၂၀၁၂ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးတော့မယ်။ ကိုတာတေတို့ မြန်မာပြည်ကြီးကတော့ ဒီမိုကရေစီနဲ့ အသားကျဖို့ ဘက်စုံ ထောင့်စုံက ကြိုးစားရင်း နှစ်သစ်ကို ကြိုကြတော့မှာ အသေအချာပဲ။
ကြည့်လေ၊ ၃၀ ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီ ပွဲကြီးရဲ့ ဗန်းကိုင် မိန်းမပျိုလေးတွေကိုတောင် ဒီမိုကရေစီ နည်းကျကျ ရွေးထားဆိုပဲ။ နေရာတိုင်းမှာ ဒီမိုကရေစီ အသံတွေ ဝေလို … မကျေနပ်ရင် ဆန္ဒပြမယ် ဆိုတာက တမျိုး။ အရင်က ဆန္ဒပြဆိုတဲ့စကားကို ဟတောင် မဟရဲတဲ့ ကိုတာတေတို့ မြန်မာပြည်ကြီးမှာ အခုတော့ ထစ်ခနဲရှိ ဆန္ဒပြလိုက်ရမလား ဆိုတာမျိုး လူတွေ ရဲရင့်လာကြလိုက်တာ။
ကိုတာတေ့သား အကြီးကောင် ဂျူနီယာတေကလည်း ဘယ်ကဘယ်လို တတ်လာတယ် မသိဘူး … လူကသာ နှပ်ချေး တွဲလောင်း …၊ ပါးစပ်က ဒီမိုကရေစီကနေ တပြားမှမလျှော့ဘူး။ မုန့်ဖိုးတောင်းတာတောင်မှ “အဖေ သားကို ဒီမိုကရေစီ အတွက် မုန့်ဖိုးလေး ပေးစမ်းပါဦး” တဲ့ဗျား။ တောက်ညင်ကတ်စရာ။ ပြီးတော့ ပြောသေးတယ် “သား ဘာတွေ ဝယ်စားတယ်ဆိုတာ ပွင့်လင်းမြင်သာမှု ရှိစေရပါမယ်။ သားက သေသေချာချာ တင်ပြတဲ့ ကြားထဲက ပုံမှန်မုန့်ဖိုး မပေးဘူးဆိုရင်တော့ သားက သူငယ်ချင်းတွေပါ ခေါ်လာပြီး ဆန္ဒပြမှာပဲ” တဲ့ … လုပ်သေးတာ။
မဒမ်တေ့ဆီက ကိုတာတေ ထုံးစံအတိုင်း အရက်ဖိုးတောင်းတော့လည်း ဒင်းက “ဒီမိုကရေစီ စနစ်အရ တော့်သားတွေနဲ့ မဲခွဲဆုံးဖြတ် လိုက်ဦးမယ်။ မဲဆန္ဒအတိုင်းပဲ ဖြစ်စေရမယ်” တဲ့။ ကိုတာတေ ငတ်တော့တာပေါ့။ သူ့သားတွေကို သူက “နင်တို့အဖေကို အရက်ဖိုးမပေးရရင် မုန့်ဖိုးပိုရမယ်” လို့ စည်းရုံးရေး ဆင်းထားပြီးသားလေ။
ကိုတာတေ ဆိုက်ကားနင်းခ အပ်တဲ့အခါ နည်းနည်းပါးပါး လျော့သွားတဲ့ နေ့မျိုးကျတော့ “တော့်ကိုတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးရတော့မယ်နဲ့ တူတယ်” လို့ ခြိမ်းခြောက်သေးတယ်။ ဒီသားအမိတွေ ဒီမိုကရေစီ ရောဂါထနေပုံများ။ ဒါကျတော့ ကိုတာတေက ဆန္ဒမပြရဲဘူး။ တော်ကြာ ကိုတာတေ ဆန္ဒပြတာကို သူတို့က ပြန်ပြီး ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ထမင်းမချက်ဘူးဆိုမှ ကိုတာတေပဲ ငတ်မှာ။
ဒါပေမယ့် ကိုတာတေပဲလေ၊ ဘယ်ရမလဲ … ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ဟောစာတမ်းကို အကြောင်းပြုပြီး ခေါင်းစဉ်ရှာနေတဲ့ ကိုတာတေတို့ ဘော်ဒါ ဆိုက်ကားသမားတစု ၂၀ ရက်နေ့က ကမ္ဘာကြီးပေါ်မှာ ကျန်သမျှ အရက် အကုန်သောက်ကြစို့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရသမျှ ဆိုက်ကားနင်းခတွေ အကုန်ဖြုန်း လိုက်ကြတာပေါ့။ ဘာပြောကောင်းမလဲ မဒမ်တေနဲ့တကွသော ဆိုက်ကားဆရာ ကတော်တွေက စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ဖော်ထုတ်မယ် တကဲကဲ လုပ်ကြ ပါလေရော။ ကမ္ဘာမပျက်ဘဲ အဲဇလုံ လေယာဉ်ကြီး ပျက်ကျသွားတော့မှ ဆိုက်ကားသမားများ စုံစမ်းစစ်ဆေးရေး ကော်မရှင်လည်း အာရုံ ပြောင်းသွားတော့တာ။
မဒမ်တေခမျာ အဲဇလုံ လေယာဉ်ပျက်ကျ ကတည်းက မအိပ်နိုင်၊ မစားနိုင်နဲ့ … ကိုတာတေ ဆိုက်ကားနင်းထွက်သွားတိုင်း မှာရတာ အမော …။ လေသံကလည်း ပြောင်းသွားလိုက်တာမှ အံ့တောင် အံ့သြယူရတယ်။ ကိုတာတေနဲ့ အပြန်အလှန် ပြောတာကိုပဲ ကြည့်လေ။
“ကိုကိုတေ … ဆိုက်ကားနင်းရင် … ရှေ့ချည်းပဲ ကြည့်မနင်းနဲ့နော်”
“ဟဲ့ ဆိုက်ကားနင်းပါတယ်ဆိုမှ ရှေ့မကြည့်လို့ ဘယ်ကြည့်နင်းရမှာလဲ”
“သြော် ကိုကိုတေရယ် … မကြာခဏ မိုးပေါ် မော့မော့ကြည့်ဖို့ ပြောတာပါ။ ဒီက စိုးရိမ်လို့ပါဆို …။ တော်ကြာ ဖွဟဲ့လွဲပါစေ ဖယ်ပါစေ။ လေယာဉ်ပျံနဲ့ ဝင်တိုက်နေမှဖြင့်”
သူပြောတာလည်း လွန်တော့ မလွန်ပါဘူးလေ။ ကိုတာတေတို့ မြန်မာပြည်ကြီးကိုက အစစအရာရာ ခပ်ဆန်းဆန်း မဟုတ်လား။
အခုလည်းကြည့် ဆိုက်ကားအုပ်ချုပ်ရေးမှူး ရွေးမတဲ့။ ထုံးစံအတိုင်း ခေတ်အခြေအနေအရ ဒီမိုကရေစီ နည်းကျကျလို့ အော်နေဟစ်နေပေမယ့် အရင် ဆိုက်ကားအုပ်ချုပ်ရေးမှူး ဟောင်းတွေက သူတို့မရမှာစိုးလို့ မဲပေးမယ့်သူတွေကို လက်ဖက်ရည် တိုက်တဲ့သူကတိုက်၊ ကျားထိုးတဲ့အချိန်မှာ ၅ မှတ် အကျောပေးလိုပေးနဲ့ မဲဆွယ်နေကြတဲ့အပြင် မဲမသမာမှုတွေ များနေလို့ ဆိုက်ကားအုပ်ချုပ်ရေးမှူး ရွေးမယ့်နေ့ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတဲ့ နေရာတွေလည်း ရှိတယ်ဆိုပဲ။ ကိုတာတေတို့ ကတော့ ကိုယ်မလုပ်ရပြီးရော၊ ဆိုက်ကားနင်းတဲ့ အလုပ်တခုတည်း ကိုပဲ အားကျိုးမာန်တက် စိုက်လိုက်မတ်တပ် လုပ်တဲ့သူ တယောက်ယောက်ကို မဲထည့်မယ်လို့ စဉ်းစားထားပါတယ်။
ဒီအလုပ်ကလည်း နှယ်နှယ်ရရတော့ မဟုတ်ဘူးလေ။ ဆိုက်ကားအုပ်ချုပ်ရေးမှူး ဆိုပြီး အထင်မသေးလေနဲ့၊ လိုင်စင်ဝင်ပြီးသား ဆိုက်ကား တစီးတန်ဖိုးက တော်ရုံကားတစီးနဲ့ တန်ဖိုးတူတူလောက် ရှိတဲ့ခေတ်ကြီးမဟုတ်လား။ မကြာဘူး လေယာဉ် တစီးနဲ့တောင် ဈေးက တူချင်တူလာနိုင်တယ်။ လစာကလည်း ကျပ် ၈ သောင်း ကြီးများတောင် ရဦးမှာ၊ ဆိုက်ကား အငှား စာချုပ်တို့၊ အရောင်းစာချုပ်တို့ ချုပ်တဲ့နေရာမှာ သက်သေလက်မှတ်ဝင်ထိုး ပေးရင်လည်း မုန့်ဖိုးပဲဖိုးလေးက ရဦးမှာ၊ ဆိုက်ကားသမား လင်မယားရန်ဖြစ်တာတို့၊ ဆိုက်ကားသမား အရက်မူးလို့ ခရီးသည်နဲ့ ပြဿနာတက်တာတို့ ရှင်းပေးရင်လည်း ရှင်းခလင်းခလေးက ရှိသေးတယ် ဆိုတော့ကာ ဒီအလုပ်ကို လုပ်ချင်သူတွေက အများသား။
ဒီကြားထဲ ဆိုက်ကားအုပ်ချုပ်ရေးမှူး ရာထူးကို ဒီမိုကရေစီ နည်းကျကျ ရွေးမယ်ဆိုရင် ဆိုက်ကားသမား မယားတွေကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်၊ အမျိုးသမီးအခွင့်အရေး ဘာညာနဲ့ မဒမ်တေတို့ အဖွဲ့ လုပ်နေသေးတယ်။ ဒါဆို ဆိုက်ကားလည်း ဝင်နင်းပါလား ဆိုတော့မှ ငြိမ်သွားတာ။ သူတို့တော့ ပြောသာ ပြောရတာ နည်းနည်းလန့်တယ်။ ကိုတာတေတို့ ယောက်ျားတွေက အိမ်ထောင်ဦးစီးသာ ဆိုတယ် အချုပ်အခြာအာဏာက ကိုယ့်လက်ထဲ အပြည့် ရှိတာ မဟုတ်ဘူး။ အိမ်က ကလေးတွေအပေါ်လည်း သြဇာက ညောင်းတာမဟုတ်ဘူး။ ကိုတာတေတို့ သမ္မတကြီးနဲ့ သိပ်တော့မထူးလှဘူး။ သူက မပစ်နဲ့ပြောပေမယ့် ဟိုက ပစ်ချင်ပစ်နေတာ မဟုတ်လား။ ကိုတာတေတို့လည်း အဲဒီသဘောပဲ။ ဒါပေမယ့် ဘယ်ရမလဲ၊ ရာထူးအားဖြင့်ကတော့ ကိုယ်က အပေါ်ကပဲလေ။ စကားတွေက တော်တော်ချော်သွားပြီ ထင်ပါရဲ့။ ဆက်ရရင်တော့ ဒီအုပ်ချုပ်ရေးမှူး ရွေးတဲ့ကိစ္စက အီလည်လည်နဲ့ ဒီနှစ်နဲ့တင် မပြတ်ဘဲ နောက်နှစ်ထဲအထိ ကူးတော့မှာပါ။
ဘာလိုလိုနဲ့ နှစ်တနှစ်က ဖြုတ်ခနဲဆို ကုန်တော့မယ်။ ဒီနှစ်ထဲ ကိုတာတေတို့ မြန်မာပြည်ကြီးမှာ မျက်နှာစိမ်းတွေလည်း အတော် မြင်လာရတယ်၊ မကြားဖူးတာတွေလည်း ကြားလာရတယ်။ နိုင်ငံခြားသား ခရီးသွားတွေ အဝင်များလို့တဲ့ ဟိုတယ်ခတွေက နိုင်ငံတကာနဲ့ ရင်ပေါင်တန်းရုံမက ကျော်ပါ ကျော်တက်သွားတယ် ကြားတယ်။ ဝန်ဆောင်မှုကတော့ ကိုတာတေတို့ ဆိုက်ကားသမားတွေနဲ့ ရင်ပေါင်တန်းရင် တော်ရောပေါ့။
ဒီနှစ်ကတော့ တော်တော်လေး ဆန်းတယ်။ ကိုတာတေ့ တသက် တခါမှ မကြားဘူးတဲ့ အမေရိကန် သမ္မတ အိုဘားမားလည်း မြန်မာပြည် လာတယ်၊ အမေရိကန် အချိုရည် ကိုကာကိုလာနဲ့ ဆဲဗင်းအပ်လည်း မြန်မာပြည်လာတယ်၊ အမေရိကန် ဘိန်းမုန့် (ပီဇာ) လည်း မြန်မာပြည်မှာ ဝယ်စားလို့ ရနေပြီ ပြောတယ်။ တချို့ကလည်း ခေါက်ဆွဲကြော်တို့ ပေါက်စီတို့ထက် စာရင် ပီဇာတို့၊ ကိုလာတို့က ပိုကောင်းတာပေါ့လို့ ပြောကြတယ်။ ပြေရာပြေကြောင်းသမား တချို့ကတော့ ပီဇာဘယ်လောက် ကောင်းကောင်း ပေါက်စီကိုတော့ မမီပါဘူးလို့ ကြောက်ကြောက်နဲ့ ပြောနေတာလည်း ရှိရဲ့။ သူတို့က ပေါက်စီကျေးဇူး မကင်းဘူးလို့တောင် ဆိုလိုက်သေး။ ဘာပဲပြောပြော အများစုကတော့ ပေါက်စီက ရိုးနေပြီ၊ တို့ကတော့ အမေရိကန် ဘိန်းမုန့်ပဲလို့ ဆိုကြတယ်။ ကောင်မလေးတွေဆို ကိုတာတေ့ ဆိုက်ကား ငှားစီးရင်း “စတားဘာ့ခ် ကော်ဖီဆိုင် သွားမယ်” “မက်ဒေါ်နယ် ပို့ပေးပါ” ဆိုပြီးတောင် ကျင့်နေကြပြီ။
အင်းပေါ့လေ … အမေရိကန်တွေ ပါးစပ်ဖျားက ဒီမိုကရေစီ ဆိုတာကြီးတောင် ကိုတာတေတို့ မြန်မာတွေ ပါးစပ်ဖျား ဖောဖောသီသီကြီး ရောက်နေမှပဲဟာ။ အမေရိကားကို မရောက်ဖူးလို့ ကားတွေ မတရား များလာပြီး ကားလမ်းတွေ မတရား ကျပ်လာတာကော အမေရိကန်နဲ့ တူသလား၊ မတူသလားတော့ ကိုတာတေ မပြောတတ်ဘူးပေါ့။ အမြန်ခေတ်ကြီးထဲမှာ ဆိုက်ကားတွေတော့ အရင်ထက် များမလာလောက်ဘူး ထင်ပါရဲ့။
နောက်ထပ် ဆန်းတာရှိသေးတယ်။ ရှေ့က စားပွဲမှာ ငြိမ်းချမ်းရေးဆိုပြီး နောက်မှာ တထိန်းထိန်းနဲ့ ပစ်နေတဲ့ ကိစ္စပဲ။ ကိုတာတေ ဉာဏ်မမီလို့ပဲ ဖြစ်မယ် ထင်ပါတယ်။ ဒီလိုကိစ္စမျိုးတွေ အမေရိကားမှာလည်း ရှိချင်ရှိမှာပေါ့။
အဆန်းတကာ့ အဆန်းဆုံးကတော့ ကိုတာတေတို့ အာဏာပိုင်တွေ၊ တိုင်းပြည်အုပ်ချုပ်သူတွေ ပါးစပ်ဖျားမှာ ဘယ်တုန်းကမှ မပြောခဲ့ဘူးတဲ့ တောင်းပန်စကားတွေ ကြားလာရတာပဲ။ အဲဒါလည်း အမေရိကန် စတိုင်လို့ ကိုတာတေ့ သူငယ်ချင်း သတင်းထောက် တယောက်က ပြောဖူးတယ်။ သူတို့ အနောက်နိုင်ငံသားတွေက “ဆောရီး၊ တောင်းပန်တယ်” ဆိုတဲ့စကားကို အတော်ပြော ဆိုပဲ။
အရင်ကဆို တောင်းပန်ဖို့နေနေသာသာ လုပ်ချင်ရာလုပ်ပြီး ပစ်ထားတတ်တဲ့ အစိုးရ အဆက်ဆက်ရဲ့ ထုံးစံကို ဖျက်ပြီး တောင်းပန်စကား ဆိုတတ်လာတာ ကိုတာတေ တော်တော်လေး ချီးကျူးမိပါရဲ့။
အခုဆိုကြည့် လက်ပံတောင်းတောင် ကိစ္စမှာ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်နေတဲ့ ဘုန်းတော်ကြီးတွေနဲ့ လူထုကို မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းပြီး ဒီတိုင်း မနေဘူး၊ တောင်းပန်တယ်။ လာဦးမယ် လောလောလတ်လတ် ကချင် ဒေသမှာ အစိုးရစစ်တပ် ထိုးစစ်တွေ တိုးမြှင့်ပြီး တိုက်စစ်တွေ ဆင်နေပြီ။ လေကြောင်းကပါ တိုက်နေသတဲ့။ KIA တပ်တွေသာ မကဘဲ ဒေသခံတိုင်းရင်းသားတွေ ပြေးလွှားနေရတယ်၊ ထိခိုက်ဒဏ်ရာရ သေကျေ ပျက်စီးနေရတယ်၊ ကလေးတွေကော၊ သားသည် အမေတွေကော၊ သက်ကြီးရွယ်အိုတွေပါ ဒုက္ခရောက် နေကြတယ်။ မကြာဘူး အားလုံးကို ရှင်းပြီးရင် ငြိမ်းချမ်းသွားမှာပါ။ အဲဒီအချိန်ကျရင် မဆိုင်တဲ့သူတွေပါ ထိခိုက်ခဲ့ရတဲ့ အတွက်ဆိုပြီး အစိုးရက တောင်းပန်ဦးမှာ။
လုပ်ချင်ရာကို လုပ်ချင်သလိုလုပ်ပြီး မသိချင်ယောင် ဆောင်နေတာထက် စာရင်၊ လုပ်ချင်ရာကို လုပ်ချင်သလို လုပ်ပြီးမှ တောင်းပန်တာကို ကိုတာတေတို့အားလုံးက လက်ခံ ချီးကျူးကြရဦးပေမပေါ့။ ။