မစပ်စုတိုရဲ့ မြန်မာ့နှစ်သစ်ကူး ရိုးရာ အတာသင်္ကြန်ကာလကို ရောက်လုနီးလာပြီဆိုရင် သဘာဝရဲ့ အလှတရားတခုအနေနဲ့ သင်္ကြန်ရဲ့ အငွေ့အသက်တွေဖြစ်တဲ့ ပန်းပိတောက်တို့ရဲ့ ရနံ့၊ ဝါထိန်နေတဲ့ ငုဝါပန်းတို့ရဲ့ အလှတွေကို ရိုးရာမပျက် ခံစားကြရစမြဲပါ။ ဒီ သဘာဝတရားတွေက သင်္ကြန်ပိုးရှိသူတို့ရဲ့ စိတ်ကို ကြီးငယ်လတ် မရွေး မရိုးမရွ ဖြစ်လာအောင် လှုံ့ဆော် ပေးလိုက်တဲ့ အရာတွေဆိုလည်းမမှားသလို တူးပို့ သံတွေ ညံနေတဲ့ ရိုးရာသင်္ကြန်သီချင်းသံတွေ၊ ခေတ်ပေါ် သင်္ကြန်သီချင်းသံ တွေဟာလည်း သင်္ကြန်ရောက်တော့မှာပါလား ဆိုတဲ့ အတွေးကို လှုပ်နိုးပေးလိုက် သလိုပါပဲ။
ဒီလို ဂီတ သံစဉ်တွေ သဘာဝအလှတရားတွေ အပြင် သင်္ကြန်ရဲ့အငွေ့အသက်ကို ဖော်ဆောင်ပေးပြန်တဲ့ သင်္ကြန် နောက်ခံ ဇာတ်ကားတွေဟာလည်း သင်္ကြန်ပိုးသမားများအတွက် သင်္ကြန်မတိုင်ခင် ကြိုတင် အလွမ်းပြေအနေနဲ့ ခါတော်မီ ရာသီစာလေး ခံစားကြရတာ သင်္ကြန်ရဲ့ အမှတ်တရ တခုဆိုရင် မမှားပါဘူး။
မြန်မာပြည်သူတွေ အနေနဲ့ မတ်လကုန် ဧပြီလ ကူးပြီဆိုရင် ဟိုးယခင် သင်္ကြန်နောက်ခံဇာတ်ကား အဟောင်းတွေလည်း ပြန်ခံစားရင်း၊ ဘယ်လို အသစ်တွေ ထွက်လာမလဲဆိုတာ မျှော်တလင့်လင့် စောင့်စားခဲ့ကြတာ သိပ်မကြာသေးတဲ့ ကာလ လောက်အထိဆိုရင် မှားမယ်မထင်ပါဘူး။
အခုလက်ရှိ နောက်ပိုင်းကာလတွေမှာတော့ တဖြည်းဖြည်းနဲ့ သင်္ကြန်သီချင်း သင်္ကြန်ဇာတ်ကားတွေကို ပရိသတ်တွေ မျှော်လင့်မှုနှုန်းဟာ မသိမသာ ပြောင်းလဲမှန်းမသိ ပြောင်းလဲ လာခဲ့ပါတော့တယ်။ အဲဒီလို ပရိသတ်တွေရဲ့ မျှော်လင့်မှု အားလျော့နည်း လာတဲ့နောက် သင်္ကြန် နောက်ခံဇာတ်ကား များဟာလည်း တနှစ်ထက်တနှစ် နည်းသထက် နည်းလာခဲ့တာ အခုနှစ်ဆိုရင် “တန်ခူးရင်ခွင်” ဆိုတဲ့ သင်္ကြန် နောက်ခံဇာတ်ကား တကားသာ ထွက်လာခဲ့တော့တာပါပဲ။
သင်္ကြန် ဇာတ်ကားများနည်းတူ သင်္ကြန်သီချင်းအခွေများ အသစ်ထွက်ရှိမှုဟာလည်း ဒီနှစ်မှာ အတော်လေး နည်းသွားခဲ့ပါတယ်။ ခိုးကူးတွေရန်ကို ကြောက်လို့လားတော့ မပြောတတ်ပါဘူး။
ရုပ်ရှင် ဗီဒီယိုလောကကို ပြန်ကြည့်လိုက်တော့ သင်္ကြန်နောက်ခံ ရုပ်ရှင်ဇာတ်ကား ဆိုတာ မစပ်စုတို့တိုင်းပြည်နဲ့ အတော်လေး ဝေးလာခဲ့တာ ကြာပြီဆိုတော့ ဒါကို ထားလိုက်ဦး၊ သင်္ကြန်နောက်ခံ ဗီဒီယို ဇာတ်ကားတွေဟာ ဘာကြောင့် နည်းသထက် နည်းရာကနေ တကားသာ ထွက်လာတော့ရတာလဲ ဆိုတာကို မစပ်စုလည်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို စပ်စုကြည့်မိပါတယ်။
အစစအရာရာ ကုန်ဈေးနှုန်းကြီးနေတဲ့ မစပ်စုတို့ တိုင်းပြည်ကြီးမှာ သာမန် ဇာတ်ကားတွေထက် ရိုက်ကူးမှု ကုန်ကျစရိတ် နှစ်ဆပိုနိုင်တဲ့ သင်္ကြန်နောက်ခံ ဇာတ်ကားတွေကို ထုတ်လုပ်သူတွေ ဘက်က ရိုက်ကူးမှု အားနည်းလာတာလည်း တခု အပါအဝင်ဖြစ်ပြီး တစတစနဲ့ ပျက်စီးလာခဲ့တဲ့ နယ်မြို့တွေရဲ့ ဗီဒီယိုဈေးကွက်ရဲ့ အနေအထားတွေကြောင့်လည်း ပါတယ်လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
“သင်္ကြန်ဇာတ်ကားသည် ရိုးရိုးသာမန်ဇာတ်ကားထက် ပိုပြီး ကုန်ကျစရိတ်များပါတယ်။ ကျနော်တို့ တက်လာစဉ် ကာလတည်းက ဈေးကွက် အခြေအနေက ယိုင်နေပါတယ်။ ကျနော်တို့က ဒါကို ပြန်ကောင်းအောင် လုပ်နိုင်တဲ့ အဆင့်ထက် ပိုယိုင်မသွားအောင် မနည်း ကျားကန်နေရတာပါ။ ရုပ်ရှင်ဆိုတာကို ဘေးဖယ်ထားပါဦး။ ဗီဒီယိုလောက ကောင်းလာဖို့ ကျနော်တို့ နိုင်ငံမှာ ဘာအဓိက လိုလဲဆိုတော့ တရားဥပဒေ စိုးမိုးဖို့လိုတယ်လို့ ပြောရမှာ။ တရားဥပဒေစိုးမိုးလို့ ကျနော်တို့လောကကို ဥပဒေနဲ့အညီ ကာကွယ် ပေးနိုင်မယ်ဆိုရင် ကျနော်တို့လောကက ကောင်းပါပြီ။ အဓိကကတော့ ခိုးကူးခွေ ပြဿနာက အကြီးအကျယ်ပါ။ ဒီကြားထဲမှာ အရှေ့မှာ ဖြစ်ခဲ့တဲ့ ကချင် ပဋ္ဋိပက္ခမှာ ကချင်ပြည်နယ် တခုလုံး ဈေးကွက်ပျက်သွားပါတယ်။ ရခိုင် ပဋ္ဋိပက္ခကြောင့် ရခိုင်ပြည်နယ် တခုလုံး ဗီဒီယိုဈေးကွက်ပျက်သွားပါတယ်။ ဒီကြားထဲ မြန်မာပြည် အလယ်ပိုင်းမှာ သဘာ၀ ဘေးအန္တရယ် ငလျင်ဒဏ် ကြုံလိုက်တဲ့ အခါမှာလည်း ဈေးကွက်ပျက်ရတာပါပဲ။ အခုဆိုရင် ပဲခူတိုင်း အနောက်ဘက်ခြမ်း တခြမ်းလုံးနဲ့ မန္တလေးတိုင်းရဲ့ အသည်းနှလုံး ဖြစ်တဲ့ မိတ္ထီလာဆိုတာ လုံး၀ ပျက်စီးသွားပါပြီ။ ဒီတော့ ဈေးကွက်က ကောင်းမလာတဲ့အပြင် ရှိတာပါ လုံးဝပဲ့ပြီး ပျက်စီးသွားတယ်။ သာမန် ဇာတ်ကားတွေတောင်မှ ပွတ်ကာ သီကာလေး နေကြရတဲ့ အခြေအနေမျိုးမှာ သင်္ကြန်ဇာတ်ကားမျိုးလို ငွေကြေးကို ထပ်မံ ကုန်ဖို့ဆိုတာ ထုတ်လုပ်သူတွေ အနေနဲ့ ဒီအခြေအနေ မျိုးမှာ မလုပ်ရဲကြတော့တာပါ” လို့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌက သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။
ယခင်က ဇာတ်ကားတွေကို တိပ်ခွေနဲ့ ကြည့်ရတဲ့ ခေတ်ကာလတွေမှာဆို သင်္ကြန်နားနီးရင် ထုတ်လုပ်သူတွေအနေနဲ့ သင်္ကြန်ဇာတ်လမ်း မရွေး၊ မင်းသားမင်းသမီးမရွေး ရိုက်ကူးကြတဲ့ ခေတ် ကာလတခုရှိခဲ့ပေမယ့် အခုနောက်ပိုင်း သင်္ကြန် ဇာတ်ကားတွေ တဖြည်းဖြည်း နည်းလာခဲ့တယ် ဆိုရာမှာလည်း သင်္ကြန်နောက်ခံ ဖြစ်ရမှာ ဖြစ်တဲ့အတွက် ဇာတ်လမ်းရှာရတဲ့ နေရမှာအခက်အခဲ ရှိတာမျိုး၊ ဇာတ်လမ်း၊ ဇာတ်ကွက် ရိုးအီလာတဲ့အတွက် ပရိတ်သတ် စိတ်ဝင်စားမှုနှုန်း ကျဆင်း သွားတာမျိုးလည်း ရှိတယ်လို့ ဒါရိုက်တာ ညီညီထွန်းလွင်က သုံးသပ်ပါတယ်။
“ကျနော်တို့ ဗီဒီယို တိတ်ခွေခေတ် လောက်တုန်းကဆိုရင် မရိုက်မနေရ၊ စီးပွားရေးသဘောအရ ဆိုရင်လည်း သင်္ကြန်ကားဆိုရင် အကုန်ယူတယ်။ ကောင်ကောင်းမကောင်းကောင်း၊ မင်းသားမင်းသမီး ဘယ်သူဖြစ်ဖြစ်၊ သင်္ကြန်ဇာတ်လမ်းဖြစ် ပြီးရော။ မြန်မာပြည်မှာ အဲဒီလိုအခြေအနေက ရှိခဲ့တယ်။ သူက ဈေးကွက် ဝင်တယ်ဆိုတဲ့ သဘောပေါ့။ နောက်ပိုင်းကျတော့ ဒီလို လုပ်လာတာတွေဟာ ရိုးသွားရော၊ သင်္ကြန် ဇာတ်လမ်းတိုင်းလည်း မရောင်းရတော့ဘူး၊ မငှားရတော့ဘူး။ အဲဒီ အပေါ်မှာမူတည်ပြီး တဖြည်းဖြည်း နှစ်တွေလည်း ကြာလာရော ဒါကြီးဟာ ရိုးသလိုဖြစ်သွားပြီးတော့ သင်္ကြန်ဇာတ်လမ်း ဆိုတာကို မရိုက်ကြတော့တာ။ စီးပွားရေးအနေနဲ့ ဈေးကွက်မဝင်တော့ဘူးပေါ့။ ထုတ်လုပ်သူတွေကလည်း စိတ်မဝင်စားကြတော့ဘူး။ နောက်တခုက ဇာတ်လမ်းရှာရတာလည်း မလွယ်ဘူး။ ကျနော်တို့ကို ရိုက်ခိုင်းလည်း ဖျစ်ညှစ်ပြီး ဇာတ်လမ်းကို ဖန်တီးရတာကိုး။ ဒီတော့ ပရိသတ်ကလည်း စိတ်ဝင်စားမှု နည်းလာတာပေါ့။ သင်္ကြန်ကို အခြေခံထားတဲ့ ဝတ္ထုကောင်းကောင်း ရှာမယ် ဆိုတော့လည်း မရှိဘူး။ ကိုယ့်ဘာသာကိုယ် ဖန်တီးကြရတာကိုး။ ဇာတ်လမ်းအနေနဲ့ စဉ်းစားတဲ့ နေရာမှာလည်း ဘောင်ကျဉ်းပါတယ်” လို့ ဒါရိုတ်တာ တယောက်ရဲ့ အမြင်ကို သူက ပြောပါတယ်။
ဒီလို မရိုက်မနေရ တိပ်ခွေခေတ် ကာလတွေက သင်္ကြန် ဗီဒီယို ဇာတ်ကားတွေထဲမှာလည်း အရေအတွက် များပြားခဲ့ပေမယ့် အရမ်းပေါက်ပြီး ထူးထူးခြားခြား ထွက်လာခဲ့တဲ့ ဇာတ်ကားရယ်လို့ မရှိခဲ့ဘူးလို့လည်း ဦးညီညီထွန်းလွင်က ဆိုပါတယ်။
ဒါကြောင့်လည်း သင်္ကြန်နား နီးပြီဆိုရင် အရင် သင်္ကြန် ဇာတ်ကားဟောင်းတွေဖြစ်တဲ့ မောင်တို့ ချယ်ရီမြေ၊ သင်္ကြန်မိုး စတဲ့ ဇာတ်ကားတွေကိုပဲ ပရိတ်သတ်က မရိုးနိုင် မအီနိုင် ပြန်လည် ခံစားကြရပြန်တာပါ။
ဒီလို ဈေးကွက်အရ၊ အနုပညာအရပါ တဖြည်းဖြည်း နည်းပါးလာတဲ့ သင်္ကြန်နောက်ခံ ဇာတ်ကား၊ သင်္ကြန်တေးသီချင်း ထွက်ရှိမှုတွေဟာ အခုလို နည်းပါးရာကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားမယ့် အနေအထားများ ရောက်လာမလားလို့ မစပ်စု စိုးရိမ်မိတာတော့ အမှန်ပါ။
“ဒါကိုတော့ ကျနော်မစိုးရိမ်ပါဘူး။ ကျနော်မြင်တာတော့ သင်္ကြန်ဆိုတာက ကမ္ဘာတည်သရွေ့၊ မြန်မာတည်သရွေ့ ကတော့ ရှိနေမှာပဲ။ သင်္ကြန်နဲ့ မြန်မာဆိုတာ ခွဲခြားလို့ မရပါဘူး။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲမှာ သင်္ကြန်ဟာ လူတွေရဲ့ အသွေးထဲ၊ အသားထဲမှာ အစွဲမက်ဆုံး ပွဲတော်တခုပဲ။ သီတင်းကျွတ် ရောက်ပြီဆိုလို့ လူတွေ မရိုးမရွ မဖြစ်ရင်နေမယ်၊ သင်္ကြန်ရောက်ပြီ ဆိုရင်တော့ ကြီးကြီးငယ်ငယ် အကုန်လုံးရဲ့ အတွေးထဲမှာ သင်္ကြန်ကိုချစ်တဲ့ စိတ်က ရှိနေတာကိုး။ ဒီစိတ်တွေ ရှိနေသမျှတော့ သင်္ကြန်နဲ့ ပတ်သက်လို့ ဖန်တီးတဲ့ အနုပညာပစ္စည်းတွေ ဖြစ်တဲ့ ကဗျာ၊ သီချင်း၊ ပန်းချီ၊ ဓာတ်ပုံ၊ ရုပ်ရှင်တို့ဆိုတာ ပျောက်ကွယ်သွားစရာ မရှိဘူးလို့ မြင်ပါတယ်။ အရေအတွက်အားဖြင့် ခေတ်ကာလ အလျောက် နည်းပါးချင် နည်းပါးပါလိမ့်မယ်” လို့ သင်္ကြန်မိုးဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ ဦးဇင်ဝိုင်းက သူ့အမြင်ကို ပြောပါတယ်။
ဦးဇင်ဝိုင်းရဲ့ အဆိုအရ မြန်မာဆိုတာ ရှိနေသရွေ့ သင်္ကြန်ဆိုတာ ရှိနေဦးမယ်ဆိုတော့ သင်္ကြန်ရဲ့ အနှစ်သာရ အနုပညာ ပစ္စည်းတွေလည်း မြန်မာတည်သရွေ့ ဒီထက်ပိုပြီး တိုးတက်ထွန်းကားလာ နိုင်ပါစေလို့ မစပ်စု ဆန္ဒပြုလိုက်ပါတယ်။