရှင်းရေးနှင့် ပတ်သက်၍ လည်း ဆွေးနွေးကြကြောင်း သုံးခွ NLD အဖွဲ့ဝင် တဦးက ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည် သည် သုံးခွမြို့နယ်မှူး အပါအဝင် တာဝန်ရှိသူများနှင့်လည်း ဒေသခံ ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး ဆိုင်ရာများကို ဆွေးနွေးသည်ဟု ဆိုသည်။
ယနေ့ သွားရောက်သော သုံးခွ မြို့နယ် ခရီးစဉ်တွင် သုံးခွ NLD ရုံးတွင်း ပဋိပက္ခ ပြဿနာများကိုလည်း ဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။
“NLD ပါတီအတွင်း ဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျမ အနေနဲ့ပြည်သူတွေကို တောင်းပန်ပါတယ်။ ဒီမိုကရေစီ အဖွဲ့အစည်း တိုင်းမှာဒီလိုပြသာနာတွေက ရှိတာပေါ့။ NLDပါတီ အဖွဲ့ချုပ် အနေနဲ့ ပြည်သူလူထုကို ပွင့်လင်းစွာဆက်ဆံဖို့ လိုအပ်ပါတယ်”ဟု ဒေါ်အောင် ဆန်း စုကြည်က သုံးခွ NLD ရုံး၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
ပါတီဝင်များတွင် တချို့က ယခင်ကပင် မည်သည့် အခွင့်အရေး မျှော်မှန်းချက်မှမရှိဘဲ အဖွဲ့ဝင် ဖြစ်လာကြပြီး တချို့မှာမူ အခွင့် အရေး မျှော်မှန်းချက်ဖြင့် ဝင်ရောက်လာကြသူများ ဖြစ်၍ ထိုလူချင်း ပဋိပက္ခ ပြဿနာများ ဖြစ်ပွားရကြောင်း၊ အချိန်ယူ ဖြေရှင်းရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟုလည်း သိရသည်။