မြန်မာနိုင်ငံကို နိုင်ငံတကာက အာရုံစိုက်မှု များပြားလာချိန်တွင် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ များက ဦးဆောင်၍ စီမံကိန်းများနှင့် ပတ်သက်သည့် ဆန္ဒပြမှုများ မကြာခဏ ပြုလုပ်နေသည့်အတွက် ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အဟန့်အတား ဖြစ်လာမည်ကို တချို့သော ပြည်တွင်း စီးပွားရေး သမားများက စိုးရိမ်နေကြောင်း သိရသည်။
နိုင်ငံတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် စက်မှုကဏ္ဍ ထူထောင်ရေး အရေးကြီးကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက စက်ရုံများ လာရောက် ဆောက်လုပ်စဉ် သဘာ၀ ဝန်းကျင်ရေးရာကိစ္စ အကြောင်းပြု၍ ကန့်ကွက်ဆန္ဒပြနေမည် ဆိုပါက နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုများ ဝင်လာရန် နောက်တွန့်သွားနိုင်ကြောင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့သည့် ဩစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ Sean Turnell ၏ “မြန်မာနိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် လိုအပ်ချက်များ” အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ပြီး အထက်ပါ အမြင်များ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ကန့်ကွက် ဆန္ဒပြရခြင်းမှာ အိမ်နီးခြင်းနိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း စသည့် နိုင်ငံများက မြန်မာနိုင်ငံတွင် အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံကြရာ၌ သဘာ၀၀န်းကျင် ထိခိုက်စေသည့် အကျိုးဆက်များအား စစ်ဆေးရာတွင် နိုင်ငံတကာ၌ လုပ်ကိုင်ကြသကဲ့သို့ စနစ်တကျ လုပ်ကိုင်ခဲ့ခြင်းမျိုး မရှိကြောင်း၊ စနစ်တကျ မရှိခြင်းကို အဟန့်အတား မရှိပါက ဒေသခံပြည်သူများနှင့် သဘာ၀၀န်းကျင် အပေါ် ထိခိုက်မှုများ များပြားလာနိုင်ကြောင်း၊ ယင်း အချက်တို့ကြောင့် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူများက ပြောသည်။
“အခုလောလောဆယ် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး ဥပဒေ ထွက်တာတောင်မှ နည်းဥပဒေ မထွက်သေးဘူးလေ။ အဲဒီတော့ ဘာပဲပြောပြော သိက္ခာရှိတဲ့ Branded ကုမ္ပဏီကြီးတွေက ဒီလို အောက်ဈေးနဲ့ ဝင်မလာဘဲနဲ့ လုပ်နည်း ကိုင်နည်း တွေက အစ နိုင်ငံတကာ စံနှုန်းအရ အဆင့်မီမီ အလုပ်လုပ်ရမယ်။ ကျမတို့ နိုင်ငံအတွက်က တကယ့် စည်းစနစ်ရှိတဲ့ နိုင်ငံခြား တိုင်းပြည်တွေက မလာမှာ ကြောက်စရာ မရှိပါဘူး” ဟု သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ အောင်ပင်လယ် သဘာ၀၀န်းကျင် မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်က ဧရာဝတီသို့ ပြောသည်။
ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာပါက စနစ်မကျမှုများ၊ အဟန့်အတား မရှိခဲ့မှုများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း၊ ဆန္ဒပြမှုများ ရှိနေသောကြောင့် ဥပဒေပြုသူများအပါအဝင် အစိုးရကပါ ပြည်သူများ၏ အသံကိုနားထောင်၍ လိုအပ်ချက်များ ဖြည့်ဆည်းကာ ဥပဒေကို ပြဌာန်းနိုင်မည်ဖြစ်ကြောင်း သဘာ၀ ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ တဦးက ရှင်းပြသည်။
သဘာ၀၀န်းကျင် ထိခိုက်စေသည့် စီးပွားရေး လုပ်ငန်းများအား ကန့်ကွက်သည့် လှုပ်ရှားမှုများသည် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်မှုမှ စတင် အရှိန်ရလာခဲ့ခြင်းဖြစ်ပြီး ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊ ပုဂံဝန်းကျင် ဟိုတယ်များ ဆောက်လုပ်ခွင့် မပြုရေး စသည်ဖြင့် ဆက်တိုက် လှုပ်ရှားခဲ့ကြသည်။
“စီးပွားရေးနဲ့ သဘာ၀၀န်းကျင် သဟဇာတ မဖြစ်ဘဲ ပျက်စီးစေတာတွေက တခြားနိုင်ငံတွေ မှာလည်း ဖြစ်ခဲ့ဖူးတယ်။ တရုတ်မှာလည်း ဖြစ်တယ်၊ ဗီယက်နမ်မှာလည်း ဖြစ်တယ်။ အဲဒီလို ဖြစ်နေတာတွေကို အမြဲတမ်း စောင့်ကြည့်ပြီး ထောက်ပြဖို့ အတွက်က အားလုံးမှာ တာဝန်ရှိပါတယ်” ဟု မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သတ်၍ ပါမောက္ခ Sean Turnell က အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခဲ့သည်။
အဆိုပါ ကိစ္စကို ဖြေရှင်းရန် Sean Turnell က အကြံပေးရာ၌ သဘာ၀၀န်းကျင် ညစ်ညမ်းစေမည့် စီးပွားရေး လုပ်ငန်းများကို ဒဏ်ကြေး မြင့်မားစွာ ချမှတ်ခြင်းအားဖြင့် ကာကွယ်နိုင်ကြောင်း၊ ဒဏ်ကြေးမြင့်သဖြင့် အဆိုပါ လုပ်ငန်းအား လုပ်ကိုင်ရန် မက်လုံး နည်းသွားမည် ဖြစ်ကြောင်း၊ မက်လုံးနည်းသွားခြင်း အားဖြင့် အဆိုပါ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် အလားအလာ နည်းသွားမည်ဖြစ်ကြောင်း အကြံပြု ရှင်းပြသည်။
ပထမ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌနှင့် လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “ဒီလို ဆန္ဒပြတဲ့ အတွက် ဝင်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကို အဟန့်အတားကြီးတော့ မဖြစ်ပါဘူး။ တကယ်တမ်း ကုန်ပစ္စည်း ထုတ်လုပ်တဲ့ အခါကျတော့ သူတို့ နိုင်ငံမှာ လက်မခံချင်တာကို ဒီဘက်ကို လာလုပ်ချင်တယ်၊ ဒီဘက်ကလည်း ကြိုတင်သိတော့ ဒါကိုတားကြတာပေါ့။ အမှန်ကတော့ သူတို့ နိုင်ငံမှာ လက်ခံလို့ ရတဲ့ဟာမျိုးဆို ဒီမှာလည်း လက်ခံလို့ ရပါတယ်။ သဘာ၀၀န်းကျင် အနှောင့်အယှက်မဖြစ်ဘူး ဆိုရင် ပြီးသွားတာပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေပြည်တော်၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ Myanmar Global Investment ဖိုရမ်တွင် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ဒုတိယဝန်ကြီး ဦးထင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ်တို့ အပါအဝင် ပြည်တွင်း ပြည်ပမှ ပညာရှင်များက စွမ်းအင်ကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ မြေယာနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာများ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။