၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီအတွက် ရှုံးနိမ့်မှု မဟုတ်ဘဲ ၂၀၁၅ တွင် အနိုင် ရရှိရန်အတွက် တွန်းအားများသာ ဖြစ်ကြောင်း ယင်းပါတီ၏ ဒုဥက္ကဌ သူရ ဦးအေးမြင့်က မေလ ၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံတွင် ပြောကြားလိုက်သည်။
“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို ကြည့်ပြီး ကျနော်တို့ လူငယ်တွေ တွေဝေ တွန့်ဆုတ်သွားခဲ့ကြတာကို ဒေသ တော်တော်များများမှာ တွေ့ခဲ့ရပါတယ်။ ၂၀၁၂ ဟာ အခြေအနေအရ အစိတ်အပိုင်းငယ် တခုသာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်လို့ တွေဝေစရာမလိုဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်လိုက်ရင် အသေးအဖွဲလို့ ပြောလို့ရတယ်။ ဒါကို တွေဝေစရာမလိုဘူး။ ၂၀၁၅ အတွက် တွန်းအားတွေအဖြစ် ပြောင်းလဲဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း နေရာ ၄၅ နေရာ ရှိသည့်အနက် ပြည်ခိုင်ဖြိုး ပါတီက အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁ နေရာသာ အနိုင်ရရှိခဲ့သည်။
“၂၀၁၅ ဟာ လှေကားထစ် တခု၊ ဒီလို လှေကားထစ်တွေက ၂၀၁၅ တခုပဲ မဟုတ်ဘူး။ အမြဲတမ်း တွေ့ရမှာ။ အရေးကြီးတာက ၅ နှစ် အတွက်ပဲ လုပ်မှာလား။ တသက်လုံး လုပ်မှာလား။ လူထုအတွက် ၅ နှစ် အတွက်ပဲ လုပ်မယ်ဆိုရင် သိပ်ကျဉ်းမြောင်း နေတယ်။ ရေရှည် မျှော်မှန်းချက် လိုတယ်။ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်မယ် ဆိုတာက ဘယ်တော့ပြီးမလဲ။ ငါးနှစ်အတွင်း ပြီးမလား။ စဉ်ဆက်မပြတ် လုပ်နေဖို့လိုတယ်။ အဲဒီအတွက် ကျနော်တို့ လူငယ်တွေကို အားထားတယ်။ အရွယ်တွေက ပြောင်းနေတာ။ ပြောင်းနေတဲ့ သူတွေက သူ့နေရာနဲ့သူ အလိုက်တသင့် ဝင်လုပ် သွားနိုင်ဖို့လိုတယ်” ဟု ပြည်ခိုင်ဖြိုး ပါတီ ဒုဥက္ကဌ ဦးဌေးဦးက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောသည်။
လူငယ် ညီလာခံသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု တစိတ်တဒေသ ဖြစ်ပြီး ပါတီလူငယ်များကို စိတ်ဓာတ်မြင့်တင်ပေးခြင်းလည်း ဖြစ်ကြောင်း ပါတီ ဗဟို ကော်မတီဝင် တဦးက ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ပထမဆုံးအကြိမ် လူငယ် ညီလာခံကို မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ရုံးချုပ်တွင် ကျင်းပလျှက် ရှိရာ ပြည်နယ်နှင့် တိုင်းအသီးသီးမှ လူငယ်ကိုယ်စားလှယ် ၆၂၇ ဦး တက်ရောက်လျှက်ရှိသည်။ စိတ်ဓာတ်မြင့်တင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးအတွက် ယင်း လူငယ်တွေ့ဆုံပွဲ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီက လူငယ်ညီလာခံကို ကျင်းပလျှက်ရှိချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း လူငယ်ညီလာခံ တရပ်ကို မေလအတွင်း၌ပင် ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။