တနိုင်ငံလုံးရှိ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများအပါအဝင်စက်မှုဇုန်များနှင့် စက်မှုလုပ်ငန်းများအားလုံးတွင် ရက်အကန့် အသတ်မရှိ ၂၄ နာရီ မီးဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်ခိုင်က ဧရာဝတီသို့ပြောသည်။
ရေအားလျှပ်စစ်ကို အဓိကအားထားနေရသော မြန်မာနိုင်ငံတွင် ပူပြင်းသော ရာသီဥတုအခြေအနေများကြောင့် နိုင်ငံတဝန်းရှိ ဆည်များတွင် ရေခမ်းခြောက်လာပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်တော့ကြောင်း၊ ထို့ကြောင့် တနိုင်ငံလုံး ရှိ စက်မှုဇုန်များနှင့် ဇုန်ပြင်ပရှိ အသေးစား အလတ်စား စက်မှုလုပ်ငန်းများအား လျှပ်စစ်ဓါတ်အားကို မေလ ၆ ရက်နေ့မှ စ၍ ရက်အကန့်အသတ်မရှိ မီးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ အချိန်အကန့်အသတ်မရှိဟု ဆိုသော်လည်း အလွန်ဆုံး ၁၅ ရက်မှ ၁ လ နီးပါးထိ ကြာမြင့်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေးရန် အဆင်ပြေပြီဆိုပါက ချက်ချင်း လျှပ်စစ်ဓာတ်အား ပြန်ပေးမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ရှင်းပြသည်။
“ရာသီဥတုပူလို့ ဆည်ထဲက ရေတွေက အငွေ့ပျံလာတာအပြင် အမြဲသုံးနေရတာဆိုတော့ ရေက ကုန်တာလည်းပါတယ်။ ဒါကလည်း ဒီအချိန်လေးပါပဲ။ မိုးတွေလည်း စရွာနေပါပြီ။ နောက်ကြရင် အဆင်ပြေသွားမှာပါ။ စက်မှုလုပ်ငန်း အားလုံးကို ၆ ရက်နေ့ကစပြီး လျှပ်စစ်ဓာတ်အား မသုံးတော့ဖို့အတွက် ပြောထားတယ်”ဟု ဦးအောင်ခိုင်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတဝန်းရှိ စက်မှုလုပ်ငန်းများအားလုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်သော်လည်း ရပ်ကွက်ပြည်သူများကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းမရှိကြောင်း၊ ရပ်ကွက်ပြည်သူသုံး လျှပ်စစ်ဓာတ်အားခမှာ ၁ ယူနစ်လျှင် ၃၅ ကျပ်သာရှိပြီး စက်မှုဇုန်များအတွက် လျှပ်စစ်ဓာတ်အားခမှာ ၁ ယူနစ်လျှင် ၇၅ ကျပ်ရရှိ သောကြောင့် ငွေကြေးပိုရသော နေရာများသို့ လျှပ်စစ်ဓာတ်အားရောင်းလိုကြောင်း၊ သို့ရာတွင် ယင်းသို့ ရောင်းချမည်ဆိုပါက ပြည်သူလူထု အခက်ကြုံပြီး လူမှုရေးဒုက္ခများ မခံစားစေချင်သောကြောင့် ယခုကဲ့သို့ စက်မှုလုပ်ငန်းများအားလုံးကို ၂၄ နာရီ ရက်အကန့်အသတ်မရှိ မီးဖြတ်တောက် ရခြင်းဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုကြသည်။
“ပြည်သူကို မီးဖြတ်ရင် ပြည်သူပေါင်း ၉၀ ရာခိုင်နှုန်းက ဒုက္ခခံရမှာ၊ ပြည်သူမှာ ဓာတ်အားပေးစက်ဆိုတာ ရှိချင်မှရှိမှာ။ ၁၀ ရာခိုင်နှုန်းက ပိုက်ဆံရှိလို့ စက်ရုံတည်ထားတဲ့ လူတွေဆိုတော့ ဓာတ်အားပေးစက်တွေ ရှိတယ်။ ဒီတော့ သူတို့ အလုပ်လုပ်ချင်ရင် ဓာတ်အားပေးစက်နဲ့ အလုပ်လုပ်လိမ့်မယ်”ဟု ဦးအောင်ခိုင်က ဆိုသည်။
စက်မှုလုပ်ငန်းများကို လျှပ်စစ်ဓာတ်အား ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်ခြင်းကြောင့် မီးစက်အသုံးပြု ရသည့်အတွက် ကုန်ကျစရိတ်ပိုမိုလာမည်ဖြစ်သော်လည်း စက်မှုထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မတက်နိုင်ကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်သည်။
“၂၄ နာရီ ရက်အကန့်အသတ်မရှိ မီးဖြတ်တောက်တယ်ဆိုတာကလည်း အရင်ကနဲ့ ဘာမှတော့ မကွာပါဘူး။ အရင်က ၁ ရက်ကို ၆ နာရီ မီးပေးတယ်ဆိုပေမယ့် အဲဒီ ၆ နာရီမှာ မီးက ပြတ်သေးတယ်။ ကျနော်တို့အတွက်တော့ ဘာမှမထူး တော့ပါဘူး အမြဲ မီးစက်နဲ့ အလုပ်လုပ်နေရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Triangle Links Engineering ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။
ပြည်သူလူထုအား လျှပ်စစ်ဓာတ်အား ပုံမှန်ပေးလိုသည့်အတွက် စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများကို ဓာတ်အားမသုံးရန် ညွှန်ကြားထားခြင်းအား နည်းလမ်းမမှန်ဟု ဝေဖန်မှုများ အပေါ် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် မည်သို့မျှ မှတ်ချက်မပြုလိုဟု ဦးအောင်ခိုင်က ပြောသည်။
“ပြည်သူလူထုက အရေးအကြီးဆုံးပါပဲလို့ ပြောချင်တယ်။ ဒီလိုအချိန်အခိုက်အတန့်လေး ၁၅ ရက် ၁ လ အတွင်းမှာ လူထု မျက်နှာကိုပဲ ကြည့်နိုင်မယ်။ ဘယ်သူတွွေ ဘယ်လိုပဲပြောပြော ကျနော်ကတော့ အခုအချိန်မှာ ပြည်သူတွေကို မီးပေးထားနိုင်လို့ စိတ်ချမ်းသာနေပါတယ်”ဟု ၎င်းကဆိုသည်။
စက်မှုဇုန်နှင့် ဇုန်ပြင်ပတွင်ရှိသည့် စက်မှုလုပ်ငန်းများအားလုံးကို လျှပ်စစ်ဓာတ်အား အသုံးမပြုရန် ညွှန်ကြားထားချိန်တွင် ပြည်သူလူထုအား လျှပ်စစ်မီးကို အချိန်ပြည့်နီးပါး ပေးထားလျက်ရှိပြီး လုံး၀ မီးဖြတ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ရှိခဲ့မည်ဆိုပါက ယာယီ ခေတ္တခဏသာ ပြတ်တောက်ခြင်းမျိုးသာဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ သိရှိရသည်။
မြန်မာတနိုင်ငံလုံး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၁,၈၈၀ ခန့် လိုအပ် ပြီး ဖြန့်ဖြူးနိုင်သည့် မဂ္ဂါဝပ်မှာ ၁,၅၅၀ သာရှိကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ၇၀ ရာခိုင်နှုန်းသည် ရေအားမှ လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ လည်းကောင်း၊ ၉ ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှ လည်းကောင်း ရရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးရေးဘဏ်တို့ အဆိုအရ မြန်မာပြည်လူဦးရေ သန်း ၆၀ ရှိရာ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရပြီးပျမ်းမျှ တဦးလျှင် ၁၀၄ ကီလိုဝပ်သာ သုံးစွဲနိုင်သောကြောင့် ကွန်ဂိုနှင့် နီပေါနိုင်ငံတို့နည်းတူ မြန်မာနိုင်ငံ သည်လည်း ကမ္ဘာပေါ်တွင် လျှပ်စစ်သုံးစွဲနိုင်မှု အနိမ့်ကျဆုံး နိုင်ငံတနိုင်ငံဖြစ်ကြောင်း သိရသည်။