ဒါရိုက်တာ ဂီတသမား အောင်ကိုလတ်က သူ့စိတ်တိုင်းကျ ရိုက်ကူးထားတဲ့ ‘ကယန်းအလှ’ ရုပ်ရှင်ဇာတ်ကားကို တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ကယန်းအလှ ဇာတ်ကားကို ဒါရိုက်တာ အောင်ကိုလတ်က ၂၀၀၈ ဇန်နဝါရီကနေ ဧပြီလအထိ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
၃ လလောက် အချိန်ယူခဲ့ရပြီး ကယားပြည်နယ်နဲ့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၁ လ၊ နောက်ထပ် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်နယ်စပ် ဖယ်ခုံ၊ မိုးဗြဲ၊ ပန်ပဲ့၊ ရော်ဘာခို၊ တီမောဆိုး၊ ဒုံးပြန်ခ စတဲ့ဒေသတွေမှာ ၂ လကျော် အကြာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်တယ်လို့ ဒါရိုက်တာ အောင်ကိုလတ်က ဆိုပါတယ်။
Aung Ko Latt Motion Pictures Present က ထုတ်လုပ်ပြီး ဒါရိုက်တာ အောင်ကိုလတ်နဲ့အတူ အကြံပေး Hector Carosso တို့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကယန်းမျိုးနွယ်စုတွေရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ကယန်း တိုင်းရင်းသား တွေက သရုပ်ဆောင် ထားကြပါတယ်။
ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်ကနေ ဒီလကုန်ပိုင်းလောက်မှာ သူ့ဇာတ်ကား ပါဝင် ယှဉ်ပြိုင်ခွင့် ပေးမပေး အဖြေ ပြန်ထွက် လာမယ် ဆိုတဲ့အကြောင်း၊ ပါဝင် ပါဝင်ယှဉ်ပြိုင်ခွင့် ရပြီး ဆုရရင်တော့ တိုင်းပြည် အတွက် နောက်ထပ် ဆုတဆု ထပ်ရမှာ ဖြစ်တယ်လို့ ဦးအောင်ကိုလတ်က ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာအောင်ကိုလတ်ဟာ ကယန်းအလှရုပ်ရှင် ဇာတ်ကားနဲ့ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ AIFFA 2013 (Asian International Film Festival and Award) ရုပ်ရှင်ပွဲတော်မှာ Special Jury Award ဆုကို ဆွတ်ခူးခဲ့ပြီး ဖြစ်ပါတယ်။ AIFFA 2013 ကိုမလေးရှားနိုင်ငံ ဆာရာဝမ်မှာ ၂၀၁၃ မတ် ၂၈၊ ၂၉၊ ၃၀ နေ့တွေက ကျင်းပခဲ့ပါတယ်။
သူက ကယန်းအလှ ဇာတ်ကားနဲ့ပတ်သက်ပြီး “ဒီကားက မြန်မာ့သမိုင်းမှာ အကောင်းဆုံး ရုပ်ရှင်ကွာလတီလို့ ပြောလို့ ရပါတယ်။ ၂၀၀၈ ခုနှစ် ဒီရုပ်ရှင်ကား စထွက်လာတဲ့ အချိန်မှာပေါ့နော်၊ နောက် နိုင်ငံတကာ စံချိန်အရ အကောင်းဆုံး ဖြစ်လို့ ရွေးချယ် ခံရတာပေါ့နော်။ ရှေ့လျှောက် မြန်မာကားတွေ ဒီလိုပဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပြပါတယ်။
တရုတ်နိုင်ငံ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပေမယ့် ပွဲတော်ရဲ့ အခြေအနေ အတိအကျကိုတော့ သေချာ မသိသေးကြောင်း ဦးအောင်ကိုလတ်က ပြောပါတယ်။
“ကျနော်က ပထမဆုံး ရွှေကြက်ဖမှာ ပြိုင်တာ၊ ပွဲအခြေအနေကို ကျနော်လည်း မသိဘူး။ ကျနော်က ရုပ်ရှင်သမားလို့ ပြောလို့ရပေမယ့် ရုပ်ရှင်အကြောင်း သိပ်မသိဘူး။ ရုပ်ရှင်အလိုက် ပြိုင်ရတဲ့ ခံစားချက်မရှိပါဘူး။ ဟိုတလောကတော့ အာဆီယံ ရုပ်ရှင်ပြိုင်ပွဲမှာ ဆုရတယ်။ အခု ဒုတိယ အနေနဲ့ တရုတ်ပြည် သွားပြိုင်မယ် ဆိုတော့ ပြိုင်မယ်ပေါ့။ စာရင်း ပေးမလား ဆိုတော့ ပေးမယ်ပေါ့။ ပွဲတော် အခြေအနေတော့ မသိပါဘူး။ မတတ်လည်း မတတ်ဖူးပါဘူး” လို့ သူက ဆက်ပြောပါတယ်။
အာဆီယံဆု တခုရခဲ့ပြီးပေမယ့် ရွှေကြက်ဖ ပွဲတော်မှာတော့ မျှော်လင့်ချက် သိပ်မထားရဲသေးကြောင်း ဆုရရင်တော့ ကယန်း အလှကြောင့် နိုင်ငံအတွက် နောက်ထပ် ဆုတဆု ထပ်ယူပေးနိုင်မှာ ဖြစ်လို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။
“အခုချိန်မှာ ဘာမှ မမျှော်လင့်ထားတာ ကောင်းတယ်။ ဆုလည်း မမျှော်မှန်းထားဘူး၊ ဒိုင်တွေ ဆုံးဖြတ်တာ ခံရမယ်။ ရခွင့်ရှိမယ် ဆိုရင်တော့ ယူမှာပေါ့။ ဒီကားကလည်း ၂၀၀၇ လောက် ကတည်းက စိတ်ကော လူပါ ပင်ပန်းခဲ့တာ ဆိုတော့ ဒီအပေါ်မှာ သိပ် မမျှော်လင့်တော့ပါဘူး။ အေးအေးဆေးဆေးပါပဲ” လို့ ပြောပါတယ်။
ကယန်းအလှ ဇာတ်ကားဟာ စိတ်ရောလူပါ ပင်ပန်းခဲ့ရပြီး အချိန်များစွာ ယူခဲ့ကြရလို့ ကုန်ကျစရိတ်ကို မေးတဲ့အခါ ဦးအောင်ကိုလတ်က “ကုန်ကျစရိတ်ကို အခုချိန်အထိ မတွက်ရသေးပါဘူး။ တခြား မြန်မာကား ၄၊ ၅၊ ၆ ကားလောက် သူများ ရင်းနှီးတာလောက် ကုန်မယ်ထင်ပါတယ်။ ဒီကားမှာက နည်းပညာ ကလည်း ကောင်းတာကိုး” လို့ ရှင်းပြပါတယ်။
ကယန်းအလှဇာတ်ကားကို ၂၀၁၃ သြဂုတ်လမှာ ရန်ကုန်တိုင်းမှာ ရုံတင် ပြသမှာ ဖြစ်တယ်လို့ အောင်ကိုလတ်က ဆက်ပြော ပါတယ်။
“သြဂုတ်လ ၉ ရက်မှာ ကယန်းအလှကို မြန်မာပြည်မှာ ပြပါမယ်။ ထုံးစံအတိုင်း ရုပ်ရှင်ရုံတွေ အားလုံးမှာ ပြပါမယ်။ အဲဒီ အတွက် ကော်ပီတွေကို နိုင်ငံခြားမှာ ကူးထားတာ သွားယူရမယ်။ ဒီ့ပြင် နိုင်ငံ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြိုင်လို့ရအောင် ကျနော့် ဇာတ်ညွှန်းရေး ဆရာက စီစဉ်ပေးနေပါတယ်။ နိုင်ငံတကာ ဖြန့်ဖြူးရေး ကိုတော့ ထိုင်ဝမ်က မိတ်ဆွေ တယောက်က ကူညီနေပါတယ်။ ဖြစ်မဖြစ်တော့ မသိသေးပါဘူး။ အခုထိတော့ ကယန်း အလှက ပိုက်ဆံတပြားမှ မဝင်သေးပါဘူး။ ကုန်နေတာကတော့ ၂၀၀၈ ကတည်း ဖြစ်ပါတယ်။ နောက် အကွဲဆုံးကား ဖြစ်မယ် ထင်ပါတယ်။ ပြဿနာ မရှိပါဘူး။ ဆက်ကွဲပါမယ်” လို့ ပြောပါတယ်။
ဒါရိုက်တာအောင်ကိုလတ်က ၂၀၁၄ မှာ ကယန်းအလှထက် ပိုကောင်းမယ့် ဇာတ်ကားတကား ရိုက်ဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။
“နောက်တကား အစီအစဉ်ကိုတော့ ကြိုမပြောပါရစေနဲ့။ မြန်မာပြည်မှာက အိုင်ဒီယာ ခိုးတဲ့ကောင်တွေ များ၊ ခိုးရင်လည်း တရားစွဲ မရတော့ မပြောတာ ကောင်းတယ်။ နိုင်ငံတကာ Copy Right Law မှာက ကျန်တာကို ဆွဲလို့ ရတယ်။ ဥပမာ သီချင်းကို တဝက်ခိုးတာ၊ တစိတ်ခိုးတာ ဆွဲလို့ရတယ်။ အိုင်ဒီယာ ပိုင်းကိုကျတော့ တပြိုင်တည်း ကိုယ့်ဟာကိုယ် ကြိုလုပ်ရင် ကိုယ်ကဂန့်သွားရော။ ကိုယ်က အိုင်ဒီယာကောင်းတွေကို နှစ်ပေါင်းများစွာ မွေးစုထားရတာ။ အိုင်ဒီယာ အတွက် စာကျက်၊ Dataသွားရှာ။ ခေါက်တုံ့ ခေါက်ပြန် ဝင်လိုက်ထွက်လိုက်။ ကောင်းဖို့ လုပ်တာမှာ ကောင်းတဲ့ အိုင်ဒီယာကို ခိုးတဲ့ကောင်က ၁၅ မိနစ်လောက်နဲ့ ခိုးပြီး ကိုင်လိုက်ရင် ကိုယ်ကမှောက်ရော၊ မပြောပါရစေနဲ့၊ ပြီးမှပဲ ပြောတော့မယ်” လို့ သူက ပြောပါတယ်။
တေးသံရှင် ဒါရိုက်တာ ဂီတသမား အောင်ကိုလတ်က ရော့ခ်အင်ရိုး တေးဂီတသမား တဦး ဖြစ်ခဲ့ပါတယ်။ တချိန်က Band Leader၊ ဂီတမှူး၊ တေးရေးဆရာ၊ အဆိုတော်၊ ညီအစ်ကိုများ တေးဂီတအဖွဲ့ရဲ့ ခေါင်းဆောင်၊ Lead ဂီတာသမား အဖြစ် ရပ်တည်ခဲ့ပြီး အဆိုတော်တွေလည်း အများကြီး မွေးထုတ်ခဲ့ပါတယ်။ စိမ်းမို့မို့၊ မင်းအောင်တို့ဟာ အောင်ကိုလတ် မွေးထုတ်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဒုတိယ ဘဝအနေနဲ့ ဂျပန်နိုင်ငံမှာ ဂျပန်စာသင်ပြီး ၄ နှစ် ဒီပလိုမာ ယူပြီး ကင်မရာ၊ ရုပ်သံပညာတွေ သင်ပြီးတော့ ပြန်လာတယ်။ ၁၉၉၅ မှာ မြန်မာ့ အနုပညာ လောကထဲ ပြန်ဝင်လာခဲ့တယ်။ Aung Ko latt Motion Pictures Present ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်ပြီး ကြော်ငြာများနဲ့ ကယန်းအလှ ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။