၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်တဲ့အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ နေ့လည် ၂ နာရီလောက် ကတည်းကစပြီး အခမ်းအနားလာတဲ့သူတွေ၊ ဈေးသည်တွေ၊ ဓာတ်ပုံရိုက်သူတွေနဲ့ စည်ကားလို့နေပါတယ်။
ပွဲလမ်းတွေရဲ့ မြင်နေကျ၊ ကြားနေကျ မြင်ကွင်းတခု ဖြစ်နေတဲ့ “လက်မှတ်ယူမလား၊ ၁သောင်းတန်း ၂ စောင်ရှိသေးတယ်နော်၊ ၂ သောင်းတန်း ၃ စောင်ရှိသေးတယ်နော်” စသဖြင့် ရွှေပွဲလာတွေကြား တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး မှောင်ခို လက်မှတ် ရောင်းသူတွေကလည်း ရှိနေဆဲပါပဲ။
တချို့ လက်မှတ်မဝယ်ရသေးတဲ့ သူတွေ၊ လက်မှတ်ဘယ်နား ဝယ်ရမယ်မှန်း မသိတဲ့သူတွေကတော့ ဒီလက်မှတ် မှောင်ခို ရောင်းသူတွေဆီကပဲ ဈေးဆစ်လို့ လက်မှတ်ဝယ်ယူနေကြတာကိုလည်း တွေ့ခဲ့ပါတယ်။
အားကစားရုံ အပြင်ဖက်မှာ အခမ်းအနားကိုလာတဲ့ အနုပညာရှင်တွေရဲ့ ကားတွေ တဖွဲဖွဲ ရောက်လာနေတာနဲ့ တပြိုင်နက် ကားတွေနားကို တယောက်က ပြေးကပ်ကြည့်လိုက်၊ မေကဗျာကား၊ ဝါဆိုမိုးဦးကား၊ လင်းဇာနည်ဇော် လာပြီဟေ့ စသဖြင့် အော်လိုက်ကြ၊ ပြေးကြည့်လိုက်ကြနဲ့ အားလုံးရဲ့ မျက်နှာတွေမှာလည်း အပြုံးကိုယ်စီနဲ့ပါ။
လက်မှတ်ရပြီးသားသူတွေ၊ သတင်းသမားတွေကလည်း အားကစားရုံဝင်းထဲမှာ ကင်မရာကိုယ်စီ၊ အနုပညာရှင်တွေကို အမှတ်တရ လက်မှတ်ထိုးခိုင်းဖို့ စာအုပ်ကိုယ်စီနဲ့ အနုပညာရှင်တွေ အခမ်းအနားထဲကို ဝင်မယ့်လမ်းပေါက်မှာ ပြုံခဲ စောင့်ဆိုင်းနေကြပါတယ်။
ပရိသတ်တွေများလွန်းတော့ သူတို့စီးလာတဲ့ ကားတွေပေါ်က ဆင်းတယ်ဆိုရင်ပဲ အနုပညာရှင်တွေခမျာ လူအုပ်ထဲ ညပ်နေကြတာမှာ ပွဲနေရာချထားပေးရေး တာဝန်ယူတဲ့ အဖွဲ့က မနည်းဆွဲထုတ်၊ လူတွေကို တွန်းဖယ်ပြီး သတင်းသမားတွေ အတွက် ဓာတ်ပုံရိုက်ဖို့ နေရာဆီ ပို့ပေးကြပါတယ်။
အကယ်ဒမီပွဲကို ရူးသွပ်ကြသူတွေထဲက နှစ်တိုင်း မပျက်မကွက်လာပြီး အနုပညာရှင်တွေကို အမှတ်တရ လက်မှတ်တွေ ထိုးခိုင်းတယ်ဆိုတဲ့ ဒေါ်အေးကြည်ဆိုတဲ့ အမျိုးသမီးကြီးက အကယ်ဒမီပွဲ ရန်ကုန်မှာ ပြန်လုပ်လို့ သူ့အတွက် ပိုအဆင်ပြေ သွားတယ်လို့ ဆိုပါတယ်။
“အကယ်ဒမီပွဲ ရန်ကုန်ပြန်လာလုပ်တော့ အရင်နှစ်တွေကလို အဝေးကြီး မသွားရတော့ဘူးပေါ့။ အရင်ကတော့ နေပြည်တော်အထိ သွားရတော့ စရိတ်ပိုကုန်ပြီး ပိုပင်ပန်းတာပေါ့လေ။ ဒါပေမယ့် ဝါသနာက ရှိနေတော့ အန်တီ့ အတွက်ကတော့ နေပြည်တော်မှာ လုပ်လုပ် ရန်ကုန်မှာလုပ်လုပ် ပွဲကိုကတော့ မဖြစ်မနေတက်မှာပါပဲ” လို့ သူက ပြောပါတယ်။
အကယ်ဒမီပွဲကို ရန်ကုန်မှာ ပြန်လုပ်တာဟာ ပရိသတ်တွေ အတွက်တင်သာမက အနုပညာရှင်တွေအတွက်လည်း ပိုအဆင်ပြေတယ်လို့ အနုပညာရှင်တွေက ပြောပြပါတယ်။
“ရန်ကုန်မှာလုပ်တော့ အိမ်နဲ့လည်း နီးနီးလေးဆိုတော့ သွားရလာရတာ ပိုလွယ်ကူတာပေါ့။ အချိန်ကုန် သက်သာတာပေါ့။ နေပြည်တော်မှာ လုပ်တော့လည်း ဒီလိုပဲ သွားလိုက်တာပေါ့။ အဆင်မပြေဘူးတော့ မဟုတ်ပါဘူး” လို့ သရုပ်ဆောင် ချစ်သုဝေက ပြောပါတယ်။
အခမ်းအနား အချိန်ကျတဲ့အခါမှာတော့ အပြင်မှာ ရှိနေတဲ့ သတင်းသမားတွေ၊ ပရိသတ်တွေအားလုံးလည်း အားကစားရုံထဲကို ရောက်နေကြပါပြီ။
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ မိန့်ခွန်း၊ မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းရဲ့ မိန့်ခွန်းတွေအပြီးမှာတော့ ရုပ်ရှင်ထူးချွန် အကယ်ဒမီဆုတွေ တခုစီ စပြီး ကြေညာပါတယ်။
အရင်နှစ်တွေနဲ့ မတူတာကတော့ ဆုကို ဖွင့်ဖောက်ကြေငြာပြီးတာနဲ့ အကယ်ဒမီဆုရှင်ကို ချက်ခြင်း စင်ပေါ်ခေါ်ယူပြီး ရွှေစင်ရုပ်တုပေး၊ ပြီးတာနဲ့ အကယ်ဒမီဆုရှင်ရဲ့ အမှတ်တရစကားကို ပြောစေတာပါပဲ။
အရင်နှစ်တွေကတော့ ဆုရသူစာရင်း အားလုံးကို ဖွင့်ဖောက်ကြေငြာပြီး အကယ်ဒမီဆုရှင်တွေကို စင်မြင့်ပေါ် ထိုင်ခိုင်းပြီးမှ တယောက်ချင်းစီကို ရွှေစင်ရုပ်တုပေး၊ တယောက်ချင်းစီက အမှတ်တရ စကားပြောကြတာပါ။
အခမ်းအနားကျင်းပတဲ့ အချိန်စောတာက တကြောင်း၊ ဒီနှစ် ဆုပေးတဲ့ပုံစံကတော့ အခမ်းအနားအချိန် ကြန့်ကြာမှု မရှိတော့တာက တကြောင်းတို့ကြောင့် ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုတွေကနေ စောင့်ကြည့်ကြတဲ့ ရုပ်မြင်သံကြား ပရိသတ်အတွက် ၈ နာရီသတင်းမတိုင်ခင် အကယ်ဒမီရလဒ်တွေကို သိသွားကြရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေ တုန်းကတော့ အခမ်းအနားကို ညနေ ၆ နာရီ ၇ နာရီလောက်မှ ပုံမှန်စတင်လေ့ရှိပါတယ်။ အခမ်းအနား ကျင်းပချိန်ဟာလည်း ကြာမြင့်တာကြောင့် အစိုးရ ရုပ်မြင်သံကြားလိုင်းမှာ ည ၈ နာရီ သတင်းလွှင့်တဲ့ အချိန်ဆိုရင် အကယ်ဒမီပွဲ တိုက်ရိုက်လွှင့်တာကို ရပ်ဆိုင်းပြီး သတင်းကို အရင်လွှင့်၊ သတင်းအစီအစဉ်ပြီးမှ အကယ်ဒမီပွဲကို ပြန်လွှင့်တာမျိုးပါ။
“အခု ၈ နာရီတောင်မထိုးသေးဘူး အကယ်ဒမီပွဲက ပြီးပြီဆိုတော့ စောစောစီးစီး ဘယ်သူတွေ ရသွားလဲဆိုတာ သိလိုက်ရတာပေါ့။ အရင်ကတော့ သတင်းမပြီးမချင်း စောင့်ရတယ်။ တခါတလေ မစောင့်နိုင်လို့ အိပ်ပျော်သွားရင် မနက်ကျမှ သိရတာ” လို့ အကယ်ဒမီပွဲ တိုက်ရိုက်လွှင့်တာတွေကို စောင့်ကြည့်သူတယောက်က ပြောပါတယ်။
၂၀၁၁ ခုနှစ်အတွင်းမှာ ရုံတင်တဲ့ ရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့အထဲကနေမှ နောက်ဆုံး ဆန်ကာတင်အဆင့်မှာ ထာဝရ အလင်းတန်းများ၊ ပန်းကြာဝတ်မှုန်၊ ရင်ကွဲနာ၊ ဝဋ်ကြွေး ဆိုတဲ့ ရုပ်ရှင်ကား ၄ ကား ကျန်ရစ်ပါတယ်။
အဲဒီရုပ်ရှင်ကားတွေထဲကမှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဟာ ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု၊ အကောင်းဆုံး တေးဂီတဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုတွေ ဆွတ်ခူးခဲ့ပါတယ်။
၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီ ရွှေစင်ရုပ်တုတွေ ပွေ့ပိုက်သွားသူတွေကတော့ ထာဝရအလင်းတန်းများ ဇာတ်ကားက သရုပ်ဆောင် မယ်လိုဒီ၊ မျက်နှာသစ် သရုပ်ဆောင် နောင်နောင်၊ ဟာသသရုပ်ဆောင် မော့စ်၊ ဒါရိုက်တာ ထွန်းအောင်ဇော်၊ တေးဂီတ ဇော်မျိုးထွဋ်၊ တည်းဖြတ် ဟိန်းထက် (လယ်ဝေး)၊ ဇာတ်ညွှန်း မြင့်ဆောင်နဲ့ စိုးကျော်ဆန်းတို့ ဖြစ်ပါတယ်။
ဟာသ သရုပ်ဆောင် မော့စ်က သူ့ရဲ့ အနုပညာသက်တမ်း နှစ် ၅၀ ကျော်မှာ အကယ်ဒမီဆုကို အခုမှ ရတဲ့အတွက် ဝမ်းသာတဲ့အကြောင်း ဧရာဝတီကို ပြောပြပါတယ်။
“ငမော့ ဒီအကယ်ဒမီရုပ်ကြီးကို လိုက်ဖမ်းနေတာ အခုကျမှပဲ မိတော့တယ်။ ငမော့ရဲ့ ပရိသတ်ကြီးရေ ငမော့တာဝန်ကျေပါတယ်နော်။ ဒီဆုဟာ ငမော့ကို ပြည်သူလူထုက ပေးလိုက်တဲ့ဆုဖြစ်လို့ ကျေးဇူးတင်ပါတယ်” လို့ သူကပြောပါတယ်။
သရုပ်ဆောင် ချစ်စနိုးဦးက ရင်ကွဲနာ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု ရခဲ့ပါတယ်။
အကယ်ဒမီ တစ်ပြေးစာရင်းဝင် ပန်းကြာဝတ်မှုန် ဇာတ်ကားကတော့ ရုပ်ရှင်ဓာတ်ပုံဆုနဲ့ ရုပ်ရှင်အသံဆုကိုပဲ ရရှိခဲ့ပါတယ်။
ပန်းကြာဝတ်မှုန် ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ အများက ထင်ကြေးပေးခံခဲ့ရတဲ့ သရုပ်ဆောင် နိုင်းနိုင်းနဲ့ အကယ်ဒမီ သက်မွန်မြင့်တို့ကတော့ ဒီနှစ် အကယ်ဒမီရွှေစင်ရုပ်တုနဲ့ လွဲခဲ့ရပါတယ်။ အများမျှော်လင့်ထားတဲ့ ထာဝရ အလင်းတန်းများ ဇာတ်ကားထဲက ကလေး သရုပ်ဆောင်လေးတွေဟာလည်း အကယ်ဒမီဆုနဲ့ ဒီနှစ်မှာ လွဲခဲ့ပြန်ပါသေးတယ်။
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေကို ကြေညာမယ်လို့ ဆိုတုန်းမှာ သတင်းသမားတွေနဲ့ ပရိသတ်တွေ အားလုံးရဲ့ အာရုံစူးစိုက်မှုက သရုပ်ဆောင်နိုင်းနိုင်းနဲ့ သက်မွန်မြင့်တို့ ဆီမှာပဲ ရှိနေခဲ့ပြီး ဆုကြေညာချိန်မှာတော့ နောင်နောင် ဆုရတယ်၊ မယ်လိုဒီ ဆုရတယ် ဆိုတာနဲ့ သတင်းဓာတ်ပုံယူဖို့ သတင်းသမားတွေ အပြေးအလွှား နေရာပြောင်းကြတာ၊ ဆုရသူတွေကို အပြေးအလွှား သွားနှုတ်ဆက်ကြ၊ နောက်ကြပြောင်ကြတာတွေ ဟာလည်း အကယ်ဒမီပွဲတွေမှာ တွေ့ရလေ့ရှိတဲ့ မရိုးဆန်းတဲ့ မြင်ကွင်းတခုဖြစ်သလို အကယ်ဒမီပွဲ ပြီးပြီဆိုတာနဲ့ ရုပ်ရှင်ချစ်သူတွေကြားမှာ ဘယ်သူကတော့ အကယ်ဒမီရသင့်လျက်နဲ့ မရဘူး၊ ဘယ်သူကတော့ ရသင့်ရထိုက်လို့ ရတယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်စမြဲအတိုင်းပါပဲ။
“ကျမတို့က ပန်းကြာဝတ်မှုန်နဲ့ သက်မွန်မြင့်နဲ့ နိုင်နိုင်းတို့ရမယ်လို့ပဲ တအားမျှော်လင့်ထားခဲ့တာ။ သက်မွန်မြင့်ဆို သရုပ်ဆောင်ပိုင်း တအားကောင်းတယ်၊ သူ ထပ်ဆင့်အကယ်ဒမီ ကြိမ်းသေရမှာပဲလို့ ထင်ထားခဲ့တာ။ မယ်လိုဒီနဲ့ နောင်နောင်လည်း ထာဝရအလင်းတန်းများမှာ သရုပ်ဆောင်တာ ဆိုးတော့မဆိုးပါဘူး၊ ဒါပေမယ့် သိပ်တော့ အားမရဘူး” လို့ အကယ်ဒမီပွဲလာကြည့်တဲ့ ဒေါ်ညွန့်တင်က ပြောပါတယ်။
အကယ်ဒမီဆုတွေ နှစ်စဉ်ပုံမှန် ပေးအပ်နေပေမယ့်၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပုံမှန်ထုတ်လုပ်နေပေမယ့် အကယ်ဒမီပွဲကို စိတ်ဝင်စားမှု၊ အကယ်ဒမီပွဲအတွက် ခံစားမှုတွေကတော့ အရင်နှစ်တွေလောက် မရှိတော့ဘူး ဆိုတဲ့ ရုပ်ရှင်ချစ်သူတွေလည်း ရှိပါတယ်။
“ရုပ်ရှင်တွေမှာ အခုက နိုင်ငံခြားဇာတ်လမ်းတွေက ပိုပြီး ကြည့်ရတာ အရသာပိုတွေ့သလိုပဲ။ မြန်မာရုပ်ရှင်တွေကိုလည်း ကြည့်ဖြစ်ပေမယ့် ကိုယ်ရတဲ့ ရသက နိုင်ငံခြားရုပ်ရှင်တွေကို မမီဘူးလိုပဲ။ ကွာတာတွေတော့ အများကြီးပေါ့နော်။ သရုပ်ဆောင်တာတွေ ကတော့ တချို့တွေက တော်ကြပါတယ်။ ဒါပေမယ့် သိပ်တော့ အားမရဘူးပေါ့။ အကယ်ဒမီပွဲတွေကိုလည်း အရင်ကလောက်တော့ စိတ်ဝင်စားတဲ့ ခံစားချက်မရှိတော့ဘူး။ အခုပွဲကတော့ အိမ်နားလည်းနီးတာနဲ့ လာကြည့်ဖြစ်တာ” လို့ တာမွေကနေ အကယ်ဒမီပွဲလာတက်တဲ့ ဒေါ်မြမြဝင်းက ပြောပြပါတယ်။
သူက “ဒီဘက်နှစ်တွေမှာတော့ တချို့ဇာတ်ကားတွေ နည်းပညာပိုင်း အဆင့်မြင့်လာတာတွေ့တယ်။ ရုပ်ပုံပိုင်း၊ အသံပိုင်း စသဖြင့်ပေါ့လေ။ ကျန်တဲ့ သရုပ်ဆောင်ပိုင်း၊ ဇာတ်လမ်းပိုင်းတွေမှာကတော့ နိုင်ငံခြားဇာတ်ကားတွေကို အဆင့်မီဖို့ လိုသေးတယ်လို့ ပရိသတ်တယောက်အနေနဲ့ ထင်တယ်လေ။ ကိုယ့်ရဲ့ မြန်မာ့ရုပ်ရှင်တွေ၊ ကိုယ့်ရဲ့ မင်းသား၊ မင်းသမီးတွေ၊ ဒါရိုက်တာတွေကို ကိုယ့်နိုင်ငံက အကယ်ဒမီတင်သာမက နိုင်ငံတကာအဆင့်မီဆုတွေလည်း ရစေချင်တယ်” လို့ ဆိုပါတယ်။
“အဲ့ဒီအခန်းဖြတ်” ဆိုတဲ့ ဇာတ်လမ်းတိုနဲ့ လူသိများတဲ့ ဒါရိုက်တာဝိုင်း ကတော့ မြန်မာ့ရုပ်ရှင်အစည်းအရုံးဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်လာပြီလို့ ပြောလို့ရပေမယ့် ဆုရွေးချယ်ရေးစနစ်ကို သဲကွဲစွာ မသိရတာလည်း ရှိနေတုန်းပဲလို့ ဆိုပါတယ်။
“ကျနော်မြင်တာကတော့ ဘယ်လိုကြောင့်၊ ဘာကြောင့်ပေးတယ်ဆိုတဲ့ဟာ တခုကို သဲကွဲစွာ မသိရသေးဘူး။ ပြဿနာတခုက ဘာလဲဆိုတော့ အကျိုးပြုကား မို့လို့ ပေးတာလား၊ ဘာကြောင့်ပေးတာလဲပေါ့။ ဒါမျိုးတွေကတော့ နည်းနည်း တွေးစရာ ဖြစ်သွားတာပေါ့။ ဘာလို့လဲဆိုတော့ အနုပညာကို အနုပညာလိုပဲ စဉ်းစားစေချင်တယ်လေ” လို့ ဝိုင်းက ပြောပါတယ်။
သူက ဆက်ပြီးတော့ “တချို့နေရာတွေကို အားရပေမယ့် တချို့နေရာတွေမှာတော့ ဒီထူးချွန်ဆုနဲ့ ညီမညီဆိုတာကို ပြန် သုံးသပ်သင့်တယ်လို့ ထင်တယ်။ တချို့နေရာတွေမှာ မထူးချွန်ရင် မပေးတာကောင်းတယ်။ ဆုက တန်ဖိုးရှိစေချင်တယ်။ ကျနော် ဆိုလိုတာက ဆုအရေအတွက် ပြည့်ဖို့မဟုတ်ဘူး၊ အရည်အချင်းပြည့်ဖို့ပဲ အရေးကြီးတယ်” လို့ ဆိုပါတယ်။
မြန်မာ့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်အဆင့်အတန်း၊ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်မှုတွေဟာ နိမ့်ကျမှုတွေတော့ ရှိနေတုန်းပဲလို့ အခမ်းအနားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
“အဆင့်မီတဲ့ ရုပ်ရှင်စတူဒီယိုတွေမရှိ၊ ပညာရှင်ကလည်းရှား၊ နည်းပညာကလည်း ချို့တဲ့တာတွေကြောင့် မြန်မာ့ ရုပ်ရှင် အဆင့်အတန်းနိမ့်ကျနေတယ် ဆိုတာ ဝန်ခံရမှာပါ။ ပြန်လည်ဖွံ့ဖြိုးဖို့ဆိုတာ ခေတ်မီ စတူဒီယို၊ စက်ပစ္စည်းတွေ၊ နည်းပညာတွေ၊ ဒီလုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်နိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးဖို့ လိုသလို ရုပ်ရှင်လောကသားတွေ ကလည်း ဝိုင်းဝန်းကူညီဖို့ လိုနေပါတယ်၊ ကိုယ်ဖန်တီးလိုက်တာကို ကိုယ်ကပြန်ပြီး တာဝန်ယူဖို့လိုပါတယ်” လို့ ဦးဇင်ဝိုင်းက သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောခဲ့ပါတယ်။
၂၀၁၁ ခုနှစ်အတွက် ထူးချွန်ဆုရသူတွေကတော့ ရွှေစင်ရုပ်တုတွေ ပွေ့ပိုက်လို့ အိမ်အပြန် မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ အောင်ပွဲခံကြပါတော့မယ်။
လွတ်လပ်တဲ့ အနုပညာနဲ့ ဖန်တီးထားတဲ့၊ နိုင်ငံတကာအဆင့်မီတဲ့ ရုပ်ရှင်ကားတွေကို ကြည့်ရမယ့် အချိန်တွေတိုင်အောင်၊ မြန်မာ့ရုပ်ရှင်တွေ ဇာတ်ကားတွေ အော်စကာလို နိုင်ငံတကာဆုတွေ ဆွတ်ခူးမယ့် အချိန်တွေတိုင်အောင် မြန်မာ့ရုပ်ရှင် ချစ်သူတွေကတော့ ဒီနှစ်ပွဲမှာ ဘယ်သူနဲ့တော့ အတူတွဲ ဓာတ်ပုံရိုက်ခဲ့တယ်၊ ဘယ်သူ့ လက်မှတ်တော့ရခဲ့တယ်၊ ဘယ်သူ့ လက်မှတ်တော့ မရခဲ့ဘူး၊ ဘယ်သူဆုရတာ ဝမ်းသာတယ်၊ ဘယ်သူမရတာ ဝမ်းနည်းတယ် စသဖြင့်တွေကို စားမြုံ့ပြန် ပြောဆိုကြရင်း နောက်နှစ် အကယ်ဒမီပွဲတွေကိုလည်း ဆက်လက် စောင့်မျှော်နေကြအုံးမှာပါပဲ။