[irrawaddy_gallery]
မတ်လ ၃၁ ရက်နေ့ တနင်္ဂနွေညက အနောက်နိုင်ငံရဲ့ နာမည်ကြီး တေးဂီတ အဖွဲ့တခုဖြစ်တဲ့ Micheal Learns To Rock (MLTR) အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ် တေးဂီတ ဖျော်ဖြေမှု တခုပြုလုပ်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော် ကာလအထိ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ တေးဂီတအဖွဲ့တွေနဲ့ အဆက်အသွယ် မရှိသလောက် ဖြစ်ခဲ့ပေမယ့် အစိုးရသစ် လက်ထက် အခုလိုအချိန်မှာ နိုင်ငံတကာက စီးပွားရေး အခွင့်အလမ်းများစွာ ဝင်ရောက် လာသလို၊ နိုင်ငံတကာ အနုပညာရှင်တွေ၊ တေးဂီတ အဖွဲ့တွေဟာလည်း မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေဖို့ စိတ်ဝင်စား ခဲ့ကြပြီ ဖြစ်ပါတယ်။
MLTR အဖွဲ့ရဲ့ သီချင်းတွေက မြန်မာ ပြည်သူပြည်သားတွေနဲ့ သိပ်မစိမ်းသလို၊ ဒီလိုမျိုး ပြည်ပတေးဂီတ အဖွဲ့က မြန်မာကို လာရောက် ဖျော်ဖြေတဲ့အပေါ် ပရိသတ်များစွာက စိတ်ဝင်စားကြတာပါ။
ရှိုးပွဲကို စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက် ပွဲကျင်းပတဲ့ သူတွေက ကျပ် ၂၀၀၀၀ တန် ငွေအဆင့်လက်မှတ်၊ ၃၅၀၀၀ တန် ရွှေအဆင့်လက်မှတ်၊ ၉၉၀၀၀ တန် ဗီအိုင်ပီ လက်မှတ်တွေကို ရောင်းချခဲ့ပေမယ့်လည်း ဖျော်ဖြေပွဲ လက်မှတ်က တော်ရုံလူ မဝယ်နိုင်တဲ့ အခြေအနေဖြစ်နေ ဖြစ်နေတော့ ဖိတ်ကြားခံရတဲ့ ဗီဗီအိုင်ပီ ပုဂ္ဂိုလ်တွေ၊ သတင်းမီဒီယာအဖွဲ့တွေ၊ အနုပညာရှင် တွေနဲ့အတူ ငွေကြေးတတ်နိုင်တဲ့ ပုဂ္ဂိုလ်တချို့လောက်ပဲ ဝယ်ယူကြည့်ရှုခဲ့ပုံ ရပါတယ်။ ဗီအိုင်ပီခုံတွေမှာ လူ သုံးပုံတပုံ လောက်ပဲရှိပြီး အနောက်ဘက်က ငွေအဆင့်၊ ရွှေအဆင့်တွေမှာလည်း လူကမပြည့်ပါဘူး။ စုစုပေါင်း ၁ ထောင်ကျော်ကျော် လောက်ပဲ အားပေးသူရှိမယ်လို့ ခန့်မှန်းရပါတယ်။
ပွဲအပြင်ဘက်မှာတော့ ရဲလုံခြုံရေး၊ လုံခြုံရေးကုမ္ပဏီက ဝန်ထမ်းတွေနဲ့ ရှိုးပွဲရဲ့လုံခြုံရေးကို အပြည့်အဝ ပေးထားပါတယ်။ ရှိုးပွဲ ထဲ ဝင်ဖို့ကိုလည်း ငွေအဆင့်၊ ရွှေအဆင့်၊ ဗီအိုင်ပီ၊ ဗီဗီအိုင်ပီ လက်မှတ်တွေ အတွက် နေရာအပြင် ဝင်ပေါက်ထွက်ပေါက် ကိုပါ သီးသန့် လုပ်ထားတယ်။
ငွေအဆင့်နဲ့ ရွှေအဆင့် လက်မှတ် ဝယ်ယူကြည့်ရှုကြတဲ့ ပရိသတ်တွေကတော့ ရှိုးပွဲပြုလုပ်ရာ ကွင်းကျယ်ကြီးရဲ့ နောက်ဘက် မရောက်တရောက် မြက်ခင်းပြင်ပေါ်မှာ မတ်တပ် အနေအထားနဲ့ပဲ ကြည့်ရှုရတာပါ။ တချို့ကလည်း ၃၅၀၀၀ ကျပ် တောင် ပေးထားရတဲ့ လက်မှတ်က မတ်တပ်ကြည့်ရတာဆိုတော့ သိပ်ပြီးတော့ အဆင်မပြေဘူးလို့ ပြောနေကြပါတယ်။
ပွဲမစခင်မှာ ဗီဗီအိုင်ပီနဲ့ ဗီအိုင်ပီသမားတွေက ခုံတွေမှာ နေရာယူကုန်ကြသလို ရွှေနဲ့ ငွေအဆင့်တွေကလည်း မြက်ခင်းပြင်ပေါ် ကိုယ်စီကိုယ်စီ ထိုင်နေကြရင်း ပွဲစမယ့်အချိန်ကို စောင့်ဆိုင်းနေကြပါတယ်။ ညနေ ခြောက်နာရီ ၄၅ မိနစ်လောက်မှာတော့ လေးဇီးကလပ် တေးဂီတအဖွဲ့က မြန်မာနိုင်ငံတော် သီချင်းကို တီးခတ်ရင်း စင်မြင့်ထက်ကို ရောက်ရှိလာပါတယ်။ အဲဒီ အချိန်မှာပဲ စင်အောက်က ပရိသတ်အားလုံးက တညီတညွတ်တည်း ပရိုဂျက်တာက ပြသနေတဲ့ နိုင်ငံတော်အလံကို ဦးညွတ်ပြီး နိုင်ငံတော်သီချင်း ပြီးဆုံးသည်အထိ မတ်တပ်ရပ် ငြိမ်သက် အလေးပြုကြပါတယ်။
အဲဒီနောက်မှာတော့ အစီအစဉ်တင်ဆက်သူ အိမ့်ချစ်နဲ့ တင်မိုးလွင်တို့က ပရိသတ်တွေကို စတင်နှုတ်ဆက်စကားပြောရင်း ရှိုးပွဲ ကို စတင်လိုက်ပါတယ်။
ပြည်ပ အဆိုတော်တွေမသီဆိုခင် မြန်မာနိုင်ငံက နာမည်ကြီး ရော့ခ်စတား ဖြူဖြူကျော်သိန်းက သူ့ရဲ့ အယ်လ်ဘမ်သစ်ထဲက သီချင်းတပုဒ်နဲ့ ဖန်စီဒိုင်း၊ ကြောင် အစရှိတဲ့ ရော့ခ်သီချင်း ငါးပုဒ်ကို ပါဖောမန့်စ် အပြည့်နဲ့ အားရပါးရ သီဆိုသွားပါတယ်။ စင်အောက်က ပရိသတ်တွေကလည်း ဖြူဖြူကျော်သိန်း ဆိုသမျှကို လက်ခုပ်တီးအားပေးသလို တချို့ ပရိသတ်တွေက စည်းချက်အလိုက် ကခုန်ပျော်မြူးနေကြတာ တွေ့ရပါတယ်။
“အနောက်နိုင်ငံက နာမည်ကြီး အဆိုတော်တွေကို လက်ဆွဲနှုတ်ဆက်ရတော့ … သြော်၊ နာမည်ကြီးတွေရဲ့ လက်တွေ ဆိုတာ ဒါမျိုးကိုးလို့ တွေးမိတယ်” လို့ ဖြူဖြူကျော်သိန်းက ပရိသတ်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခုလိုမျိုး ပြည်ပက နာမည်ကြီး အဆိုတော်တွေ လာရောက်သီဆိုဖို့ ဆိုတာ အိပ်မက်တောင် မမက်ခဲ့ဖူးဘူးလို့လည်း သူက ထပ်ပြောပါသေးတယ်။
ဖြူဖြူကျော်သိန်းက သီချင်းငါးပုဒ်ကို ဆက်တိုက်သီဆိုပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံရဲ့ ရော့ခ်စတား တဦးဖြစ်တဲ့ ဇော်ဝင်းထွဋ်ကလည်း သူရဲ့ ကျော်ကြားခဲ့တဲ့ ရော့ခ်သီချင်း ၁၀ ပုဒ်ကျော်နဲ့ ပရိသတ်တွေကို တနာရီနီးပါး ဆက်တိုက် သီဆို ဖျော်ဖြေသွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ရော့ခ်စတား နှစ်ဦးက ဆက်တိုက်ဖျော်ဖြေပြီးတော့ MLTR အဖွဲ့ကို သီဆိုဖို့ အစီအစဉ်တင်ဆက်သူ တင်မိုးလွင်နဲ့ အိမ့်ချစ်တို့က “MLTR … MLTR … MLTR” ဆိုပြီး ပရိသတ်တွေနဲ့ အတူ စင်ပေါ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။
မိုက်ကယ်လန်း အဖွဲ့သားတွေကတော့ စင်ပေါ်ကို မိနစ် ၂၀ လောက်ကြာမှ တက်လာခဲ့ပါတယ်။ စင်ပေါ်ရောက်တော့ မိုက်ကယ်လန်းက Sleeping Child လို့ အမည်ရတဲ့ သူတို့အဖွဲ့ရဲ့ နာမည်ကြီးသီချင်းတပုဒ်ကို စတင်သီဆိုပါတယ်။
အဲဒီသီချင်း သီဆိုမှုအပြီးမှာတော့ “မြန်မာနိုင်ငံ … မင်္ဂလာပါ” ဆိုပြီး မြန်မာသံနဲ့ ပရိသတ်တွေကို နှုတ်ခွန်း ဆက်လိုက်ပါတယ်။
သူတို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက် ဖျော်ဖြေရတာ ဝမ်းသာတဲ့အကြောင်း၊ အကောင်းဆုံး ဖျော်ဖြေသွားမှာပါ ဆိုတဲ့ အကြောင်း ပြောဆိုပြီးတော့ အသစ်ထွက်ရှိမယ့် တေးအယ်ဘမ်ထဲက သီချင်းသစ်တပုဒ်ကို ပရိသတ်တွေကို ဖျော်ဖြေ သွားပါတယ်။
မြန်မာနိုင်ငံက အဆိုတော် တချို့က MLTR အဖွဲ့ရဲ့ သီချင်းတွေကို သံစဉ်နဲ့ ဘာသာပြန် သီဆိုခဲ့မှုတွေ၊ ကော်ပီရေးပြီး သီဆိုမှုတွေ ရှိတဲ့အပေါ် မိုက်ကယ်လန်း အဖွဲ့သားတွေအနေနဲ့ ဂုဏ်ယူမိတယ်၊ ကမ္ဘာပေါ်မှာ နာမည်ကြီးသီချင်းတွေ ထောင်သောင်းမက ရှိနေပေမယ့် မြန်မာနိုင်ငံက သူတို့အဖွဲ့ရဲ့ သီချင်းတွေကို ရွေးချယ်သီဆိုပေးခဲ့ တဲ့အပေါ် ကျေးဇူး တင်မိတယ်လို့ မိုက်ကယ်လန်းစ် အဖွဲ့သား Mikkel Lentz က ပြောပါတယ်။
နောက်တော့ ရှိုးပွဲကို လာကြည့်တဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း သီချင်းတပုဒ် သီဆိုပြီးတဲ့အခါတိုင်း တခါ ပြောပါတယ်။
မိုက်ကယ်လန်း အဖွဲ့ကတော့ သူတို့ရဲ့ မြန်မာနိုင်ငံ သီချင်းဖျော်ဖြေမှု ခရီးစဉ်မှာ မြန်မာပရိသတ်နဲ့ သိပ်မစိမ်းတဲ့ သီချင်း အပုဒ် ၂၀ ကျော်ကို အားရပါးရ ဖျော်ဖြေသွားခဲ့ပါတယ်။ သူတို့အနေနဲ့ နောက်ထပ် အခွင့်အရေးတွေ ရဦးမယ်ဆိုရင်လည်း မြန်မာနိုင်ငံကို ထပ်လာချင်သေးတယ်လို့ ပြောသွားပါသေးတယ်။