ပရိသတ် တောင်းဆိုမှုများလျှင် အိုပါဂမ်းနမ်းစတိုင် သီချင်းဖြင့် ကမ္ဘာကျော်နေသူ PSY ကိုလည်း မြန်မာနိုင်ငံတွင် ရှိုးပွဲ တင်သွင်းပေးရန် အစီအစဉ်ရှိကြောင်း မိုက်ကယ်လန်း (MLTR) ပွဲစီစဉ်သူ Friendship Entertainment မှ ဒေါက်တာ သူရကျော်လင်းက ပြောသည်။
Friendship Entertainment မှ ပြည်ပ တေးသံရှင်များအား ဖိတ်ခေါ်၍ တနှစ်လျှင် ရှိုးပွဲ ၃ ပွဲခန့် ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာပရိသတ် ရင်းနှီးကျွမ်းဝင်ပြီးသော ကမ္ဘာကျော် အနုပညာရှင်များကိုသာ ရွေးချယ်ဖိတ်ကြားမည် ဖြစ်ကြောင်း၊ နှစ်စဉ် ပထမ ၃ လတွင် တပွဲ၊ မိုးရာသီတွင် Indoor ပွဲတပွဲနှင့် ဆောင်းရာသီတွင် တပွဲ ကျင်းပပေးနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ လောလောဆယ် ၆ ယောက်လောက် ရွေးထားပါတယ်။ အတိအကျ မပြောသေးဘူဆိုတာက လွဲချော်မှုတွေ ရှိရင် ပါးစပ်အပြောပဲ ဖြစ်နေမှာစိုးလို့ပါ။ နှစ်စဉ်ပွဲကျင်းပပေးဖို့တော့ သေချာပါတယ်။ မြန်မာ ပရိသတ် အသိများတဲ့ အဆိုတော်တွေပဲ ထည့်မှာပါ။ အိုပါဂမ်းနမ်းစတိုင် ဆိုတဲ့ PSY ကိုလည်း ထည့်ဖို့ ရည်ရွယ်ထားပါတယ်။ ပရိသတ် စိတ်ဝင်စားမှုများတဲ့ ပြည်ပ အနုပညာရှင်တွေကို ကြိုးစားပြီး ဖိတ်ခေါ်မှာပါ” ဟု ဒေါက်တာ သူရကျော်လင်းက ပြောသည်။
MRTL ရှိုးပွဲသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပြည်ပအနုပညာရှင် ဖျော်ဖြေပွဲဖြစ်ပြီး ယင်းရှိုးပွဲကို ၂၀၁၂ ဒီဇင်ဘာ ဒုတိယ ပတ်က ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း လိုအပ်ချက်များကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ရကြောင်း Friendship Entertainment မှ ဒေါက်တာ ရဲသူဆွေထံမှ သိရသည်။
ပြည်ပ အနုပညာရှင်များထဲတွင် PSY၊ ဂျနီဖာလိုပက်ဇ်၊ လေဒီဂါဂါ၊ အဒဲလ်၊ Rain၊ ဆီလင်းဒီယွန်၊ အယ်ဗရာယ်လာဗင်း၊ Big Bang၊ မိုင်လီဆိုင်းရပ်စ်၊ Maroon 5၊ တေလာဆွဖ်၊ ခရန်ဘယ်ရီ၊ ကိုးပလေး၊ အစရှိသည့် တေးသံရှင်များ၊ တီးဝိုင်းများကို မြန်မာပြည်တွင် ရှိုးပွဲသွင်းစေချင်ကြောင်း အသက် ၂၀ မှ ၃၀ အတွင်းရှိ အမျိုးသမီးနှင့် အမျိုးသား ၁၃ ဦးတို့ထံ မေးမြန်းချက်များ အရသိရပြီး PSYကို ပထမဦးစားပေး အားပေး ကြည့်ရှုချင်ကြောင်း ၎င်းတို့က ပြောကြသည်။
Friendship ကုမ္ပဏီသည် Car Showroom ကဲ့သို့ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ပြီး ၂၀၁၂ တွင် Entertainment လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ အကျိုးတူ ပူးပေါင်းလုပ်ကိုင်လိုသူများနှင့်လည်း လက်တွဲသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူ ဒေါက်တာ ရဲသူဆွေထံမှ သိရသည်။
အသက် ၃၅ နှစ်အရွယ် PSY သည် အိုပါဂမ်းနမ်းစတိုင် သီချင်းဖြင့် ကမ္ဘာကျော်ခဲ့ပြီး ၂၀၁၃ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော ၅၅ ကြိမ်မြောက် အမေရိကန်နိုင်ငံ ဂရမ်မီဆုပေးပွဲတွင် လူကြည့်အများဆုံး ဆုကိုလည်း ရခဲ့သူဖြစ်သည်။ ဟန်းဖုန်း Ring Tone အသုံးပြုမှု၊ U Tube တွင် ပရိသတ် အများဆုံး ကြည့်ရှုမှု၊ Download ကူးယူမှု အများဆုံး သုံးစွဲခံရသော သီချင်း အဖြစ်လည်း ၂၀၁၂ တွင် ဂင်းနစ် စံချိန်ဝင်ခဲ့သူဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမားသည်လည်း PSY ၏ Fun တဦးဖြစ်ကြောင်း၊ ဥရောပ အနှံ့တွင်လည်း ဖျော်ဖြေခဲ့ပြီး ကမ္ဘာကျော် တေးသံရှင်များနှင့် တွဲဖက်သီဆိုနေသူဖြစ်ကြောင်း သိရသည်။
PSY တွင် မြန်မာပရိသတ်လည်း အများအပြားရှိနေပြီး အိုပါမြန်မာစတိုင်ဟူ၍ အတုခိုး ရိုက်ကူးမှုများ ရှိသည်။ ထို့အပြင် အိန္ဒယ အစရှိသည့် တခြားသော နိုင်ငံတို့ကလည်း အလားတူ ရိုက်ကူးကြသည်။