[irrawaddy_gallery]
ရုပ်ရှင်လောကမှာ ဆင်ဆာတွေ ဖြေလျှော့လိုက်ပြီ ဆိုသည်နှင့် ပေါများလာသည်က သရဲကားများပင် ဖြစ်သည်။
အခုဘဝမှာ အကုသိုလ်တွေ လုပ်တော့ နောင်ဘဝမှာ ဘယ်လို ငရဲခံရသည် စသည့် ဇာတ်လမ်းများကလည်း အလျှိုအလျှို ထွက်လာကြသည်။ ပရိသတ်တို့ အကုသိုလ် မလုပ်စေရန် နည်းပေးလမ်းပြခြင်း ဆိုလိုရင်း ဖြစ်ကြောင်း ရိုက်ကူးသူတို့က ပြောကြားကြသည်။ ကြက်၊ ဝက်၊ ခွေး၊ နွား ဇာတ်လမ်းစုံစွာလည်း တွေ့ရမြင်ရသည်။ အမှန် ဟုတ် မဟုတ်တော့ မသိ၊ ဖြစ်ရပ်မှန် ဆိုသည့် စကားလုံးကတော့ ဇာတ်ကားတိုင်း လိုလိုတွင် ပါသည်။
တကယ့်ကို စိတ်ဝင်စားဖွယ် ဇာတ်ကားများအား သူတို့မို့ စဉ်းစားတတ်သည်။ ဘယ်အချိန် ကတည်းက “ဥ” ထားကြသည့် ဇာတ်လမ်းတွေလဲမသိ၊ မြေမျိုသည့် အကြောင်းအရာတွေတင် မက အရှင်လတ်လတ်က ဘာဖြစ်သည်၊ ညာဖြစ်သည် အစရှိသဖြင့် ထူးထူးခြားခြား ဇာတ်ရုပ်များကို တီထွင်ဖန်တီးကာ ရိုက်ကူးကြသည်။ ယခင်က ရုပ်ရည် အရသော်လည်းကောင်း၊ သရုပ်ဆောင်မှု ပညာ အရသော်လည်းကောင်း ဘယ်သူဘယ်ဝါကမှ လာမငှားသဖြင့် မင်းသမီးဖြစ်ချင်သော်လည်း မင်းသမီး မဖြစ်လိုက်ရသူများ ယခုအချိန်တွင် စန်းထလာသည်။
သရဲကားများတွင် မင်းသမီးအဖြစ် သရုပ်ဆောင်ရသော်လည်း အထင်တော့ မသေးနှင့်၊ သူတို့ အစွမ်းအစများက ကလေးတွေကို ဇာတ်ဝင်ခန်း နာမည်တလုံး ပြောလိုက်ရုံနှင့် အငိုတိတ်ကြသည်။ မဆိုးရဲကြတော့ဟု မိဘများကပြောသည်။ ငါမနိုင်သည့် ကလေးများကို ခြောက်လှန့်နိုင်သည့် ဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်လိုက်သည့် အဆိုပါ မင်းသမီးမှာ သရဲကားများ ရိုက်ရလွန်းပြီး လက်မလည်ကြောင်း သိရသည်။ အဲဒီ မင်းသမီးကို အားကျပြီး ပရိသတ် အချစ်တော် မင်းသမီး လေးများပင် သရဲကားများအား မကြောက်မရွံ့ရိုက်လာကြသည်။ ဈေးကွက် လိုအပ်ချက်ဖြစ်သဖြင့် ညကြီးမိုးချုပ် သချႋုင်းမှ မပြန်တမ်း ရိုက်ရဲကြသည့် သတ္တိကိုလည်း ချီးကျူး ဂုဏ်ပြုစရာဖြစ်သည်။
နောက် ဆင်ဆာ လွတ်လပ်ခွင့် အပေါ် မူတည်သည်ဖြစ်စေ၊ မူမတည်သည် ဖြစ်စေ ယဉ်ကျေးမှုနှင့် မကိုက်ညီဟူသော ကိစ္စ တစ်ရပ်အရ မိန်းကလေးများက စတင် မနမ်းရကြောင်း အဆိုကို မြန်မာ့နာမည်ကြီး လူကြိုက် အလွန်တရာများသည့် မင်းသမီးက တင်သွင်းရာ ဒါရိုက်တာ နာမည်ကျော် လူရွယ်တဦး ဆွေ့ဆွေ့ခုန် တော့သည်။ သူ့ ဇာတ်ဝင်ခန်းက မင်းသမီးက မင်းသားကို အမှန်တကယ် နမ်းခိုင်းခြင်းမဟုတ်ကြောင်း ဖြေရှင်းသည်၊ မပြီးခင် ဗမာ မမြင်စေနဲ့ ဆိုသော စကားပုံက အလွန် မှန်ကန်နေကြောင်း သက်သေပြသည်။ ဖြစ်နိုင်ပါသည်၊ ဘာတခုမှ အကောင်အထည် မဖော်ရသေးဘဲ ဘလိုင်းကြီး ဖြေရှင်း နေရသော အလုပ်ကို သူ့ခမျာ လုပ်ဆောင်နေရသည်။ သို့သော် တခြား နာမည်ကျော် မင်းသမီးငယ်တဦးက အဲဒီ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ရန် ထပ်မံ လက်ခံလိုက်သည်။ မရိုက်ခင် ကတည်းက နာမည်ကြီးနေသော အဆိုပါ ဇာတ်လမ်းက ဘယ်လို ထွက်လာမည်တော့မသိ၊ အခုအချိန်မှာတော့ အနည်းငယ်ငြိမ်သက်သွားပြန်သည်။ မည်သို့မည်ပုံ ရိုက်ကူးမည်ကို လူတိုင်း စိတ်ပါဝင်စား နေကြကြောင်း သတင်းရရှိသည်။ မရိုက်ကူးခင် ကတည်းက နာမည်ကြီး စေရန် ထိုနည်းလမ်းလည်း ရှိသဖြင့် တခြား အနုပညာ လောကသားများက စိတ်ပါဝင်စားလျှက် ရှိသည်။
ရုပ်ရှင်လောကသားတို့က မြန်မာဇာတ်ကားများကို ကိုယ်တိုင်တီထွင် ဖန်တီးမှုဖြင့် ရိုက်ကူးလျှင် လူကဲ့ရဲ့ခံရမည် စိုးသည်ဟု ယူဆကြပုံရသည်။ ယင်းအတွက် နိုင်ငံတကာမှ ဇာတ်လမ်းများကို စုတုပြု ကူးယူကြသည်။ ယင်းသို့ ကူးယူခဲ့ရာတွင် အံ့သြစရာ ကောင်းလောက်အောင် ထပ်တူကျစွာ ရိုက်ကူးပြီး ထွက်ရှိလာသည့် ဇာတ်ကားများပင် ရှိသည်။ တကားလည်း ဒီဇာတ်၊ နောက်တကားလည်း ဒီဇာတ်၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး သာ ကွဲပြားသွားသည် ဇာတ်ကျောရိုးအတူတူ။ တိုက်ဆိုင်စွာ ကြည့်မိတော့ တကယ့်ကို သြချရသည်။ သြော် … ငါတို့ အကယ်ဒမီ မင်းသားကြီးတွေရဲ့ ချစ်ခင် ရင်းနှီးမှုမှာ အတိုင်းထက် အလွန်ဖြစ်ရကြောင်း သုံးသပ်ရသည်။ သူတို့မို့လို့ ယင်းသို့ ဆင်တူ သရုပ်ဆောင်ချင် သကိုး ဇာတ်ရုပ်တခုနဲ့ တခု ထပ်တူကျစွာ သရုပ်ဆောင် ထားသော မင်းသားကြီး နှစ်ဦးက သူတို့ ဇာတ်လမ်းတွေကို တယောက်တပြန် လေ့လာ မကြည့်ကြဘူးလား စဉ်းစားမိသည်။
တိုက်ဆိုင်စွာ ငှားရမ်း ကြည့်ရှုမိသည့် ပရိသတ်များလည်း မျက်စိလည်ကုန်သည်။ နောက်များတွင် ယင်းသို့ နိုင်ငံခြား ဇာတ်ကား ကျောရိုးကို ယူပြီးရိုက်ပါလျှင် အရင်ဆုံး စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ဖို့ လိုမည်ထင်သည်။ ဒါရိုက်တာများ အတွက် တရားဝင် ကြေညာပြီးမှသာ ဇာတ်ကားရိုက်ဖို့ အကြံပေးလိုသည်။ ချစ်လှစွာသော ပရိသတ်ကြီးက ဒီလောက်တော့ မညံ့ကြ။
ထို့အပြင် မူပိုင်ခွင့်ကို အလေးထားသည့် အရှေ့တောင်အာရှ နိုင်ငံ တနိုင်ငံတွင် အဆိုပါ ဇာတ်ကားများကို “မြန်မာ့ရုပ်ရှင်” ဟု ဆိုကာ သွားရောက် ပြသမိလျှင်လည်း အရှက်တော်များ ကွဲနိုင်သေးသည်။
လွန်ခဲ့သည့် လေးငါးနှစ်က မင်းသမီးငယ်တဦး ပြောခဲ့သည့် စကားသံကို အခုထက်ထိ ကြားယောင်မိသည်။ သူက အခုဆိုလျှင် အကယ်ဒမီ မင်းသမီးဖြစ်နေပြီ။ သူ့ဇာတ်ကားများကို သူ ပြန်ကြည့်လျှင် သူသရုပ်ဆောင်သည့် အခန်းမှ လွဲပြီး ကျန် ဇာတ်ဝင်ခန်းများကို လုံး၀ ကြည့်လေ့မရှိဟု ပြောပြခဲ့သည်။ မှတ်သားလောက်ပါ ပေသည်။ အခုလည်း အကယ်ဒမီရ မင်းသား ရင့်မကြီးတို့ ယင်းမင်းသမီးထုံး နှလုံးမူခဲ့ကြဟန်တူသည်။
တလတွင် ၃ ကားနှှုန်းသာ ရိုက်ကူးရန် သတ်မှတ်လိုက်သောအခါ ယင်းဒုက္ခများ ကင်းလွတ်နိုင်ကြ ပါစေကြောင်း ဆုတောင်း မိသည်။ ရုပ်ရှင်လောကတွင် လိုအပ်ချက် များစွာရှိသည်ဆိုရာတွင် နောင်တော်ကြီးများ ပြောပြောနေသည့် နည်းပညာ တခုတည်းတင်မဟုတ်၊ လူ့စွမ်းအား အရင်းအမြစ်၊ အရည်အသွေး များစွာလည်း လိုအပ်ချက်ရှိကြောင်း သိကြဖို့ လိုမည်ထင်သည်။
ကြောက်စရာ ကောင်းသည့် ဇာတ်ကားများ ရိုက်ကူးနေရုံ၊ နိုင်ငံခြားဇာတ်လမ်းကို ကူးချနေရုံ၊ အဝတ်အစား လွတ်လပ်မှုကို ရှေ့တန်းတင်ရုံ၊ အပြုအမူ လွတ်လပ်မှုကို အသားပေးရုံမျှဖြင့် မြန်မာ့ရုပ်ရှင် အရှေ့တောင်အာရှ ဈေးကွက်ဝင်ရန် အလားအလာ ကောင်းများ မတွေ့ရ။
အိုပါးတို့ဆီက စာတမ်းထိုး ဇာတ်ကားများကို မျက်ရည်ပေါက် ကြီးငယ်ကျအောင် အားပေးနေကြသည့် အမျိုးသမီး ပရိသတ်ထုကြီးကို သနားငဲ့ညှာသော အားဖြင့် ကိုယ့်ဘာသာ စကားဖြင့် ပီပြင်စွာ ပြောဆို သရုပ်ဆောင်ကြရင်း၊ ဒါမှ မြန်မာ့ ရုပ်ရှင်ဟု ဂုဏ်ယူနိုင်ကြစေရန် ကြိုးပမ်းကြရင်း အနိမ့်ဆုံးအဆင့် အဖြစ် မြန်မာ့ရုပ်ရှင် အရှေ့တောင်အာရှဆီ ခြေလှမ်းသစ် လှမ်းတက်နိုင်ကြပါစေဟု စေတနာကောင်းဖြင့် မီးမောင်းထိုးပေးခြင်းသာ ဖြစ်ပါသည်။