အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ညီလာခံမခေါ်ယူမီ ဖြစ်ပေါ်နေသည့် ပါတီတွင်းပြဿနာများကို အချင်းချင်း ပြေလည်အောင် ဖြေရှင်းကြရန် NLD နာယက ဦးတင်ဦးက တိုက်တွန်းလိုက်သည်။
အဆိုပါ ပြဿနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးထက် တခြားနယ်ဒေသများတွင် အဖြစ်များကြောင်း ဦးတင်ဦးက ယမန်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်များ ညှိနှိုင်းကျင်းပရေး စီမံချက် ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
“အများဆုံးက ပါတီအဖွဲ့ဝင်ဟောင်းနဲ့ ပါတီအဖွဲ့ဝင်သစ်တွေပေါ့။ လူဟောင်းက လူသစ်တွေကို ပါတီဝင်ခွင့် မပေးတဲ့ကိစ္စကတော့ မဖြစ်သင့်ပါဘူး” ဟု ဦးတင်ဦးက ဆိုသည်။
ပါတီဝင် အချင်းချင်းဖြစ်သည့် ပဋိပက္ခကိစ္စကို မိမိ အဖွဲ့အစည်းက ပြေလည်အောင် ဖြေရှင်းသင့်ကြောင်း၊ တခြား အပြင် ရပ်ရွာအုပ်ချုပ်ရေး၊ လုံခြုံရေး ရဲများကို ဖြေရှင်းခိုင်းပါက ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်နိုင်ကြောင်း၊ ထိုသို့ မညီမညွတ် ဖြစ်မှုကြောင့်လည်း လုံးခြုံရေးအရ ပါတီအတွင်းသို့ လာရောက်စစ်ဆေးမှုများ ဖြစ်ပွားနိုင်သဖြင့် ပါတီအတွက်လည်း မကောင်းကြောင်း ဦးတင်ဦးက ဆက်ပြောသည်။
“မြို့နယ်တခုတည်းကနေ ပါတီရုံး နှစ်ခုဖွင့်တဲ့အပေါ် ဗဟိုကနေပြီးတော့ ဖွင့်တဲ့မြို့နယ်တွေက ပါတီရုံးမှန်သမျှကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အဲ့ဒါကိုတော့ မြို့နယ်အတွင်းမှာရှိတဲ့ ပါတီဝင်အချင်းချင်း ညှိဖို့လည်း ဗဟိုကနေ ထုတ်ပြန်ထားပါတယ်” ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် NLD ပါတီဝင် ဒေါ်ယဉ်ယဉ်ထိုက်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
သုံးခွမြို့နယ်အတွင်းရှိ NLD ပါတီတွင်း ပြဿနာများနှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါမြို့နယ်သို့ ယခုလ ၁၁ ရက်နေ့တွင် သွားရောက် ဖြေရှင်းမှုများ ပြုလုပ်ပေးခဲ့သည်။
“NLD ပါတီအတွင်း ဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျမအနေနဲ့ ပြည်သူတွေကို တောင်းပန်ပါတယ်။ ဒီမိုကရေစီ အဖွဲ့အစည်းတိုင်းမှာ ဒီလိုပြဿနာတွေက ရှိတာပေါ့။ NLD ပါတီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုကို ပွင့်လင်းစွာ ဆက်ဆံဖို့ လိုအပ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးခွမြို့နယ် NLD ရုံး၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောခဲ့သည်။
ဒီမိုကရေစီ ဆိုသည့်အတိုင်း လုပ်ပိုင်ခွင့်ရှိတိုင်း မလုပ်ရန်၊ ပြောပိုင်ခွင့်ရှိတိုင်း မပြောရန် ၊လူပုဂ္ဂိုလ်ကို မဲဆွယ်သည့် အခါလည်း စကားပြောကို မကြည့်ဘဲ အလုပ်လုပ်သည့်ကိုကြည့်၍ မဲမေးရန်၊ နိုးကြားထကြွစွာ လေ့လာပြီးမှသာ မဲပေးရန်၊ ဝေဖန်သည့်အခါတွင်လည်း ယဉ်ကျေးစွာ ဝေဖန်ကြရန်၊ ပြည်သူ၏ ဝေဖန်မှုကိုလည်း လက်ခံသွားမည်ဟုလည်း ပြောကြားသည်။
သုံးခွမြို့နယ် NLD ပါတီဝင် အမျိုးသားတဦးက “ပါတီဝင်တချို့က အရင်ကတည်းက ဘာရယူလိုမှု မရှိဘဲ ဝင်ရောက်တယ်။ တချို့ကျတော့ ရယူလိုမှုတွေနဲ့ ပါတီဝင်အဖြစ် လျှောက်တယ်။ ဝင်လာတော့ အဲဒီပြဿနာတွေ ဖြစ်တာပေါ့။ ဒီပြဿနာက လွယ်လွယ်နဲ့ ပြီးသွားမယ်လို့ မထင်ဘူး။ အချိန်တော့ယူ ဖြေရှင်းရမယ်လို့လည်း အမေစုက ပြောသွားတယ်လေ” ဟု ဆိုသည်။
လက်ရှိတွင် တိုင်းနှင့် ပြည်နယ်များ၌ NLD ညီလာခံများ ပြုလုပ်နေချိန်တွင် မကွေးမြို့၊ ဒေါင်းနေကျေးရွာမှ NLD ပါတီဝင် ၁၅ ဦးခန့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ကူးပြောင်းသွားကြသည်ဟု မကွေးခရိုင် NLD ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးရဲတင့်က ဧရာဝတီသို့ ပြောသည်။
ဒေါင်းနေကျေးရွာတွင် NLD ပါတီဝင် ၃၀ ခန့် ရှိသည့်အနက် ထက်ဝက်ခန့် ပါတီကူးပြောင်းကြောင်း၊ ဘက်ပြောင်းသွားသူများကို ပြန်စည်းရုံးမည်ဟုလည်း ပြောကြောင်း၊ ပါတီတွင်းပဋိပက္ခိသည်လည်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။