နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” လုံးချင်းဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ ကြိုးစားကြမယ် ဆိုပေမယ့် လက်ရှိ အနေအထားအရ တက္ကသိုလ်ရဲ့ အခန်းကဏ္ဍတွေ မှေးမှိန်နေဆဲဖြစ်လို့ ဖန်တီးဖို့ မလွယ်ကူနိုင်သေးဘူးလို့ ဦးမင်းကိုနိုင်က ဆိုပါတယ်။
“မလွယ်ဘူး။ မလွယ်သေးမှန်းလည်း ဒါရိုက်တာတွေ ကိုယ်တိုင် သိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခင်းအကျင်းတွေ၊ ဥပမာ ရန်ကုန်တက္ကသိုလ် မပါဘဲ မရဘူး။ ရန်ကုန် တက္ကသိုလ်ထဲမှာ ရိုက်ရဖို့ အခွင့်အရေးကိုက မလွယ်သေးဘူး။ သူတို့က ဘာပဲဖြစ်ဖြစ် ပထမဆုံး ဦးစားပေးပြီးတော့ ဝယ်တယ် ဆိုတာကို ရိုးရိုးသားသား တန်ဖိုး ထားတာ၊ ဂုဏ်ယူတာ။ ဒါပါပဲ။ ဖြစ်နိုင်ချေကတော့ အများကြီး လိုသေးတယ်” လို့ သူက ရှင်းပြပါတယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ရုပ်ရှင်အဖြစ် ဖန်တီးမယ့် သူတွေက ဖန်တီးဖို့ ပြင်ဆင်နေပေမယ့် ဖန်တီးခွင့်ကို သက်ဆိုင်ရာ အာဏာပိုင် တွေက ပေးမပေး ဆိုတာတော့ စိတ်ဝင်စားစရာ ဖြစ်နေတာပါ။
နိုင်ငံရေး ခေါင်းဆောင် တဦး ဖန်တီးလိုက်တဲ့ “နောက်ကြည့်မှန်” ဟာ လှပတဲ့ အချစ်ဝတ္ထု တပုဒ်လို့ ဆိုပေမယ့် နိုင်ငံရေး အငွေ့အသက်တွေ၊ ၈၈ အရေးအခင်း ပုံရိပ်တွေ ပါဝင်နေခဲ့တာပါ။ အထူးသဖြင့် ရန်ကုန် တက္ကသိုလ်ကြီးရဲ့ မြင်ကွင်းတွေပါ။ ဒီဝတ္ထုထဲက အဓိက ဇာတ်ကောင် ကိုဖေသောင်း ဆိုတာကလည်း တက္ကသိုလ် ကျောင်းသားတဦး မဟုတ်လား။
သိပ် ဝေးဝေး ကြည့်နေစရာ မလိုပါဘူး။ မကြာသေးခင်က ဇူလိုင် ၇ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီး ခံရတဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် ပွဲတွေ ပြုလုပ်ဖို့တောင် တားမြစ်ပိတ်ပင် ခံနေရတာ ဆိုတော့ ကျောင်းသား အရေးတော်ပုံတွေကို ပြန် အသက်သွင်းကြမယ့် ကိစ္စကို လက်မခံနိုင်တာ မထူးဆန်းလှပါဘူး။ ဒါကတော့ ကိုယ့်အရိပ် ကိုယ်ပြန် လန့်နေတဲ့ သူတွေ ဖြစ်လေ့ဖြစ်ထရှိတာမို့ မစပ်စုလည်း ထူးပြီး မအံ့သြတော့ပါဘူး။
နောက်တခု ဖြစ်နိုင်တာကတော့ မြန်မာ အာဏာပိုင်တွေ လုပ်လေ့ရှိတဲ့ နည်းလမ်းဟောင်း အတိုင်း ဖန်တီးနေတဲ့၊ ရိုက်ကူးနေတဲ့ အချိန်မှာ ကြိုက်သလောက် ဖန်တီး၊ ရိုက်ကူး ဘာမှ ဝင်မပြောဘဲနဲ့ အားလုံး ပြီးတော့မှ ငါတို့ ဖြတ်ချင်ရာတွေ ဖြတ်ထုတ်မယ် ဆိုတာမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။ အဲဒီအခါကျ ဖန်တီးထားတဲ့ အနုပညာ ပစ္စည်းလေးလည်း အမြီးဖြတ်၊ ခေါင်းဖြတ်၊ ခြေဖြတ်၊ လက်ဖြတ်နဲ့ အင်္ဂါမစုံတော့ရင် ဖန်တီးသူတွေ ဝမ်းနည်းကြရဦးမယ်။
ဒီလို အတွေ့အကြုံကို ဒါရိုက်တာ ချိုတူးဇော်ရဲ့ ၈၈ အရေးတော်ပုံ နောက်ခံပြု ရိုက်ကူးခဲ့တဲ့ “လွမ်းစိမ့်” ဇာတ်ကား ကိုကြည့်ရင် သိနိုင်မှာပါ။ လုံး၀ ပြသခွင့် မပြုထားတဲ့ ဒီဇာတ်ကားကို တလောက ပြန်လည် ပြသခွင့် ပြုလိုက်ပါတယ် တဲ့။ ဒါပေမယ့်
ဟိုဖြတ်၊ ဒီဖြတ်နဲ့ “လွမ်းစိမ့်” အင်္ဂါမစုံဘဲ ထွက်လာရတာပါ။
ဒီ နောက်ကြည့်မှန် လုံးချင်းဝတ္ထုကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ဝယ်ယူခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ ချိုတူးဇော်ကို လက်ဆောင်ပေး ရိုက်ကူးစေမယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းကိုတော့ အကယ်ဒမီ မြင့်ဦးဦးမြင့်က ခွဲပေးမယ်လို့ သိရပါတယ်။
“ဒီလို ရုပ်ရှင်ရိုက်မယ်လို့ ထင်ကို မထင်ထားဘူး။ ဖန်တီးတုန်းကလည်း စိတ်ထဲရှိတဲ့အတိုင်း ရေးလိုက်တာ။ ဒီလိုမျိုး ရည်ရွယ်ပြီးတော့လည်း တခါမှ စိတ်မကူးခဲ့ဖူးဘူး။ သူတို့က အဲဒီလို ပြောလာတော့ နည်းနည်း ထိတ်လန့် တုန်လှုပ်သွားတာပေါ့။ ပြန်စဉ်းစား ကြည့်တော့လည်း မဖြစ်နိုင်ဘဲနဲ့တော့ သူတို့ဝယ်မှာ မဟုတ်ဘူးပေါ့လေ” လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
တကယ်တော့ ရုပ်ရှင်ရိုက်ခွင့်၊ ပြသခွင့် ရတာ မရတာ ထားဦး၊ အခုလို လုံးချင်း ဝတ္ထုကို တရားဝင် ထုတ်ဝေခွင့် ရလာတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဒီဝတ္ထုကို ပထမဆုံး ထုတ်ဝေတာက ကိုမင်းကိုနိုင် အကျဉ်းထောင်ထဲ ရှိနေစဉ်၊ ၂၀၀၉ ခုနှစ်က ပြည်ပ အဖြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကနေ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အမှတ်တရ ထုတ်ခဲ့တာကိုး။ အဲဒီအချိန်က နအဖ အစိုးရ အလိုအရ ဆိုရင်တော့ ဒီစာအုပ်ဟာ တရားမဝင် စာအုပ်ပေါ့။ အဲဒီတုန်းက ပြည်တွင်းမှာ ဒီစာအုပ် လက်ဝယ်ကိုင်ထားတဲ့ သူတွေ့ရင်တောင် ဖမ်းလို့ရတာကိုးလေ။ အခုလို တရားဝင် ထုတ်ခွင့် ပေးတယ် ဆိုတော့လည်း အစိုးရရဲ့ ထင်သာမြင်သာရှိတဲ့ ပြောင်းလဲမှုတွေကို မြင်ရတယ်လို့ ပြောရ လေမလားဘဲ။
ဝတ္ထု ဖန်တီးရှင်ကတော့ “ဘယ်သူမဆို ရှေ့မှာ လုပ်ချင်တာတွေ လုပ်ပြီးသွားရင် နောက်မှာ ဘာဖြစ်ကျန်ခဲ့သလဲ ဆိုတာ ပြန်
ကြည့်ဖို့ နောက်ကြည့်မှန် တချပ် ဆောင်ထားကြပါလို့” တိုက်တွန်း ထားပါတယ်။ မစပ်စုကတော့ အရင် နအဖ ခေတ်က လက်ကျန် စိစစ်ရေးဌာနကြီးနဲ့ တကွ ပြန်ကြားရေး ဝန်ကြီးဌာနကို နောက်ကြည့်မှန်တချပ်လောက် ဆောင်ထားပါလားလို့ တိုက်တွန်းချင်တယ်။ နောက်မှာ ဘာလာမယ် သိရအောင်လို့ပါ။
နိုင်ငံရေးသမားနဲ့ အနုပညာရှင်
“အရင်ကဆို နိုင်ငံရေးသမားလို့ နာမည်တပ် ခံရရင်၊ နိုင်ငံရေးအမှုနဲ့ ထောင်ကျခဲ့တယ် ဆိုရင် အဖတ် မလုပ်ချင်ကြဘူး။
နိုင်ငံရေးအမှုနဲ့ ပတ်သက်ပြီး ထောင်ထဲက ထွက်လာတဲ့သူကိုဆို အနူလို အဝဲလို ထင်ကြတယ်။ မထိချင်ကြဘူး” လို့
နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သူ နိုင်ငံကျော် လူရွှင်တော် ဇာဂနာက ကမာရွတ်မြို့နယ် ပရဟိတ လူငယ်များ စာပေဟောပြောပွဲ တခုမှာ ပြောခဲ့ဖူးပါတယ်။
ဒီစကားကို ဂီတအနုပညာရှင်တွေက ချေဖျက်လိုက်ပုံပါပဲ။ အခုတော့ နိုင်ငံရေး သမားတွေကို အဖတ်လုပ်ချင်၊ ခေါ်ချင် ပြောချင် လာကြပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကပဲ ၈၈ မျိုးဆက် ကျောင်းသားတွေကို ဂီတ အနုပညာရှင်တွေက Mr.Guitar စားသောက်ဆိုင်မှာ သွားရောက် တွေ့ဆုံခဲ့တာပါ။
“တချို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေကို မသိသေးတဲ့ အနုပညာရှင်တွေကို ကျောင်းသားခေါင်းဆောင် တွေက သူတို့ကိုယ် သူတို့ မိတ်ဆက်တယ်။ သူတို့ ထောင်ထဲမှာ ဘယ်လို အားယူခဲ့ရတယ်၊ သီချင်းလေး တပိုဒ်ပဲ ဖြစ်ဖြစ်၊ တကြောင်းပဲ
ဖြစ်ဖြစ် သူတို့ရဲ့ စိတ်ကို ဘယ်လိုနှိုးဆော် ပေးခဲ့တယ်၊ သူတို့ကိုယ်တိုင် ကလည်း အနုပညာနဲ့ မစိမ်းဘူး ဆိုတဲ့ အကြောင်းပေါ့။ ဘယ်နေရာမဆို သီဆိုလို့ရမယ့် သီချင်းလေး တပုဒ်ကို အနုပညာရှင်တွေ အားလုံးနဲ့ စည်းစည်းလုံးလုံး လုပ်ရင် မရနိုင်ဘူးလား ဆိုတာလေးတွေ အိုင်ဒီယာ ပေးကြပါတယ်” လို့ သွားရောက် တွေ့ဆုံခဲ့သူ အဆိုတော် သံသာဝင်းက ဧရာဝတီကို ပြောပါတယ်။
အခုလို ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဂီတအနုပညာရှင်တွေ တွေ့ဆုံမှုဟာ ဒါပထမဆုံး အကြိမ်လို့ ပြောရမှာပါ။
ဒီမတိုင်ခင်ကလည်း ဂီတ ရုပ်ရှင် အနုပညာရှင်တွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ခြေချင်း
လိမ်နေကြလို့ “ခြံရှေ့ကနေ ထောက်လှမ်းရေး နှစ်ယောက်လောက်နဲ့ ဝိုင်းဖမ်းခိုင်းမှပဲ မလာရဲတော့မှာ” ဆိုပြီး လူရွှင်တော် ဇာဂနာကတောင် ပြက်လုံး ထုတ်ခဲ့ဖူး ပါသေးတယ်။
ဒါ့အပြင် ဂီတအနုပညာရှင် တွေဟာ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့မှာလည်း ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အတူ အာဇာနည် ဗိမာန်မှာ အတူသွားရောက် ဂါရ၀ ပြုကြတာကို တွေ့ရမှာပါ။
အနုပညာရှင်တွေ အနေနဲ့ နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် တတ်နိုင်တဲ့ ဘက်က စိတ်ရင်းအမှန်နဲ့ ပါဝင်ကူညီလာကြတာဆိုရင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်လို့ သံသာဝင်းက ဆိုပါတယ်။
“ဘယ်အပိုင်းကဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ တကယ် ပါဝင်မယ်ဆိုရင်တော့ ဝမ်းသာပါတယ်။ အဲဒီလို များများစားစား ပါဝင်ဖို့ အချိန်ရောက်ပြီလို့လည်း ထင်တယ်။ အနုပညာသမား ဆိုတာ ပရိသတ်ကို အများဆုံး ဆွဲဆောင်နိုင်တဲ့ သူတွေ ဖြစ်တဲ့အတွက်ကြောင့် မှန်ကန်တဲ့ ဘက်ကနေ ရပ်တည်နိုင်ကြဖို့ အရမ်း အရေးကြီးပါတယ်။ လုပ်တဲ့နေရာမှာ တကယ့်ကို စိတ်ရင်းအမှန်နဲ့ လုပ်ဖို့လည်း လိုတာပေါ့နော်။ ထင်ပေါ် ကျော်ကြားမှုအတွက် လုပ်တာမဟုတ်ဘဲနဲ့ ကိုယ်တကယ် ပါဝင်သင့်တယ်လို့ ထင်တဲ့ စိတ်နဲ့ ပါဝင်ကြတာကိုပဲ လိုလားပါတယ်။ ကျမတို့လည်း အဲဒီစိတ်နဲ့ သွားနေကြတာပါ” လို့ သူက ပြောပါတယ်။
အနုပညာရှင်တွေ နိုင်ငံရေး၊ လူမှုရေးစတဲ့ အဘက်ဘက်မှာ စိတ်ရင်းအမှန်နဲ့ ပါဝင်လှုပ်ရှား လာနိုင်ပါစေလို့ မစပ်စုလည်း
ဆန္ဒပြုလိုက်ပါတယ်။