မစပ်စုတို့ မြန်မာပြည်မှာ ရုပ်ရှင်ဆင်ဆာနဲ့ပတ်သက်လို့ ပေါ်ပေါ်ထင်ထင် သရော် ရိုက်ကူးခဲ့တဲ့ ဇာတ်ကား ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အပြင်မှာ တကယ်ဖြစ်နေတဲ့ အဖြစ်မှန် သရုပ်မှန်တို့ကို အများသိအောင် ရဲရဲဝံ့ဝံ့ ရိုက်ကူး ပြသရဲခဲ့ပြီး ရယ်စရာလည်း ကောင်းတာကိုး။ သိတယ် ဟုတ်၊ ဒါရိုက်တာ ဝိုင်းရဲ့ အဲ့ဒီအခန်းဖြတ်( Ban that scene) ဆိုတဲ့ ဇာတ်ကားလေ။
အခုတော့ တော်တော်ထူးခြားတယ်လို့ ဆိုရမှာပါ။ ဒီဇာတ်ကားကို ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားမှာ ရုပ်ရှင်ဂုဏ်ဆောင်ဆု အဖြစ် မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူုး(ပြသ) ဦးသိန်းထွန်းအောင် ကိုယ်တိုင် ပေးအပ်လိုက်ခြင်းပါ။
မစပ်စု သိသလောက် ဒီဇာတ်ကားကို ပြီးခဲ့တဲ့နှစ် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက် ရိုက်ကူးခဲ့တာ ဖြစ်ပြီး အင်တာနက် စာမျက်နှာတွေကတဆင့် ပရိသတ်တွေ နှစ်ခြိုက်ခဲ့လို့ အဲဒီပွဲမှာ ပရိသတ်အကြိုက်နှစ်သက်ဆုံး ဇာတ်ကားဆုကို ရရှိခဲ့ပါသေးတယ်။ နောက်ပြီး ဒီဇာတ်ကားကို တရားဝင် ပြည်တွင်း ရုပ်သံလိုင်းတွေမှာတွေ့မြင်ခဲ့ရခြင်း၊ ပြသခြင်းမျိုး မရှိခဲ့ဘဲ ဖေ့ဘုတ်၊ ယူကျု(youtube)စတဲ့ အင်တာနက် စာမျက်နှာများ၌သာ ကြည့်ရှုခဲ့ရတာပါ။
ဆိုတော့ တရားဝင် ပြသခွင့်မရှိခဲ့တဲ့ ဒီဇာတ်ကားကို မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုယ်တိုင် ပေးအပ်လိုက်တယ် ဆိုတော့ မြန်မာ့ရုပ်ရှင် ပေါ်လစီ အရင်လို မဟုတ်တော့ဘူးလားလို့ အံ့အားသင့်စရာ ဖြစ်နေရတာပေါ့။
ဒီဇာတ်ကား ရုပ်ရှင်ဂုဏ်ဆောင်ဆု ရလိုက်တဲ့အပေါ် ဒါရိုက်တာ ဝိုင်းက ဘယ်လိုမြင်ပါသလဲ။
“ဒါက ရုပ်ရှင်အစည်းအရုံးကပေးတယ်ဆိုပေမယ့် ဝမ်းသာစရာကောင်းတာက ဆင်ဆာအဖွဲ့ရဲ့ အတွင်းရေးမှုူး ကိုယ်တိုင်က ပေးတယ်ဆိုတော့ ဒါဟာ ပြန်ကြားရေးဝန်ကြီးဌာနက အသိအမှတ်ပြုတယ်ဆိုတဲ့သဘောတော့ တွေ့ရပါတယ်” လို့ ဒါရိုက်တာ ဝိုင်းက ဧရာဝတီကိုပြောပါတယ်။
သူ့အနေနဲ့ ဆုတခု ရသည်ဆိုတာထက် ပြုပြင်ပြောင်းလဲလာတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့ စိတ်တွေကို တွေ့လိုက်ရတဲ့ အတွက် ပိုပြီး ကျေနပ်ပီတိဖြစ်မိတယ်လို့လည်း ဆိုပါတယ်။
ဒီလို သက်ဆိုင်ရာလူကြီးမင်းများကိုယ်တိုင် ရုပ်ရှင်ဂုဏ်ဆောင်ဆုအဖြစ်ပေးအပ်လိုက်ပြီဆိုတော့လည်း သက်ဆိုင်ရာ အာဏာပိုင်များရဲ့ လက်ဝေခံ ပြည်တွင်း ရုပ်သံလိုင်းတွေလည်း ဒီဇာတ်ကားကို တရားဝင် ပြသရဲလာလေမလားဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းနေပါပြီ။
တဆက်တည်း ပြည်တွင်း ရုပ်သံလိုင်းတွေဆိုလို့ ဒီလိုဇာတ်ကားကျတော့ ဟိုဟာနဲ့ ငြိမှာစိုးလို့ ဒီဟာနဲ့ မလွတ်မှာဆိုးလို့ ဆိုပြီး တရားဝင် မပြသရဲပေမယ့် ပုံမှန်ရုပ်ရှင်၊ ဇာတ်ကားတွေကိုတော့ ထုတ်လုပ်သူတွေနဲ့ညှိနှိုင်းပြီး ပြည်တွင်း
ရုပ်သံလိုင်းတွေမှာ ပေါပေါလောလော ပြသနေကြတဲ့အပေါ် ဒါရိုက်တာ ဝိုင်းက ကျေနပ်မှုမရှိလို့ နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ကူးတော့မယ် ဆိုရင် ထုတ်လုပ်သူတွေနဲ့ သေသေချာချာ စာချုပ်စာတမ်းပြုလုပ်ပြီး လုပ်ဆောင်တော့မှာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ရုပ်ရှင်အစည်းအရုံးကို စာတင်မယ်လို့လည်း ဆိုပါတယ်။
“သူများလုပ်တာကို စောင့်နေမယ့်အစား ကိုယ့်ဘာသာကိုယ်ပဲ စာတင်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ရုပ်ရှင် အစည်းအရုံး ဥက္ကဌကိုယ်တိုင်က ဒါရိုက်တာတွေ၊ မင်းသားမင်းသမီးတွေ စုဖွဲ့လိုက်ပြီး လက်မှတ်ထိုးပြီး တင်လိုက်ပါ။ သူလည်း လက်မှတ်ထိုးပေးပ့ါမယ်ဆိုတော့ လူစုရဦးမယ်ပေါ့။ ကျနော်တို့ ခွင့်ပြုထားတယ်ဆိုတာက ထုတ်လုပ်ရေးကို ဗီဒီယိုအဖြစ် တကြိမ် ထုတ်ဝေခွင့်ပြုထားတာ။ ဒီဟာ သူရဲ့ အနုပညာမူပိုင်ခွင့် ပစ္စည်းမဟုတ်ဘူး။ ကျနော်တို့က ဖန်တီးထားတဲ့သူတွေလေ ကျနော်တို့လည်း သက်ဆိုင်ရမှာပေါ့။ သူတို့လည်း ငွေကြေးစိုက်ထုတ်ထားသလို ကျနော်တို့လည်း အနုပညာ စိုက်ထုတ်ထား တာပဲလေ။ နောက်ပြီး ကိုယ့်နိုင်ငံရဲ့ ဉာဏ်ရည်နိမ့်ပါးမှုနဲ့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အပေါ်မှာ ခရိုနီတွေက လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတာ အရမ်းများတယ်”လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။
ဒီလို မူပိုင်ခွင့်တွေနဲ့ပတ်သက်လို့ ဂီတဘက်ကတော့ ပြည်တွင်း အက်ဖ်အမ် လိုင်းတွေမှာ သီချင်း တပုဒ်ကို တကြိမ် ထုတ်လွှင့်တာနဲ့ ဒီသီချင်းမှာ ပါဝင်ပတ်သက်တဲ့ အလွှာလိုက်အသီးသီး ခံစားခွင့် ရရှိဖို့အတွက် ပြတ်ပြတ်သားသား လုပ်ဆောင်နေကြပါပြီ။ တလောကတောင် ဂီတအစည်းအရုံးကနေ အက်ဖ်အမ်တွေမှာ တေးသီချင်းတွေ သုံးစွဲထားပြီး အကြွေးကျန်နေလို့ မီဒီယာတွေမှာ ထုတ်ဖော်ပြောလိုက်လေတော့ အကြွေးလာဆပ်သွားတဲ့ အနေအထားတွေတောင် ရောက်ကုန်ပါပြီ။
ဒါရိုက်တာ ကြည်ဖြူသျှင်က ဒီလို ဇာတ်ကားတွေကို ပြည်တွင်း ရုပ်သံလိုင်းတွေမှာ ပြသခြင်းဟာ နယ်ဈေးကွက်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
“အဲဒီလိုမျိုး ပြခြင်းအားဖြင့် လက်ရှိဈေးကွက်ကိုပါ ထိခိုက်လာတဲ့ သဘောရှိလာတယ်။ နယ်ဈေးကွက်တွေက ပြောလာတယ်။ အဲဒီတော့ တချို့ ဖြန့်ချိရေးတွေကျတော့လည်း မရောင်းတော့ဘူးဆိုပြီး သတ်မှတ်တယ်။ တချို့ ဒါရိုက်တာတွေကျတော့ မရောင်းစေချင်ဘူး။ ရောင်းရင် ငါတို့ကို ဒါရိုက်တာကြေး ပေးရမယ်ဆိုပြီးတော့ ပြောတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေက တကယ်တော့ ဒါရိုက်တာ ကြေးလိုချင်လို့မဟုတ်ဘူး။ ဒီလိုမျိုးဇာတ်ကားတွေကို ပြခြင်းအားဖြင့် နယ်ဈေးကွက်တွေ နယ်ကလူတွေ ထိခိုက်တယ်ပေါ့။ အဲဒီအတွက်ကြောင့် တောင်းဆိုကြတာ။ အခု ရုပ်ရှင်သမားတွေ တော်တော်များများ ညှိနှိုင်းပြီးတော့ တီဗီချယ်နယ်တွေမှာ ပြမယ်ဆိုရင် ပိုက်ဆံပေးရမယ်ဆိုပြီးတော့ တင်ဖို့ရှိတယ်။ ဒါပေမဲ့ ဒီလိုတင်တယ်ဆိုတာ ပိုက်ဆံလိုချင်လို့ မဟုတ်ဘူး။ ဇာတ်ကားတွေကို တီဗီချယ်နယ်မှာ မပြစေချင်လို့။ မပြစေချင်လို့ဆိုတဲ့ အကြောင်းအရင်းကလည်း ဈေးကွက်တွေ ပြတ်လာတယ်ဆိုတဲ့ ပြောသံတွေကြောင့်ပါ” လို့ သူက ဆိုပါတယ်။
ကဲ … မစပ်စုအနေနဲ့ကတော့ မြန်မာ့ရုပ်ရှင်လောကကြီး ပြဿနာပေါင်းစုံက ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …။