မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ဒေသတွင် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဒေသခံတချို့၏ နဂါးမောက်သီးနှင့် လက်ဖက်ခင်း စိုက်ပျိုးမှုကြောင့် ရေထွက်ပေါက်အများအပြား ပျက်စီးပြီး ရေရရှိမှု နည်းပါးကာ ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်း မြို့နယ်ဝန်းကျင်၌ ရေရှားပါးမှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ရေရှားပါးမှုကို ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၂၆ ရွာတွင် အဓိက ကြုံတွေ့နေရသည့်အပြင် ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ပုဂံ-ညောင်ဦး ဒေသများတွင်လည်း ယင်းသို့ ကြုံတွေ့နေရကြောင်း သိရှိရသည်။
“ကုမ္ပဏီက လက်ဖက်တွေ စိုက်တယ်၊ နားမလည်သေးဘူး။ လက်ဖက်တွေ မအောင်မြင်တော့ နဂါးမောက်တွေ ပြောင်းစိုက်တယ်၊ နားမလည်သေးဘူး။ နောက်ဆုံး ပုပ္ပားတောင်က ရေကိုမရတော့မှ အားလုံးလန့်ကုန်ကြတယ်။ ဒီပုပ္ပားရေကိုပဲ ပိုက်လိုင်းတွေနဲ့ သွယ်ပြီးတော့ ရေဖြန့်ဝေပေးတာပါ။ ဒီအပူပိုင်းဒေသက ရေတွေက ငန်တယ်၊ သောက်လို့မကောင်းဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် (ကျောက်ပန်းတောင်းမြို့နယ်) တိုင်းညီလာခံ ပေါ်ပေါက်လာရေးအဖွဲ့ဝင် ဦးအေးခိုင်က ပြောသည်။
ပုပ္ပားတောင် တကြောလုံးတွင် ရေထွက်ပေါက်ပေါင်း ၁၅၀ ကျော်ရှိရာမှ ယခုနှစ်တွင် ၆၀ ခန့်သာ ကျန်ရှိတော့ကြောင်း၊ ယင်းကျန်ရှိနေသေးသည့် ရေထွက်ပေါက်များမှာလည်း မိုးရာသီရောက်မှာသာ ရေထွက်သည့် ရေထွက်များလည်း ရှိကြောင်း သိရသည်။
ပုပ္ပားတောင်မကြီးပေါ်တွင် မြန်မာ့သစ်တောဦးစီးဌာနနှင့် တင်ဝင်းထွန်းကုမ္ပဏီ ဖက်စပ် လက်ဖက်စိုက်ခင်းဟု နာမည်တပ်ထားသော စိုက်ခင်းဧက ၅၀၀ ခန့်ရှိပြီး တောင်စောင်းတလျှောက်ရွာများမှ ဒေသခံများ၏ နဂါးမောက် စိုက်ခင်းများလည်း ရှိကြောင်း သိရှိရသည်။
“ပုပ္ပားဆိုတာရှိလို့ ကျောက်ပန်းတောင်းဆိုတာ ဖြစ်လာတာ၊ ပုပ္ပားသာမရှိတော့ရင် ကျောက်ပန်းတောင်း ပျက်သွားလိမ့်မယ်။ အနားကရွာတွေလည်း ကန္တာရဖြစ်သွားမှာ အသေအချာပဲ။ ပုပ္ပားရှိလို့ ဒီနယ်ကလူတွေ ရေသောက်နေရတာ” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းက ပြောသည်။
ပုပ္ပားအနီးတဝိုက်တွင် ရရှိသည့်ရေများသည် မြေအောက်ရေ သီးသန့်မဟုတ်ဘဲ မိုးရာသီတွင် ရရှိသည့်ရေများကို ပေ ၂ ထောင်နက်သည့် မီးတောင်တွင်းကြီးထဲတွင် သိုလှောင်ထားသည့် မိုးရေများသာဖြစ်ကြောင်း၊ ယခုကဲ့သို့ စိုက်ခင်းများကြောင့် တောပြုန်းပြီး ရေများအငွေ့ပျံမှု ပိုများလာကာ သိုလှောင်ထားနိုင်စွမ်း နည်းလာခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ယင်းဒေသများ၌ မိုးခေါင်ခဲ့ခြင်းကြောင့်လည်း ယခင်နှစ်များထက် ရေပြဿနာ ပိုဖြစ်လာရခြင်းဖြစ်ကြောင်း၊ အနည်းငယ်သာရရှိသည့် တောင်ပေါ်ရေထွက်တချို့မှ ရေများကို တောင်ခြေရှိ အမှတ် ၇၈ ခြေလျင်တပ်ရင်းကသာ ယူသုံးနေကြောင်း၊ ပုပ္ပားတောင်ပေါ်ရှိ ရွာများတွင်လည်း ရေအလုံအလောက် မရသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းများလည်း အနည်းအကျဉ်းသာ လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ရေတစည်လျှင် ကျပ် ၁၀၀၀၊ ထော်လာဂျီနှင့် ပို့သည့် ရေတစည်လျှင် ကျပ် ၃၀၀၀နှင့် ကျပ် ၅၀၀၀ ကြား ဝယ်သုံးရကြောင်း ကျောက်ပန်းတောင်းမြို့ပေါ်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဦးမွတ်တားက ဆိုသည်။
ပြည်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခုဖြစ်သည့် EcoDev အဖွဲ့မှ တာဝန်ရှိသူ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးမျိုးဝင်းသူက “စိုက်ခင်းတွေကြောင့်သာ မဟုတ်ဘူး။ ဟိုတယ်တွေက ရေကို ပြန်သန့်စင်သုံးတာ မရှိဘဲ အလကား အလဟဿ စွန့်ထုတ်ပစ်နေတာကြောင့်လည်း ပါတယ်။ ဒီလို ရေရှားပါးနေတဲ့ အခြေအနေမှာ ဟိုတယ်တွေရဲ့ ရေသုံးစွဲတဲ့စနစ်ကို နည်းပညာအကူအညီနဲ့ ထိန်းချူပ်ဖို့လိုနေပြီ” ဟု ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လက်ထောက်အင်ဂျင်နီယာ ဦးအေးဇော်မြင့်က ယင်းဒေသများသည် မိုးခေါင်ရေရှားဒေသများ ဖြစ်သောကြောင့် ရေရှားပါမှုပြဿနာကို ဖြေရှင်းပေးနိင်ရန် ရည်ရွယ်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်းမြို့ အနီးရှိ ဆယ်ပေါက်ရွာတွင် ပိုက်နှင့် ရေစုပ်တင်သည့် ရေတွင်းပေါင်း ၈ တွင်း တူးထားကြောင်း၊ ရေဂါလန် ၂ သိန်းနှင့် ဂါလန် ၁ သိန်း ၂ သောင်း ဆံ့သည့် ရေကန်ကြီး ၂ ကန်မှနေ၍ မြို့ပေါ်ရှိ ဂါလန် ၉၂၀၀၀ ဆံ့သည့် ကန် ၉ ကန်သို့ ရေပို့ပေးခဲ့ကြောင်း သိရသည်။
သို့သော် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ပြီး ပုပ္ပားတောင်ရှိ ရေထွက်ပေါက်များမှ ရေရရှိမှုနည်းလာကာ မြို့နယ်များအား လုံလောက်အောင် ရေပေးနိင်စွမ်း မရှိတော့ကြောင်း၊ ထို့ကြောင့် ၂၀၁၁ ခုနှစ်မှစ၍ ကျောက်ပန်းတောင်းမြို့နှင့် လေးမိုင်ခန့်ဝေးသည့် အင်တောရွာတွင် ရေဂါလန် ၂ သိန်းဆံ့သော ရေကန်နှင့် ရေတွင်းပေါင်း ၅ တွင်း တူးထားခဲ့သော်လည်း ယခုနှစ်အထိ ပိုက်လိုင်းများ သွယ်တန်းခွင့်မကျသေးသည့်အတွက် ယခုနှစ် ရေရှားသည့်ပြဿနာအား ဖြေရှင်းပေးနိုင်စွမ်း မရှိသေးကြောင်း သိရသည်။
“ငွေမရှိရင် ရေမရှိဘူးဗျ။ နွေရောက်ရင် ရေရဖို့ ပိုက်ဆံများများ ရှာထားမှရတော့မယ်။ ရေရရှိဖို့နဲ့ ပုပ္ပားတောင်ကို ပြန်လည်ထိန်းသိမ်းပေးဖို့အတွက် ကျောက်ပန်းတောင်း လွှတ်တော်ကိုယ်စားလှယ်ကိုလည်း စာတင်ထားပါတယ်” ဟု ပုပ္ပားတောင်ပြန်လည်ထိန်းသိမ်းရေး ဆောင်ရွက်နေသော ပုပ္ပားတောင်ချစ်သူများအဖွဲ့မှ ကိုရဲဝင်းအောင်က ပြောသည်။
သြဂုတ်လ ၂၀ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးအုန်းနှင့် ဦးဝင်းမျိုးသူ တို့က ဦးဆောင်ပြီး ပုပ္ပားတောင်ချစ်သူများအဖွဲ့အား ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဒေသခံအင်အား ၃ သောင်းက ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများထံ တောင်းဆိုခဲ့ကြသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း၊ ဒေသခံများနှင့် ပုပ္ပားတောင်ချစ်သူများအဖွဲ့တို့က ပူးပေါင်းပြီး တောင်ပေါ်နှင့် ကျောက်ပန်းတောင်းမြို့တို့တွင် အစည်းအဝေးများ ပြုလုပ်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကျောက်ပန်းတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်မောင်အား အကူအညီတောင်းခံထားကြောင်း သိရသည်။