အခုနှစ် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးရဲ့ အဆိုဘာသာရပ်မှာ ပြဌာန်းထားတဲ့ သူ့သီချင်းတွေကို ပြိုင်ပွဲဝင်တွေအနေနဲ့ လွယ်ကူစွာ သီဆိုနိုင်အောင် ဘီဘီစီ သတင်းဌာနကနေ ဆိုပုံဆိုနည်းတွေကို ပို့ချသင်ကြားပေးဖို့ စီစဉ်နေတယ်လို့ ဒေါ်မာမာအေးက ဧရာဝတီကို ပြောပါတယ်။
“အဲ့ဒီသီချင်းတွေကို ဘယ်လိုဆိုရမလဲဆိုတာ အသံလွှင့်ပေးမလို့ပါ။ သီချင်းရဲ့ ဘယ်နေရာက ခက်တယ်၊ ဘယ်နေရာက
ဘယ်လို ဆိုသင့်တယ်ဆိုတာကို ဒီကနေ လှမ်းပြီးတော့ လုပ်ပေးမယ်လို့ စဉ်းစားနေပါတယ်။ ဆိုတဲ့သူ ကိုယ်တိုင်က ဒါလေးက ဒီလိုရှိပါတယ်လို့ ပြောထားရင် ပြိုင်တဲ့သူတွေအတွက်တော့ ဘာပဲပြောပြော တနည်းတလမ်းတော့ အထောက်အကူရမယ်လို့ ထင်ပါတယ်” လို့ ဒေါ်မာမာအေးက ဧရာဝတီကို ပြောပါတယ်။
ဒီ ပို့ချမှုကို ဘီဘီစီ (မြန်မာပိုင်း) အစီအစဉ်မှာ တပတ်တခါ ထုတ်လွှင့်နေတဲ့ ဒေါ်မာမာအေးရဲ့ “ပြောပြစရာတွေ တပုံကြီးရှိသေးတယ်” ဆိုတဲ့ သူရဲ့ ကဏ္ဍမှာထည့်သွင်း ပြောပေးသွားမှာပါ။
မြန်မာနိုင်ငံနဲ့ နှစ်ပေါင်း ၁၄ နှစ်ကြာ ကွဲကွာနေတဲ့ အဆိုတော် ဒေါ်မာမာအေးကို ပြည်ပအတိုက်အခံ အဖွဲ့အစည်းများနဲ့ ပတ်သက်တဲ့ သီဆိုဖျော်ဖြေပွဲမှာ ပါဝင်ပြီး နောက်ပိုင်း စစ်အစိုးရရဲ့ အမျက်တော်ရှတာကြောင့် သူ့ရဲ့ တေးသီချင်းတွေကို ဘယ်နေရာမှာမှ ပေါ်ပေါ်တင်တင် ရောင်းချခွင့် မရတော့တာကြာပါပြီ။ သိပ်မကြာသေးခင်က ပြည်တွင်း FM ရေဒီယိုတွေမှာ စတင်ထုတ်လွှင့်လာပါတယ်။ နောက်တော့ သမ္မတ ဦးသိန်းစိန်က ပြည်တော်ပြန်ဖို့ ခွင့်ပြုလိုက်ပြီး အခုနောက်ဆုံးတော့ သူရဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းတွေကို နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးမှာပါ ထည့်သွင်းသတ်မှတ်လာတာပါ။
တေးရေး စန္ဒရားချစ်ဆွေရဲ့ “ပိတောက်လမ်း” နဲ့ ဆရာမြို့မငြိမ်းရဲ့ “မန်ဒါလီ” ဆိုတဲ့ တေးသီချင်းနှစ်ပုဒ်ကို ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးရဲ့ အဆိုပြိုင်ပွဲ ခေတ်ဟောင်းတေး ကာလပေါ်တေးဘာသာရပ်ရဲ့ ဝါသနာရှင် (ပထမတန်း) အဆင့် အမျိုးသမီးပြိုင်ပွဲမှာ သီဆိုယှဉ်ပြိုင်ဖို့ သတ်မှတ်ထားတဲ့ တေးသီချင်း ၁၀ ပုဒ်ထဲမှာ ပါဝင်ပါတယ်။
ဒီလို သူ့ရဲ့ သီချင်းကို ပြိုင်ပွဲမှာ ထည့်သွင်းပြဌာန်းလာတဲ့အပေါ် ဒေါ်မာမာအေးရဲ့ သဘောထားက ဘယ်လိုရှိလဲ။
“ပြဿနာ မရှိဘူးဆိုတာကို မီးစိမ်းပြလိုက်တဲ့ သဘောလို့ပဲ အောက်မေ့ပါတယ်။ နို့မိုဆိုရင် ဒီသီချင်းတွေကို တွေ့တာမှ မဟုတ်တာကိုး။ ပရိသတ်နဲ့ ပြန်ပြီး အဆက်သွယ်ရတယ်ဆိုတာမှာ ဒါက တရားဝင် ကိစ္စတခုလို့ပဲ သတ်မှတ်ရမှာပေါ့။ မာမာအေး သီချင်းတွေကို တရားဝင် ပြန်သုံးလာရုံတင်မက ဒီလို ပြိုင်ပွဲကြီးမှာ ပြဌာန်းတယ်ဆိုတာ တစုံတခုသော ခွင့်လွှတ်ခြင်း ပုံစံတမျိုးလို့ ထင်ရတာပဲ” လို့ သူ့သဘောထားကို ဆိုပါတယ်။
အဆိုတော် ဒေါ်မာမာအေး ဟာ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးမှာ အဆို အကဲဖြတ်အဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူပါ။
Stand-up Comedian ကို မိတ်ဆက်တဲ့ လူရွှင်တော်ည
ဒီနေ့ခေတ်လူငယ်တွေ တောင်ရှည်၊ တိုက်ပုံ၊ ခေါင်းပေါင်း တလူလူနဲ့ စင်ပေါ်တက် ခွန်းတောက်ရွတ်ပြီးမှ လူရယ်ရအောင် ပြတ်လုံးထုတ်နိုင်မှာ မဟုတ်ဘဲ လူငယ်ပီပီ နေရာမရွေးမှာ လွတ်လပ်ပေါ့ပါးစွာ ဝတ်စားပြောဆို ပြက်လုံးထုတ်လို့ရတဲ့ Stand-up Comedian လူရွှင်တော်ည ပွဲကြီးကို လူရွှင်တော် ဇာဂနာရဲ့ ဦးဆောင်မှုနဲ့ House of Media and Entertainment က မြန်မာပြည်ရဲ့ ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
“လူငယ်ပညာတတ်ကလေးတွေ ဒီအလုပ်ကို စိတ်ဝင်စားနိုင်တယ်လေ။ ကျနော်တို့ လူရွှင်တော်တွေဆိုတာဟာ တခါ ကမယ်ဆိုရင် လူရွှင်တော် ၄ ယောက်ခေါ်လိုက်၊ မင်းသမီး၊ ဆိုင်းဝိုင်းကြီးတွေ ခေါ်လိုက်၊ အဲ့လိုမျိုးကြီး လုပ်လာနေကြတာ များလာခဲ့ပြီလေ။ အခုလို Stand-up Comedian စတိုင်ဆိုရင် တယောက်တည်းနဲ့လည်း ဘယ်အရှေ့ ထွက်ပြီးတော့ ပြောပြော ပြောလို့ရရမယ်။ ပြည်သူတွေနဲ့ အမြန်ဆုံး ထိတွေ့နိုင်တယ်။ ဥပမာ – ဒီနေ့ မနက် ထွက်လာတဲ့ သတင်းစာမှာ အချိုးမပြေတာ တခုခုကို တွေ့တယ်ဆိုရင် ဒါကို ဝေဖန်နိုင်တဲ့ ပြက်လုံးက ညတွင်းချင်း ပြောနိုင်တယ်။ အဓိကကတော့ Freedom of speech ပေါ့။ ဒါကြီးကို ရစေချင်တဲ့ သဘောပါ” လို့ အဆိုပါ ပွဲကိုစီစဉ်သူ ကိုဇာဂနာက ဧရာဝတီကို ပြောပါတယ်။
ဒီပွဲကို “လူရွှင်တော် ည”လို့ နာမည်ပေးထားတာဖြစ်ပြီး လူရွှင်တော်များဖြစ်တဲ့ ဗူးခါး၊ ကျေးကျေး၊ ဝါဝါ၊ ဆူးဆူး၊ သားချို တို့ ၅ ဦးစလုံးမှာ IT (နည်းပညာ) သမားများဖြစ်ကာ တယောက်ကို အကြောင်းအရာ တမျိုးစီနဲ့ ပြက်လုံးထုတ်ခဲ့ကြတာပါ။
“၅ ယောက်က ၅ မျိုးပေါ့နော်။ သူတို့ခေါင်းစဉ်ပဲ သူတို့ပြောသွားတာပါ။ တယောက်က ဂျာနယ်လစ် လုပ်တယ်။
နောက်တယောက်က အိမ်မက်အလွန်ပေါ့။ သူရဲ့ အိမ်မက်တွေကို ပြောပြပြီးတော့ အိပ်ယာက လန့်နိုးလာတယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တယ်။ နောက်တယောက်ကကျတော့ တိရိစ္ဆာန်တွေ အကြောင်းပြောတယ်။ သူ့အိမ်မှာ မွေးထားတဲ့
တိရစ္ဆာန်တွေ အကြောင်းပြောတယ်။ နောက်တယောက်ကကျတော့ သူရဲ့ ဘဝအကြောင်းကို ပြောတယ်။ နောက် တယောက်က သူ့အမျိုးတွေ အကြောင်းပြောတယ်” လို့ ကိုဇာဂနာက ဆိုပါတယ်။
နိုင်ငံတကာက Stand-up Comedian တွေနဲ့ မြန်မာပြည်က Stand-up Comedian တွေ ပေါင်းတဲ့ ဖျော်ဖြေမှုတခုလည်း သူ့အနေနဲ့ လုပ်ချင်တဲ့ ဆန္ဒရှိကြောင်းနဲ့ တလ တခါ ပုံမှန်လုပ်သွားဖို့ မျှော်မှန်းကြောင်း ဒီထက်ပိုပြီးလူတွေ ပူးပေါင်း ပါဝင်လာကြမယ်ဆိုရင် တပတ်တခါလောက် လုပ်ဖို့ စဉ်းစားထားကြောင်းလည်း သူကဆက်ပြောပါတယ်။
ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက်လည်း အပြောင်းအလဲတခု ဖြစ်လာဖို့လည်း ယုံကြည်တယ်လို့ ပြောပါတယ်။
မပြောမပြီး မတီးမမြည်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တိုင်းပြည်ရဲ့အောက်ခြေပိုင်း၊ အလယ်ပိုင်း၊ အထက်ပိုင်း စတဲ့ ထောင့်အသီးသီး၊ နေရာအသီးသီးမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အခြေအနေမှန်ကို မိနစ်ပိုင်းအတွင်း တထိုင်တည်းနဲ့ ပြက်လုံးထုတ် ပြောဆိုတင်ဆက်သွားနိုင်တဲ့ Stand-up Comedian တွေ ပေါ်ပေါက် လာတော့မှာပါ။
နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း သူတို့ ထိုင်ပြီး ရပ်ပြီး ပြောနေတဲ့ ပြက်လုံးတွေကို လူကြီးမင်းများနဲ့ သူတို့ပြောတဲ့ အဖြစ်အပျက်မှာ တကယ်ပါဝင် ပတ်သက်ကြမယ့် သူတွေတော့ အနာပေါ် တုတ်ကျပဲ ဖြစ်ကြမလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ ဒီမိုကရေစီ လမ်းကြောင်းကြီးကို ဦးတည်လျှောက်လှမ်းနေပြီဆိုတော့ ဒီလောက်ကတော့ အပျော့ပေါ့လို့ပဲ သတ်မှတ်ကြလေမလား၊ အမျက်တော်တွေများ ရှနေမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါပြီ။